>USDP is winning in Mon Sate with Absentee votes

>

မွန်ပြည်နယ်မှာလည်း ကြိုတင်မဲနဲ့ ကြံ့ဖွံ့ အနိုင်ယူလျက်ရှိ
မိုးမခ အထောက်တော် ရန်ကုန်
နိုဝင်ဘာ ၉ ၊ ၂၀၁၀
အခြားသော တိုင်းနှင့် ပြည်နယ်များကဲ့သို့ပင် မွန်ပြည်နယ်တွင်လည်း ကြိုတင်မဲများဖြင့် ကြံ့ဖွံ့က အနိုင်ယူလျက်ရှိသည်ဟု ဒီမိုကရေစီ အင်အားစု ပါတီနှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတို့က ပြောသည်။
ကြံ့ဖွံ့ပါတီမှ ပါတီစည်းရုံးရေး သမားများ၊ ရယက၊ ရာအိမ်မှူး ဆယ်အိမ်မှူး စသည့် အထွေထွေ အုပ်ချုပ်ရေး ၀န်ထမ်းများ ၊ လုံခြုံရေး တပ်ဖွဲ့များ၊ အရံမီးသတ်၊ ကြက်ခြေနီ စသည့် အစိုးရ အသုံးချခံရသည့် အဖွဲ့ဝင်များကိုသုံးပြီး မဲရအောင် လုပ်ခဲ့ကြသည့် အထောက်အထားများ၊ သက်သေခံ အဖြစ်အပျက်များ ပြောမကုန် နိုင်လောက်အောင်ပေါ်ထွက်လာနေသည်။
မွန်ပြည်နယ်တွင် ၀င်ရောက်ယှဉ်ပြိုင်သည့် မွန်ဒေသလုံး ဆိုင်ရာဒီမိုကရေစီပါတီ၊ ဒီမိုကရက်တစ်ပါတီနှင့် တစည ပါတီတို့က ကြံ့ဖွံ့ပါတီနှင့် အစိုးရ၀န်ထမ်းအချို့၏ ဘက်လိုက်မှုများအား ကန့်ကွက်ကြောင်း ကော်မရှင်ကို တိုင်ကြားခြင်းများ  ပြုလုပ်ခဲ့သော်လည်း ယနေ့ထိ မည်သည့်တုံ့ပြန်မှုမှ မရရှိပဲ လျစ်လျူရှုထားခြင်း ခံနေရသည်ဟု ကျိုက္ခရောမြိုနယ်တွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဒီမိုကရက်တစ် ပါတီမှ ဒေါက်တာမြင့်ဆွေက ပြောသည် ။
ကြိုတင်မဲများ ပေးသည့်အချိန်တွင် ပါတီကိုယ်စားလှယ်လောင်းများ၊ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများအား အကြောင်းကြားခဲ့ခြင်း မရှိပဲ ရပ်ကွက်ကော်မရှင်မှသာ ကျင်းပခဲ့ခြင်း၊ စစ်တပ်ရင်းမှ စစ်သားများ၏ ကြိုတင်မဲပေးသည့် စာရင်းတခုတွင် အမှန်တကယ် ရှိနိုင်သည့် အရေအတွက်ထက် ၃ဆကျော် များပြားနေခြင်း၊ မည်သည့် စစ်တပ်မှ မရှိသည့် ဧရိယာတွင် စစ်တပ် ကြိုမဲများအမည်တပ်ပြီး ထည့်သွင်းထားခြင်း စသည့် ပြောင်ပြောင်တင်းတင်း မဲလိမ်သည့် သာဓကများကြောင့် ကြံ့ဖွံ့ပြိုင်ဘက် ကိုယ်စားလှယ်လောင်းများ ရှုံးနိမ့်ခဲ့ရသည်ဟု ရွေးကောက်ပွဲဝင်ခဲ့သည့် ကိုယ်စားလှယ်လောင်းများက ပြောသည်။
ထို့ပြင် မဲပေးပိုင်ခွင့်ရှိသူ မဲပေးမည့်သူများ မဲပေးခွင့်မရအောင် ပြုလုပ်ထားသည့် လုပ်ဆောင်ချက်တခုမှာ မဲစာရင်းများကို လိုသလို တိုးလျော့ထားခြင်း ဖြစ်သည်ဟု ကိုယ်စားလှယ်များက ထောက်ပြကြသည်။
ပထမအဆင့် အနေဖြင့် မဲပေးပိုင်ခွင့် စာရင်းပြုစုရာတွင် အမှန်တကယ်နေထိုင်သူ အများအပြား မဲစာရင်းတွင် မပါရှိခဲ့ကြသည်ကို မွန်ပြည်နယ်မှ ကိုယ်စားလှယ်လောင်း များက ထောက်ပြပြောဆိုသည်။ မဲပေးသည့် နေ့တွင် မဲစာရင်းတွင် မပါရှိသည့် အဖြစ်အပျက်များ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်ခဲ့ပြီး ရပ်ကွက်ကော်မရှင်များ၊ မဲရုံဝန်ထမ်းများက စည်းမျဉ်းဥပဒေမရှိပဲ သင့်တော်သလို ဖြေရှင်းပေးခဲ့ကြသည့် အဖြစ်များလည်း တွေ့ရှိရသည်။
ဥပမာအားဖြင့် မဲလာပေးသူက သူ့အမည် မဲစာရင်းတွင် မပါရှိသည့် အကြောင်း မဲရုံမှ ၀န်ထမ်းကို တိုင်တန်းပြေားဆိုသည့်အခါ မဲလာပေးနိုင်ခြေ မရှိသည့်သူ၏ နေရာတွင် အစားထိုး ဖြည့်စွက်ရေးသားပြီး မဲပေးစေခြင်း ရှိသလို၊ အချို့မှာ မဲပေးခွင့်မရပဲ ပြန်သွားရသည့် အဖြစ်လည်း အများအပြားရှိခဲ့သည်ကို ကြားသိရသည်။
အထက်ပါ အဖြစ်အပျက်များကြောင့် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် အမတ်တချို့မှာ ယခုရွေးကောက်ပွဲ အပေါ် စိတ်ပျက်လက်ပျက် ဖြစ်နေပြီး မော်လမြိုင်မြို့မှ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဦးလှရှိန်က ယခုလို ရွေးကောက်ပွဲမျိုး နောက်တကြိမ် ၀င်ပြိုင်လိုစိတ်မရှိတော့ဟု ပြောဆိုလိုက်သည်။