>Law Eh Soe – Bicycle

>

အချိန်ကပေးလိုက်သော အဖြေတခု
လောအယ်စိုး
နိုဝင်ဘာ ၁၇၊ ၂၀၁၀
တကယ်ပါ၊ စက်ဘီးတစီးရဲ့တန်ဖိုးကို ကျေးလက်တောရွာနေ ပြည်သူလူထုက ပိုလို့ နက်နက်နဲနဲကြီးသိတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဟိုဘက်ရွာ ဒီဘက်ရွာကို ကိစ္စအကြောင်းအရာ တခုခုကြောင့် သွားရခြင်း၊ လေးငါးမိုင်ဝေးသော မိမိနေထိုင်သည့်ရွာမှ အလယ်တန်း၊ အထက်တန်းကျောင်းတို့ရှိရာ အရပ်သို့ နံနက်စောစောအိမ်က စက်ဘီးကလေးနင်းပြီးသွားခဲ့ရသော ၎င်းတို့၏အတွေ့အကြုံများကို ယနေ့တိုင် သူတို့တတွေ မမေ့နိုင်ကြဘဲ မှတ်မှတ်ရရရှိနေဆဲလို့ ကျွန်တော်ထင်ရင် မမှားလောက်ပါဘူး။

ကျွန်တော်တို့မိသားစုအတွက်တော့ ခုနှစ်တန်းကျောင်းသားဘဝအထိ စက်ဘီးတစီးတောင် မပိုင်ဆိုင်နိုင်ခဲ့သေးပါ။ ကာလကတော့ ၁၉၈၃ ခုနှစ်လောက်ကပေါ့။ ဒီကြားထဲ ကိုယ်ပိုင်မဟုတ်ပေမယ့် ကျေးလက်ကျန်းမာရေးဌာနမှာ ဝန်ထမ်းအဖြစ်ထမ်းဆောင်သော မိခင်အတွက် ယူနီဆက်မှ ထုတ်ပေးသော ရာလေး မိန်းမစီး စက်ဘီးကလေးကို ခဏ စီးခွင့်ရခဲ့ပါသေးတယ်။ အစိုးရရဲ့ တာဝန်ပေးချက်အရ တနေရာမှ အခြား ကျေးလက်နေရာသစ်တခုကို ပြောင်းတော့ ကျွန်တော်တို့တတွေ ဒီစက်ဘီးကလေးကို ဝမ်းနည်းစွာနဲ့ အပ်နှံခဲ့ရပါတယ်။

ရွာမှ ကျောင်းနေဘက် သူငယ်ချင်းများရဲ့ဖခင်တွေ တဖက် ထိုင်းနိုင်ငံမှ အရောင်းအဝယ်ကိစ္စနှင့် နယ်စပ်မှပြန်လာသောအခါ ၎င်းတို့ရဲ့သားသမီးတွေအတွက် စက်ဘီးတွေ ဝယ်လာပေးတတ်တယ်။ သူတို့တတွေ စက်ဘီးအသစ်ကလေးတွေ နင်းပြီးတော့ ကျောင်းကိုလာရင် ကျနော်လည်း ကိုယ်ပိုင်စက်ဘီးကလေးတစီး ပိုင်ဆိုင်ချင်လာသောစိတ်ကို ဘယ်လိုမှ ကြိုးစားပြီးထိန်းချုပ်လို့မရခဲ့ပါ။ ကိုယ်က သာမန်မိသားစုဆိုတော့ သူတို့တွေနဲ့ ဘယ်လိုမှ မယှဉ်နိုင်ခဲ့ပါဘူး။

တရက် ညနေပိုင်း ကျနော် ကျောင်းကဆင်းတော့ ဟာ … အဖေတယောက် စက်ဘီးအသစ် တစီးကိုနင်းပြီး အိမ်ကိုပြန်လာတယ်။ မောင်ဗမာအနက်ရောင် ယောက်ျားစီးလေး။ ညီအကိုသုံးယောက် ဝမ်းသာလွန်းလို့ ယောက်တလှည့်စီ နင်းကြတယ်။ “အေး … ငါ သမဝါယမဆိုင်က ထုတ်လာတာလို့ အဖေက ကျနော်တို့ကို ပြောပြပါတယ်။ ပေးခဲ့ရသော တန်ဖိုးက ၉၇၅ ကျပ်။ အစိုးရဈေးနှုန်းနဲ့ရတော့ ဈေးတော်တာပေါ့။ အပြင်ပေါက်ဈေးက ၁၂၀၀ သို့မဟုတ် ၁၃၀၀ ကျပ်လောက်ကို ပေးရတာ။ အဲဒီနေ့ကစပြီး ညနေဆရာ။ အိမ်ကိုသွားပြီး စာသွားကျက်ရင်လည်း မောင်ဗမာ။ သူငယ်ချင်းတတွေရဲ့ အိမ်ကိုသွားရင်လည်း မောင်ဗမာ။ အိမ်က မသိအောင် ရွာထိပ်ကချောင်းမှာ ရေသွားခိုးကူးရင်လည်း မောင်ဗမာ။

အဲ့ဒီအချိန်တုန်းက ရွာမှာ အဖေက သတင်းစာ အရောင်းကိုယ်စားလှယ်အနေနဲ့လုပ်တော့ သတင်းစာတွေကို လိုက်ပို့ရင်လည်း ဒီမောင်ဗမာ။ ကျွန်တော်တယောက် မောင်ဗမာနဲ့ ခွဲလို့မရအောင်ကို ဖြစ်သွားတော့တာပါပဲ။ စက်ဘီးရဲ့ဖင်ထိုင်ခုံ ပေါ်ထိုင်ပြီး နင်းရလောက်အောင် အရပ်ကမမီသေးတော့ မောင်ဗမာရဲ့ဘားတန်းကိုပဲ တစောင်းလေးထိုင်ကာ နင်းခဲ့ရသောအချိန်ပါ။ မောင်ဗမာနဲ့ ကျွန်တော်ရဲ့ ရွှေရောင်နေ့ရက်တွေ။

တရက် အဖေ ကျွန်တော့်မောင်ဗမာလေးကိုနင်းပြီး ရွာလယ်ကို ထွက်သွားတယ်။ သူ ပြန်လာတော့ ကျွန်တော်ရဲ့ မောင်ဗမာလေး မပါလာတော့ဘူး။ အေးပေါ့လေ တစုံတယောက် အဖေ့ဆီက ငှားသွားတာနေမှာပါလို့ မိမိဘာသာဖြေသိမ့်လို့ နေမိလိုက်တယ်။ စိုးရိမ်စိတ်တွေနဲ့ အဖေ့ကိုလည်း ကျွန်တော် မမေးရဲခဲ့တာ အမှန်ပါ။ အဖေကိုယ်တိုင်ကလည်း ကျွန်တော်ကို မဖြေပါ။ နှစ်ပတ်လောက်ကြာသည်အထိ ကျွန်တော် မောင်ဗမာလေး ပြန်မလာတော့ပါ။ ကျွန်တော် အလွန်မှ ကြေကွဲစိတ်ထိခိုက်ခဲ့ပါတယ်။

“ဟေ့ကောင် ဟိုနှစ်ပတ်လောက်က မင်းအဖေ မင်း နင်းနင်းနေတဲ့ မောင်ဗမာဘီးကို ထောင့်နှစ်ရာနဲ့ ဟိုဘက်ရွာကလူကို ရောင်းလိုက်တယ်ကွ” ဟု သူငယ်ချင်းတယောက်ပြောသောအခါ ကျွန်တော်ချစ်သော မောင်ဗမာကလေးကို အပြီးတိုင်စွန့်လွတ်လိုက်ရတာ တကယ်သေချာသွားပြီပဲ။ အဖေ … တခွန်းမှ ကျွန်တော့်ကို မောင်ဗမာလေးအကြောင်း မဟပါ။ ကျွန်တော် ဒီ မောင်ဗမာ စက်ဘီးကလေးကို ဘယ်လောက်အထိ နှစ်သက်မြတ်နိုးသလဲဆိုတာ အဖေတယောက် တကယ်အသိဆုံးပဲ မဟုတ်ပါလား။ အခုတော့ ကျွန်တော် နားလည်သိရှိခဲ့ရပါပြီ။

ကျွန်တော် မသိ နားမလည်ခဲ့တာကတော့ ထိုအချိန် လောကဒဏ်လှိုင်းတွေထဲမှာ ကျနော်တို့ မိသားစုကို အဖေ ဦးဆောင်ပြီး ရုန်းကန်ခဲ့ရတာတွေ နေ့စဉ်စားဖို့၊ အိမ်လခတွေ ပုံမှန်ပေးဖို့ကိစ္စ၊ မိသားစုဝင်တွေ နေမကောင်းရင် ဆေးကုသဖို့၊ အထွေထွေကိစ္စများအတွက် တပါးသူဆီမှာ တင်ကျန်နေတဲ့ အကြွေးတွေ စသော စသော ကိစ္စများကို ကျွန်တော် နားမလည်ခဲ့ပါဘူး။ အဖေ့ရင်ထဲက အပူ ဒုက္ခမီးတွေကို ကျွန်တော် ကြိုးစားပြီး နားမလည်ပေးခဲ့ပါဘူး။ ဝေမျှခံစားနိုင်လောက်အောင်လည်း အဲဒီအချိန် အဲဒီအရွယ်က ရင့်ကျက်မှုဆိုတာ ဘယ်ရှိမှာတုန်း။ ကျွန်တော်ထက်ကို အဖေတယောက် ပိုပြီးကြေကွဲစွာနဲ့ အဲဒီ မောင်ဗမာဘီးကလေးကို ရောင်းခဲ့ခြင်းပါ။

နှစ်ပေါင်း ၂၇ နှစ်ကျော်ကာလကို ကျွန်တော်တို့မိသားစုတွေ ဖြတ်သန်းခဲ့ကြတယ်။ သောက ကြေကွဲနာကျင်မှုတွေကို ပျော်ရွှင်ကြည်နူးမှုတွေနဲ့တလှည့် ကျွန်တော်တို့ ရင်ဆိုင်ကျော်လွှားခဲ့ကြတယ်။ ကြီးမားစွာသော ဘဝအပြောင်းအလဲတွေလည်း ကြုံတွေ့ခဲ့ပါတယ်။ အဖေတောင် အသက် ၇၀ ကျော်ခဲ့ပြီပဲ။ သို့ပေမယ့် အဖေနဲ့ကျွန်တော် ယနေ့တိုင် မပြောင်းလဲသေးတာ တခုရှိတယ်။ မောင်ဗမာ စက်ဘီးလေး အကြောင်းကို အသက် ၄၀ နားနီးကပ်နေပြီဖြစ်သော ၎င်းရဲ့သားကြီးကို ယနေ့တိုင် တခွန်းမျှမပြောပါ။ ကျွန်တော်လည်း ယနေ့တိုင် အဖေ့ကို မမေးရက်ပါ။ ဘာရယ်မှန်း မသိ။ စက်ဘီး နင်းနင်းနေသော ကလေးငယ်များကိုမြင်တိုင်း ကျွန်တော်ရဲ့ မောင်ဗမာလေးကို လွမ်းနေဆဲပါ။

အဖေတယောက် ကျန်းမာပါစေ။ ။