ယနေ့ လွတ်မြောက်လာသည့် ဒေါ်အောင်ဆန်းစုကြည်က အိမ်ရှေ့မှ ပရိသတ်ကို နှုတ်ဆက်နေပုံ (photo: AFP)
မြန်မာစစ်အစိုးရက သူ၏ ပြိုင်ဘက် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် သက်တမ်းစေ့သည့် ယနေ့တွင် လွှတ်ပေးလိုက်သည်။ သူ့ကို ထောက်ခံသူ ထောင်ပေါင်းများစွာက သူ့အိမ်ရှေ့သို့ ၀မ်းသာအားရ စုဝေး ရောက်ရှိသွားသည်။ ပန်းပန်ထားသော ဒေါ်စုက ခြံတခါးဝသို့ ရောက်လာချိန်တွင် ပရိသတ်က ၀မ်းသာအားရ အော်ဟစ်ကြသည်။
ပရိတ်သတ်က ၅၀၀၀ ခန့် ရှိသည်။ ဒေါ်စုက သူတို့ကို ကျေးဇူးတင်စကား အနည်းငယ် ပြောကြားပြီး မနက်ဖြန် NLD ရုံးတွင် တွေ့ဆုံကြမည်ဟု ပြောဆိုလိုက်သည်။
အသက် ၆၅ နှစ်ရှိပြီ ဖြစ်သော ဒေါ်စုသည် ၇ နှစ်ခွဲကြာ ထိန်းသိမ်းခံခဲ့ရသည်။ ၁၉၆၂ မှစပြီး စစ်တပ်က အုပ်ချုပ်ခဲ့သည့် မြန်မာပြည်တွင် ဒေါ်စုက ဒီမိုကရေစီ အရေး လှုပ်ရှားမှု၏ သင်္ကေတ ဖြစ်နေသည်။

စစ်တပ်၏ ပါတီက ရွေးကောက်ပွဲတွင် အကြီးအကျယ် အနိုင်ရပြီး တပတ်အကြာတွင် ကမ္ဘာကျော် အကျဉ်းသား လွတ်မြောက်လာခြင်း ဖြစ်သည်။ ထိုရွေးကောက်ပွဲကို အနောက်နိုင်ငံတို့က လွတ်လပ်မျှတခြင်း မရှိဟု သတ်မှတ်ပြီး အာဏာရှင် အုပ်ချုပ်မှု ဆက်လက် တည်တံ့ရန် ပြုလုပ်သည့် ရွေးကောက်ပွဲဟု ဆိုကြသည်။
ဒေါ်စုသည် ပြီးခဲ့သည့် ၂၁ နှစ်အတွင်း ၁၅ နှစ်ထက်မနည်း ထိန်းသိမ်းခံခဲ့ရသည်။ ယနေ့ သူ့အား ထောက်ခံသူများက နေအိမ်အနီး နှင့် NLD ရုံးချုပ်တို့တွင် တနေကုန် စောင့်ဆိုင်းနေကြသည်။
သူ့အား လွှတ်ပေးတော့မည့် အချိန်တွင် လုံထိန်းများက နေအိမ်အနီးရှိ သံဆူးကြိုး အရံအတားများကို ဖယ်ရှားပေးလိုက်သဖြင့် စောင့်ဆိုင်းနေသူတို့က နေအိမ်ရှေ့သို့ သွားရောက် စုဝေးကြသည်။
သူ့အား လွှတ်ပေးလိုက်ခြင်းကို နိုင်ငံတကာမှ အဖွဲ့အစည်း အများအပြားက ချက်ခြင်း ကြိုဆိုကြသည်။ ဗြိတိသျှ ၀န်ကြီးချုပ် ဒေးဗစ် ကင်မရွန်းက ထိုသို့ လွှတ်ပေးသင့်သည်မှာ ကြာပြီဖြစ်သည်ဟု ဆိုသည်။




နေ့လယ်ပိုင်းက တွေ့ရသည့် ရန်ကုန်မြို့မှ NLD အဖွဲ့ဝင်များ၊ ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့လမ်းကို ပိတ်ထားသော လုံထိန်းများ


ယနေ့ သတင်းကောင်းကြောင့် အိန္ဒိယရောက် မြန်မာ့အရေး လှုပ်ရှားသူများ ၀မ်းသာအားရ ဖြစ်ပြီး မီးရှုးမီးပန်းများ ဖောက်ကြသည်


ဒေါ်စု အိမ်ရှေ့မှ ပရိသတ် နှင့် သတင်းသမားတို့၏ ကင်မရာများ


သတင်းကောင်းကြောင့် ၀မ်းသာနေသူများ၊ ဒေါ်စုအိမ်ရှေ့သို့ ပြေးသွားသူများ
