>
အမေရိကန်က ဦးရစ်ချတ်အောင်မြင့် မြန်မာပြည်ဝင်ခွင့် စစ်အစိုးရက ရန်ကုန်လေဆိပ်မှာ ပယ်ချ
မိုးမခအထောက်တော် ၀၀၂
နိုဝင်ဘာ ၁၅၊ ၂၀၁၀
အမေရိကန်က မြန်မာသံရုံးမှာ ဧည့်ဗီဇာလျှောက်ထားပြီး မြန်မာပြည်ကို အလည်ပြန်သွားသူ မြန်မာအမေရိကန်တဦးဖြစ်တဲ့ ဦးရစ်ချတ်အောင်မြင့်ကို ရန်ကုန်လေဆိပ်မှာ အာဏာပိုင်များက ပြည်ဝင်ခွင့်မပေးဘဲ ငြင်းပယ်လိုက်ပါတယ်။ နိုဝင်ဘာ ၉ ရက် မနက် ၈ နာရီက ရန်ကုန်လေဆိပ်ကို ဆိုက်ရောက်တာဖြစ်ပြီး သူ့ကို ထုတ်ပေးပြီးသား ဧည့်ဗီဇာကို လေဆိပ်လုံခြုံရေးက အသိအမှတ်ပြုခြငိး မရှိဘဲ လေယျာဉ်ပေါ်ကို ပြန်တင်ပေးလိုက်တယ်လို့ သိရပါတယ်။
“သူတို့အဓိကပြောတဲ့ အချက်ကတော့ ကျနော်က စီအာရ်ဒီဘီမှာ လုပ်ခဲ့တဲ့ မြန်မာ့အရေးလှုပ်ရှားသူတဦး ဖြစ်နေလို့ မြန်မာပြည်ကို ၀င်ခွင့်မပေးဘူးလို့ ပြောတယ်” လို့ ဦးရစ်ချတ်အောင်မြင့်က မိုးမခကို ပြောပြပါတယ်။
စီအာရ်ဒီဘီ ဆိုတာက ၁၉၈၇ ဇန်န၀ါရီ ၄ ရက်မှာ မြန်မာပြည်ရဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှုတွေ အားပေးဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံပြင်ပမှာ စတင် ဖွဲ့စည်းခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်။ ဦးရစ်ချတ်အောင်မြင့်က စီအာရ်ဒီဘီအဖွဲ့မှာ ၁၉၈၈ မှ ၁၉၉၂ အထိ ၀င်ရောက် ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
“ကျနော် သိရသလောက်ကတော့ ကျနော့်မိတ်ဆွေတွေထဲမှာ စီအာရ်ဒီဘီဝင်တွေ အနားယူပြီးနောက်ပိုင်း မြန်မာပြည်ကို ပြန်လည်ပတ်ကြတာတွေ ရှိတယ်။ ကျနော်ကိုယ်တိုင်လည်း မြန်မာပြည်ကို မပြန်ခဲ့တာ ၄၄ နှစ် ရှိ့ပြီ။ ဒီတခါကတော့ မြန်မာသံရုံးကိုယ်တိုင်က ဗီဇာပေးတယ်။ ကိုယ်တိုင်က နိုင်ငံရေးရည်ရွယ်ချက်တွေနဲ့ ပြန်တာလည်း မဟုတ်ဘူး။ အလည်အပတ်ပြန်တဲ့သဘောပဲ။ ဒါကို လေဆိပ်မှာ တားလို့ ပြန်လှည့်ခဲ့ရတယ်”
လို့ သူက ပြောပါတယ်။
ဦးရစ်ချတ်အောင်မြင့်ဟာ မြန်မာ့တပ်မတော်အရာရှိဟောင်းတဦးဖြစ်ပါတယ်။ မြန်မာ့တပ်မတော်ရဲ့ ဒီအက်စ်အေသင်တန်း အပတ်စဉ် ၁ ဆင်းခဲ့တဲ့ တပ်မတော်အရာရှိတဦး ဖြစ်ပါတယ်။ မြန်မာအရေးလှုပ်ရှားမှုတွေမှာလည်း တက်ကြွစွာ ဆောင်ရွက်လှုပ်ရှားနေသူ တဦးလည်း ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်လာတာနဲ့ ပတ်သက်ပြီး သူ့ရဲ့သဘောထားကို မေးမြန်းတဲ့အခါမှာ သူ့ကို လွှတ်ပေးလိုက်တယ်ဆိုတာဟာ ဧည့်ခန်း ငါးကန်ထဲက ငါးလေးကို ခြံဝင်းထဲက ရေကန်ထဲကို လွှတ်ပေးလိုက်တာနဲ့ တူပါတယ် လို့ သူက ပြောပါတယ်။ အကောင်းဆုံးကို မျှော်လင့်ထားတဲ့ တပြိုက်နက်မှာပဲ အဆိုးဆုံးအတွက် ပြင်ဆင်ထားကြဖို့ လိုတယ်လို့ သူ့သဘောထားကို ပြောပါတယ်။
(ဓာတ်ပုံ – နို၁၄၊ ၂၀၁၀၊ အုက္ကလံမြို့၊ ကယ်လီဖိုးနီးယား၊ ဦးရစ်ချတ်အောင်မြင့်၊ (မိုးမခ))