>Kyaw Thu – FFSS Yangon Activity (11th November 2010)

>

နာရေးကူညီမှုအသင်း (ရန်ကုန်)၏ သတင်းမှတ်စု လှုပ်ရှားမှုများ
ကျော်သူ
နိုဝင်ဘာ ၁၁၊ ၂၀၁၀
ဘဝနတ်ထံသို့

၉.၁၁.၂၀၁၀ (အင်္ဂါ)နေ့တွင် စာရေးဆရာ၊ ဒါရိုက်တာ တင်သန်းဦး၏ ဈာပနအခမ်းအနား ပြုလုပ်နေစဉ် နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူနှင့် ကျန်ရှိသော အသင်းသူ/သားများမှ ဘဝနတ်ထံ ပျံလွန်တော်မူခဲ့သော သက်တော် (၉၃) နှစ်၊ ဝါတော် (၇၃) ဝါ ရှိသော ထားဝယ် မောင်းမကန် ဆရာတော် ဘဒ္ဒန္တပုည ၏ အန္တိမဈာပန အခမ်းအနားအား သွားရောက်ကျင်းပ ပြုလုပ်ပေးခဲ့ရပါသည်။

ကံသာကျောင်းသစ်၊ ရေတာရှည်လမ်းသစ်၊ ဗဟန်းမြို့နယ်မှ ရေဝေးသုဿန်သို့ ဆရာတော်ကြီး၏ ရုပ်ကလပ်တော်အား နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူနှင့် အသင်းသူ/သားများအပြင် ထားဝယ် ရေလုပ်ငန်းလူငယ်အဖွဲ့များ၊ တပည့် ရဟန်းသံဃာတော်များနှင့် ပူးပေါင်းလက်တွဲကာ ရွှေရောင်ကားတလစ် နိဗ္ဗာန်ယာဉ်ပေါ်သို့ အဆင့်ဆင့်တင်ဆောင်ကာ နာရေးကူညီမှုအသင်း (ရန်ကုန်) ဝတ်ရွတ်အဖွဲ့၊ ဆရာတော်ကြီး၏ ရုပ်ပုံတော်နှင့် ပန်းခြင်းများတင်ဆောင်ရန် နာရေးကူညီမှု အသင်း(ရန်ကုန်)မှ ရှေ့ပြေးမော်တော်ယာဉ်နှင့် ဆရာတော် သံဃာတော်များ၊ တပည့် ဒါယကာ ဒါယကာမများဖြင့် စည်ကားသိုက်မြိုက်စွာ အန္တိမဈာပန အခမ်းအနားကို နေ့လည် (၁း၀၀) နာရီတွင် ကျင်းပပြုလုပ် ကုသိုလ်ယူ ဖေးမပေးခဲ့ပါသည်။

နောင်ဘဝရောက်ရင် ပစ်မှတ်ကိုထိအောင်ပစ်

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ခံယူချက်မှာ ဆင်းရဲချမ်းသာ လူမျိုးဘာသာ မိတ်ဆွေရန်သူ မရွေးတို့၏ နာရေးကိစ္စများကို အခမဲ့ကူညီ ဖေးမပံ့ပိုး ဆောင်ရွက်ပေးရခြင်းဖြစ်သည်။ ကျွန်တော်တို့သည် ဘဝတပါးသို့ ပြောင်းသွားကြကုန်သော ရာထူးဂုဏ်သရိန် အဆင့်အတန်း ခွဲခြားခြင်းမရှိဘဲ လူသားတဦးအနေဖြင့် သတ်မှတ်ကာ ဈာပန ကိစ္စအဝဝကို အဆင်ပြေချောမွတ်စွာ အောင်အောင်မြင် မြင်ဖြစ်ရန် ကူညီဖေးမပေးကြသော ဗြဟ္မစိုရ်တရားလေးပါးကို လက်ကိုင်ပြုထားကြသော လူမှုရေးသမားများ ဖြစ်ကြသည်။

၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလတွင် နှလုံးသွေးကြောကျဉ်းရောဂါဖြင့် ဆေးရုံတတ်၍ ခွဲစိတ်မှုပြုလုပ်စဉ်က သွေး (၂) ကြိမ်၊ မကွယ်လွန်ခင် ၂၀၁၀ ခုနှစ် အောက်တိုဘာလတွင် ဆေးရုံပြန်လည် တက်ရောက်စဉ် လိုအပ်သော သွေးအတွက် (၂) ကြိမ်တိုင်တိုင် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူထံ အကူအညီတောင်း၍ နာရေးကူညီမှုအသင်း (ရန်ကုန်) အသင်းသူ/သားများက သွားရောက်၍ သွေးလှူဒါန်းမှုများကို ပြုလုပ်ပေးခဲ့ပါသည်။

၅.၁၁.၂၀၁၀ (သောကြာ) နေ့တွင် ဘဝတပါးသို့ ကူးပြောင်းသွားသော စာရေးဆရာ၊ ဒါရိုက်တာ တင်သန်းဦး၏ ဈာပနအခမ်းအနားအား ၉.၁၁.၂၀၁၀ (အင်္ဂါ) နေ့ နံနက် (၁၁း၀၀) နာရီတွင် ရေဝေးသုဿန်၌ ဈာပနအခမ်းအနား ကျင်းပခဲ့ရာ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဝတ်ရွတ်အဖွဲ့၊ နာရေးကူညီမှုအသင်း (ရန်ကုန်) အသင်းသူ/သားများဖြင့် ဝိုင်းဝန်းကူညီဖေးမကာ သင်္ဂြိုဟ်ပေးခဲ့ပါသည်။ ကွယ်လွန်သူ စာရေးဆရာ၊ ဒါရိုက်တာ တင်သန်းဦးသည် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ ရုပ်ရှင်လောကတွင် ကျင်လည်ခဲ့စဉ်အချိန်ကာလ၌ တိန်ကော့နော်ဂျာ၊ လှလေးစိန်၊ မိုမိုချစ်တဲ့ ကွန်မန်ဒို၊ လေသူရဲချစ်သူ စသည့် ရုပ်မြင်သံကြား ဇာတ်လမ်းများ၊ ရုပ်ရှင်ဇာတ်ကားကြီးများတွင် တွေ့ဆုံရင်းနှီးခဲ့သူဖြစ်သည့်အပြင် ခံယူချက် (နိုင်ငံရေး၊ အနုပညာရေး) များကို ရင်းနှီးစွာ ငြင်းခုံခဲ့သော ညီရင်းအစ်ကို သဖွယ် ပေါင်းသင်းလာသောသူတဦးလည်း ဖြစ်ပါသည်။

ယင်း ဈာပန အခမ်းအနားတွင် “အဖူးရေ … နောင်ဘဝကျရင် ပစ်မှတ်ကိုထိအောင်ပစ် (လှလေးစိန်)” ဟူသော လွမ်းသူပန်းခြင်း၏ အဓိပ္ပာယ်ကို ကွယ်လွန်သူ ဦးတင်သန်းဦးနှင့် လူမှုရေးကိစ္စ အဝဝများကို ပေးဆပ်နေသူ ဦးကျော်သူမှလွဲ၍ မည်သူမှ သိနိုင်တော့မည် မဟုတ်။