>female bodyguard for lovely Nan Su

>

နန်းဆုရတီစိုးအတွက် မိခင်ဖြစ်သူက သက်တော်စောင့် ရှာပေး
မိုးမခအထောက်တော် အမှတ် ၀၀၄
နိုဝင်ဘာ ၁၆၊ ၂၀၁၀ဓာတ်ပုံ – အာလူး ဘလော့


မကြာသေးမီက ရက်အတန်ကြာ ပျောက်ဆုံးသွားသူ မင်းသမီး နန်းဆုရတီစိုးအတွက် မိခင်ဖြစ်သူက လုံခြုံရေး အစောင့်အရှောက် တဦး ငှားထားသည်ဟု တနင်္လာနေ့ထုတ် အလင်းတန်းဂျာနယ်တွင် ရေးထားသည်။

ယခု ငှားထားသည့် လုံခြုံရေး ၀န်ထမ်းမှာ အမျိုးသမီး ဖြစ်ပြီး နန်းဆုနှင့် အတူနေ၊ အတူစား၊ ခရီး အတူသွားမည်ဟု ဆိုသည်။

နန်းဆုသည် ပြီးခဲ့သည့်လက ၃ ရက်ကြာ ပျောက်ဆုံးသွားသဖြင့် မိဘတို့က ရဲစခန်းတွင် တိုင်ချက်ဖွင့်ခဲ့သေးသည်။

ထိုသို့ ပျောက်ဆုံးခြင်းမှာ ချစ်သူနှင့် ထွက်ပြေးခြင်း၊ ပြန်ပေးဆွဲခံရခြင်း တို့ကြောင့် ဖြစ်ဖွယ်ရှိကြောင်း ထင်ကြေးပေးမှုများမှာ မှားယွင်းသည်ဟု မင်းသမီးက ဆိုသည်။

“နန်းဆုက ဘယ်မှ ရောက်မသွားပါဘူး။ အမေက တအားဆူတာကြောင့် အမေ စိတ်ပူအောင် လုပ်မယ်ဆိုပြီး အဒေါ့်အိမ်မှာ သွားနေတာပါ။ အမေ့ကို မပြောရဘူးလို့ အဒေါ်ကို ပိတ်ထားတာကြောင့် အဒေါ်ကလည်း မပြောဘဲနေတာပါ။ နောက်တော့ အမေ ရဲတွေ ဘာတွေ တိုင်နေပြီဆိုတာ သိရလို့ ပြန်လာတာ …” ဟု စာနယ်ဇင်းသမားများကို ပြောပြကြောင်း ရန်ကုန်မြို့ လေထန်ကုန်းအနီးရှိ မိုးမခ မိတ်ဆွေတဦးက ရှင်းပြသည်။

မိခင်ဖြစ်သူက ဘော်ဒီဂတ် ငှားရခြင်းမှာ မသမာသူနှင့် ကြုံရမည်ကို စိုးရိမ်ခြင်းလော၊ သမီးဖြစ်သူ အိမ်ပြေး ထပ်ဖြစ်မည်ကို စိုးရိမ်ခြင်းလော ဟူသည်ကို သဲသဲကွဲကွဲ မသိရသေးပေ။

သို့သော်လည်း မြန်မာပြည် သရုပ်ဆောင်လောက၊ အဆိုတော် အသိုင်းအ၀န်းတွင် ပထမဆုံး သက်တော်စောင့် ခန့်ထားသူ နန်းဆုက ဘော်ဒီဂတ်မှာ လုံခြုံရေးအတွက် ဖြစ်သည်ဟု ဆိုသည်။

“စတန့်ထွင်ချင်လို့လည်း မဟုတ်ဘူး။ စတိုင်လ် လုပ်ချင်တာလည်း မဟုတ်ပါဘူး။ ပဲများချင်လို့လည်း မဟုတ်ပါဘူး” ဟု အလင်းတန်းဂျာနယ်ကို ပြောသည်။

စက်တင်ဘာ ၁၈ ရက်နေ့က အသက် ၂၂ နှစ်ပြည့်ခဲ့သူ ချစ်စရာ ကောင်းသည့် နန်းဆုသည် နာမည်ရ အဆိုတော်၊ သရုပ်ဆောင်တဦးဖြစ်သည်။

people ခေါ် မြန်မာပြည်သူ မဂဇင်းတွင် ဖော်ပြခဲ့သော သူ၏ ကိုယ်ရေး အချက်အလက်တချို့ကို
http://3.bp.blogspot.com/_na70Aw8gBm4/S2FvK2_U4bI/AAAAAAAAF6c/4zI-3Robouc/s1600-h/nan+su.jpg တွင် တွေ့နိုင်သည်။