ဟံသာဝတီ ဦးဝင်းတင်

MoeMaKa – Beyon 2010 Election & U WIn Tin

>

စစ်အာဏာရှင်ရဲ့ ရွေးကောက်ပွဲ၊ ၀င်တဲ့ ပါတီ ၂ မျိုး နဲ့ ရွေးကောက်ပွဲအလွန်
ဦးဝင်းတင်နဲ့ မေးခွန်းများ
မိုးမခ
နိုဝင်ဘာ ၇၊ ၂၀၁၀
နိုဝင်ဘာ ၆ ရက် နံနက်ခင်းမှာ မြန်မာပြည်ရဲ့ အတိုက်အခံခေါင်းဆောင်၊ အင်န်အယ်ဒီပါတီ ခေါင်းဆောင်၊ သတင်းစာဆရာကြီး ဦးဝင်းတင်နဲ့ စစ်အစိုးရရဲ့ ရွေးကောက်ပွဲမကျင်းပမီ တရက်အလိုမှာ တွေ့ဆုံမေးမြန်းဖြစ်ခဲ့တာတွေကို တင်ပြလိုက်ပါတယ်။
ရွေးကောက်ပွဲနဲ့  ပတ်သက်ပြီး အင်န်အယ်ဒီရပ်တည်ချက် မပြောင်းဘူးပေါ့။
         မပြောင်းပါဘူး။ အစကတည်းက ထုတ်ပြန်ခဲ့တဲ့အတိုင်း ရွေးကောက်ပွဲကို သပိတ်မှောက်တယ်။ ရွေးကောက်ပွဲကို သပိတ်မှောက်တယ် ဆိုရာမှာလည်း ဟိုပါတီ၊ ဒီပါတီဆိုပြီး ခွဲခြားပြီး သပိတ်မှောက်တာတွေ မျိုး မရှိပါဘူး။ ရွေးကောက်ပွဲကြီး တခုလုံးကို သပိတ်မှောက်တာ ဖြစ်တယ် ဆိုတာကို ထပ်ပြီး ပြောချင်ပါတယ်။
ရွေးကောက်ပွဲဝင်တဲ့ ပါတီတွေ အားလုံးကိုကို ဘယ်လို သဘောထားသလဲ။ ခွဲခြားပြီး သတ်မှတ်ထားတာ ရှိသလား။
         ရွေးကောက်ပွဲဝင်တဲ့ ပါတီတွေကိုတော့ ကျနော်တို့က ဘယ်လိုမြင်သလဲဆိုတော့ အယ်ဂါစနိုးရဲ့ စာအုပ်၊ လူထုဒေါ်အမာ ဘာသာပြန်တာရှိတယ်။ အဲသည်စာအုပ်ခေါင်းစဉ်လိုမျိုး သဘောထားတယ်လို့ ပြောချင်တယ်။ The Other Side of the River ပေါ့ကွာ။ မြစ်ကြီးတခု ခြားနေပြီလို့ ပြောချင်တယ်။ ငါတို့က သည်ဖက်ကမ်း၊ သူတို့က ဟိုဖက်ကမ်း၊ ဘာမှကို မဆိုင်ဘူးပေါ့ကွာ။ ရွေးကောက်ပွဲဝင်တဲ့ ပါတီတွေဆိုမှတော့ သူတို့ကို ကြံ့ဖွတ်တို့၊ ဘာတို့ ခွဲခြားပြီး မမြင်ဘူး။ တတန်းစားတည်းပဲ ဖြစ်တယ် လို့ ပြောချင်တယ်။
ရွေးကောက်ပွဲကို  ကိုယ်တိုင် ရင်ဆိုင်နေကြရတဲ့ ပြည်သူလူထုဆီက ဘာကို မျှော်လင့်ထားသလဲ။
         စစ်အစိုးရရဲ့ ရွေးကောက်ပွဲကို မြန်မာပြည်သူလူထုက လက်မခံဘူး၊ သပိတ်မှောက်ထားတယ်၊ အသိအမှတ်မပြူကြဘူးဆိုတာဟာ နိုင်ငံတကာရဲ့ မျက်နှာစာရှေ့မှာ ထင်ရှားစေချင်ပါတယ်။
         အဲသည်အတွက် ထင်ရှားစေတဲ့ ပုံသဏ္ဍန်တွေက ဘာဖြစ်မလဲဆိုတော့ –
         သူတို့ရွေးကောက်ပွဲမှာ လာရောက်မဲပေးပါတယ် ဆိုတဲ့ မဲဆန္̔ဒ̔ရှင်တွေရဲ့ ရာခိုင်နှုန်းတွေ လျော့နည်းနေတာမျိုးတွေ မြင်တွေ့လိုတယ်။ ရာခိုင်နှုန်း ၉၀ ကျော် မဲပေးတယ် ဆိုတာထက် ရာခိုင်နှုန်း ၂၀၊ ၂၅ လောက်ပဲ မဲပေးကြတယ် ပေါ့ကွာ။ သပိတ်မှောက်ခြင်းရဲ့ ရလဒ်ကို မြင်သာစေတယ်လို့ ပြောချင်ပါတယ်။
         နောက်တခုကတော့ ပြည်သူတွေကြားထဲမှာ လူငယ်တွေ၊ အင်အားစုတွေက ရွေးကောက်ပွဲကို လက်မခံဘူး၊ ဆန့်ကျင်တယ်၊ သပိတ်မှောက်ကြဆိုတဲ့ ကန့်ကွက်တဲ့ လှုပ်ရှားမှုတွေ မြန်မာပြည်အနှံ့အပြားမှာ ဖြစ်ပွားနေတယ်ဆိုတာကို ကျယ်ကျယ်ပြန့်ပြန့် သိရှိကြစေချင်တယ်။ ဒါဟာလည်း သူတို့ဘာပဲပြောပြော လူတွေက ရွေးကောက်ပွဲကို လက်မခံဘူးဆိုတာကို ပြသတဲ့ သဘောဖြစ်တယ် လို့ ပြောချင်တယ်။
         အဲသလိုမျိုး မဲအရေအတွက်အားဖြင့် သော်၎င်း၊ လှုပ်ရှားမှုအားဖြင့် သော်၎င်း ရွေးကောက်ပွဲကို လူတွေက လက်မခံဘူး၊ သပိတ်မှောက်တယ် ဆိုတာကို ထင်ရှားစေချင်တယ်။
ရွေးကောက်ပွဲဝင်တဲ့ ပါတီတွေအပေါ်မှာ ပြည်သူတွေကို ဘယ်လိုမြင်စေချင်သလဲ။
         ဒါကတော့ နည်းနည်း အသေးစိတ်ဖြစ်သွားပြီပေါ့ကွာ။ ပါတီတွေအလိုက် လူတွေက ရှုမြင်တဲ့ နေရာမှာ ကြံ့ဖွံ့ပါတီကို ဆိုရင် မဲတွေကို လိမ်ညာတဲ့ ပါတီ၊ မကောင်းမှုမှန်သမျှ၊ မတရားမှုတွေမှန်သမျှ ကျုးလွန်နေတဲ့ စစ်အာဏာရှင်ပါတီအဖြစ် ပြတ်ပြတ်သားသား မြင်ကြစေ့ချင်တယ်။
         နောက် တခြား အပြိုင်အဆိုင်ပါတီလေးတွေ၊ တသီးပုဂ္ဂလတွေ ကိုလဲ တော်တော်ကို စိတ်ပျက်စရာကောင်းတဲ့ ပါတီတွေလို့ မြင်စေ့ချင်တယ်။ သူတို့တတွေဟာ ဒီမိုကရေစီရေးအတွက် လုပ်ဆောင်ပေးပါ့မယ်လို့ လူထုကို လိမ်ညာ လှည့်ဖျားပြီးတော့ မဲဆွယ်နေတဲ့ ဒီမိုကရေစီအရေခြုံ ပါတီတွေလိုမျိုး ရှင်းရှင်းလင်းလင်း မြင်စေ့ချင်တယ်။
 ဥပမာ အင်န်ဒီအက်ဖ် ဆိုရင် ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံတွေ သုံးတယ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမည်ကို အလွဲသုံးစားလုပ်ပြီး စည်းရုံးတယ်။ ဒါကို မီဒီယာတွေက မေးတော့ အပေါ်ကလူတွေက ဒါကို တာဝန်ယူပြီး ဖြေရှင်းမယ်တို့၊ တားမြစ်ပေးမယ် ဒါမျိုး မပြောဘဲနဲ့ အောက်ခြေက လူတွေကို သွားမေးပါတို့ ဘာတို့ လက်လွတ်စပယ်ပြောတယ်။ ဒါမျိုးတွေ ရှိတယ်။
၈၈ မျိုးဆက် အမည်တွေ အလွဲသုံးစားတဲ့ ပါတီတွေ၊ ၈၈ အရေးတော်ပုံတို့၊ ခွပ်ဒေါင်းတွေကို သုံးစွဲပြီး လူထုကို ဆွဲဆောင်စည်းရုံးနေတဲ့ ပါတီတွေ အများကြီးရှိတယ်။ ပြည်သူတွေဟာ ဒါ ငါတို့ကို လိမ်ညာ လှည့်ဖြားနေကြတာပါလားလို့ ပြတ်ပြတ်သားသား မြင်ကြစေချင်တယ်။
ဆရာကိုယ်တိုင် ဘယ်လိုမျိုး ကြုံတွေ့ရတာ ရှိသလဲ။
         မနေ့ကတင်ပဲ ဆရာ တက္ကစီ စီးသွားတယ်။ ကားမောင်းတဲ့သူက နိုင်ငံရေးအကျဉ်းသားဟောင်းတဦး ဖြစ်နေတယ်။ ၂၀၀၉  ကမှ လွတ်လာတာတဲ့။ ထောင်ထဲမှာ ၄ နှစ်ခွဲ ကြာခဲ့တယ်တဲ့။ အဘ ဘယ်လိုလဲတဲ့။ ရွေးကောက်ပွဲအခြေအနေ ဘယ်လိုလဲတဲ့ ကျနော့်ကို မေးတယ်။ ကျနော်က ပြန်ပြောတယ်။ ဘယ်လိုမှ မနေပါဘူးဗျာ လို့၊ ကျနော်တို့က ရွေးကောက်ပွဲကို သပိတ်မှောက်ထားပြီးသားပဲ လို့ ဖြေတော့။ သူက ဘာပြန်ပြောသလဲ ဆိုတော့ – ဟာ … အဘတို့က ပါတီအခွဲ ရှိတယ် မဟုတ်လား တဲ့။ ဟို … ခမောက်ပါတီက အဘတို့ ပါတီမဟုတ်ဘူးလား လို့ ပြန်ပြောတယ်လေ။ ကဲ ကြည့်လေ။ နိုင်ငံရေးအကျဉ်းသားဟောင်း တဦးအနေနဲ့ လည်လည်ဝယ်ဝယ် ဖြစ်ရမှာ။ သူတောင်မှ အလိမ်ခံထားရတော့ သာမန်ပြည်သူတွေဆို ဘယ်လိုနေမလဲ စဉ်းစားကြညိ့လေ။ အဲသည်ပါတီကလည်း ဘယ်လောက်တောင်မှ ဒေါ်စု နံမည်ကို အလွဲသုံးစားလုပ်ပြီး လူတွေကို မဲဆွယ်နေသလဲ၊ အင်န်အယ်ဒီပါတီနဲ့ သူတို့ကို အတူတူထင်အောင် ဘယ်လောက်တောင် လျှောက်ပြောနေသလဲ … တွေးကြည့်လို့ ရတယ်လေ။
အဲသည်တော့ ပြည်သူတွေကို ပြောချင်တာကတော့ …
         စစ်အစိုးရရဲ့ အလိမ်အညာကို မခံကြပါနဲ့။ ပြီးတော့ ရွေးကောက်ပွဲဝင်တဲ့ ပါတီတွေ လူတွေရဲ့ အလိမ်အညာကိုလည်း ထပ်မံပြီးတော့ အလိမ်မခံကြပါနဲ့။ သေသေချာချာ ခွဲခြားပြီးတော့ ပြည်သူတွေက ရင်ဆိုင်ကြပါ၊ ဆုံးဖြတ်ကြပါလို့ ပြောချင်ပါတယ်။
ရွေးကောက်ပွဲအလွန်မှာ လူထုစိတ်ဝင်စားမှု အရှိဆုံးက ရွေးကောက်ပွဲရလဒ်တွေ၊ ပြည်သူလွှတ်တော် ပေါ်ထွန်းလာရေးတို့ မဟုတ်ဘဲနဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာမယ့် နေ့ရက်က အဓိကဖြစ်နေတယ် လို့ ပြောချင်တယ် ဆရာ
         ဟုတ်ပါတယ်။ ကျနော်တို့ကိုယ်တိုင်ကလည်း မျှော်လင့်တယ်။ နိုင်ငံတကာက အဖွဲ့အစည်းတွေ၊ သံတမန်တွေ၊ စာနယ်ဇင်းတွေ မီဒီယာတွေကလည်း ဒါကို အမြဲမေးမြန်း စုံစမ်းနေတယ်။ ဘယ်လို တွေ့ဆုံခွင့်ရမှလဲ။ ဘယ်လို စီစဉ်ပေးနိုင်မလဲလို့ မေးမြန်းကြတယ်။ လူထုကလည်း တွေ့ချင်မှာပဲ။
ကျနော်တို့ကတော့ ပထမဦးဆုံးအနေနဲ့ အသံလွှင့်မီဒီယာတခုခုကနေပြီး လူထုဆီကို တိုက်ရိုက် ဒေါ်အောင်ဆန်းစုကြည်ကနေ ပြောချင်တာ ပြောခွင့်ရအောင် အရင်ဆုံး လုပ်မယ်။ ဒါက လူတဦး ၂ ဦး၊ သံတမန် အဖွဲ့အစည်း တခု ၂ ခု ကနေပြီး တဆင့်က ဒေါ်စုရဲ့ စကားကို တဆင့်ပြောရတာထက် ပိုထိရောက်မယ်၊ လူထုဆီ တိုက်ရိုက် အမြန်ရောက်မယ် လို့ ထင်တယ်။
ပြီးရင်တော့ ကျနော်တို့ ကြိုးစားရမှာက လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် တိုက်ရိုက် တွေ့ဆုံနိုင်အောင် လုပ်ရမှာပဲ။ ဒါနဲ့ ပတ်သက်ပြီးတော့ ဒေါ်စုကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားလိမ့်မယ် ဘာညာ ပြောကြတာတွေလဲ ရှိတာပဲ။ ဒါပေမယ့် ဒါက လုပ်ရမှာပဲ။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း ၁၉၈၈ ကတည်းက ပြောခဲ့ပြီးပြီ။ သူကိုယ်တိုင်လည်း သိတာပဲ။ အလုပ်ကြံခံရနိုင်တယ်ဆိုတာ သိပြီးသားပဲ။ အဲသည်ကြားထဲက လူထုနဲ့ တိုက်ရိုက်ထိတွေ့နိုင်အောင် ဘယ်လိုလုပ်ကြမလဲ ဆိုတာကို စဉ်းစားရမယ်။
တောမြို့လေး သွားရုံတင်နဲ့တော့ ဘယ်ဖြစ်မှာလဲ။ ရန်ကုန်တို့ မန္တလေးတို့လို့ မြို့ကြီးတွေမှာ လူထုနဲ့ ကျယ်ကျယ်ပြန့်ပြန့်တွေ့ဆုံနိုင်အောင်လုပ်ကြရမယ်လို့ ထင်တယ်။
ဦးဥာဏ်ဝင်းတို့ ဥပဒေပညာရှင်တွေဘက်ကလည်း မျှော်လင့်နေတယ်။ ဥပဒေအရ ဒီကိစ္စဟာ ရှောင်လွှဲလို့ မရနိုင်ဘူး ဆိုတာ။ ရွေးကောက်ပွဲ ပြီးပြီးချင်းရက်ပိုင်းမှာတော့ မလွှတ်နိုင်ပါဘူး။ ဒါပေမယ့် ပြောနေကြတဲ့ ၁၃ ရက်နေ့ထက် စောချင်ရင်တောင် စောနိုင်တယ်လို့ သုံးသပ်ကြတယ်။ ဥပမာ နိုဝင်ဘာ ၁၁ ရက်နေ့လောက် လွှတ်နိုင်တယ်လို့ ထင်မြင်ကြတယ်။
ဒေါ်စု လွတ်သည်ဖြစ်စေ၊ မလွတ်သည်ဖြစ်စေ ရွေးကောက်ပွဲအလွန်မှာ အဓိကဆက်ပြီး  လုပ်စရာတွေက ဘာတွေ ဖြစ်မလဲ။
         ၂၀၀၈ အခြေခံဥပဒေကို ပြင်ရမှာပဲ၊ ပြောင်းရမှာလဲ။ အသစ်ပြန်လည် ရေးဆွဲသင့် ရေးရမှာပဲ။ အခြေခံဥပဒေကြောင့် လွှတ်တော်ပဲ ခေါ်ခေါ်၊ အစိုးရပဲ ပေါ်ပေါ်၊ တို့ကတော့ လက်မခံနိုင်ဘူး၊ ပြောင်းရမှာပဲ။ အသစ်ရေးဆွဲရမှာပဲ။ ဒါက နံပါတ် ၁။
         နောက်တခုက အမျိုးသားပြန်လည်သင့်မြတ်ရေး က ဒုတိယအချက်။
အခု နောက်ဆုံး ထုတ်ဖော်ကြေညာထားတဲ့ ဒုတိယပင်လုံညီလာခံဆိုတာကလည်း ၂ ခုစလုံးနဲ့ သက်ဆိုင်နေတယ်။ ပြည်ထောင်စုကို ဖယ်ဒရယ်စနစ်နဲ့ ထူထောင်မယ် လို့ ဆိုတဲ့အတွက် ကွန်စတီကျူးရှင်းကို အသစ်ရေးဆွဲရမယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးကိုလည်း ဦးတည်တယ် ဆိုတာကို တွေ့ရတယ်။
အခုလို ဦးတည်ချက်တွေ ချမှတ်ထားတဲ့ဆီမှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာမယ် ဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ နိုင်ငံရေးအင်အားစုတွေကော၊ တိုင်းရင်းသားတွေကလည်းက တစုတစည်းတည်း စည်းစည်းလုံးလုံး ရှိနေပြီ။ ပြည်သူလူထုတွေကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ လက်တွဲပြီး သွားကြဖို့ အဆင်သင့်ရှိနေပြီ ဖြစ်ပါတယ်။ ဒါတွေကို ဆက်ပြီး လုပ်သွားဖို့ကလည်း စစ်အစိုးရတို့၊ လွှတ်တော်တို့ ဘာတို့တွေက ခွင့်ပြုနေမှ၊ သူတို့ကို စောင့်ပြီးမှ လုပ်နေစရာမလိုဘူး လို့ ပြောချင်ပါတယ်။
 ပြည်သူတွေ၊ နိုင်ငံရေးအင်အားစုတွေ၊ တိုင်းရင်းသားတွေ အားလုံးဟာ နိုးကြားတက်ကြွပြီး နေပါတယ်။ ပြည်ပက နိုင်ငံတကာကလည်း ဒါကို ၀ိုင်းယံပေးကြပါ။ အတူတွဲပြီး ရပ်တည်ပေးကြပါလို့ ပြောချင်ပါတယ်။
နိုင်ငံတကာက ပိတ်ဆို့ အရေးယူမှုတွေကို နောက်ပိုင်းမှာ လျှော့ပေါ့ပေးဖို့ကော ဆရာတို့က တောင်းဆိုမှာလား
         တလောက ကျနော်တို့က ကမ္ဘာလှည့်ခရီးသည်တွေကို လာစေ့ချင်တယ် ဆိုတာက စစ်အစိုးရရဲ့ အဓိကတိုရစ်ဇင်လုပ်ငန်းကြီး အကျိုးရှိစေတဲ့ အစုအလိုက်အဖွဲ့လိုက်၊ ဂရုတိုးတွေ၊ သဘောင်္ကြီးတွေနဲ့ လာပြီး လည်ပတ်ကြတာမျိုးကို ဆိုလိုတာ မဟုတ်ပါဘူး။ မြန်မာပြည်ရဲ့ ဆင်းရဲဒုက္ခတွေကို ဥပက္ခာပြုပြီး စစ်အစိုးရ တိုက်ရိုက်အကျိုးရှိတဲ့ ဇိမ်ခံခရီးသွားလာကြတာတွေကို ပြောတာ မဟုတ်ဘူး။ ကိုယ့်အစီအစဉ်နဲ့ ကိုယ် တသီးပုဂ္ဂလ ခရီးသည်တွေကို မြန်မာပြည်ရဲ့ ပကတိ ဆင်းရဲဒုက္ခတွေ၊ ကြပ်တည်းဖိနှိပ်မှုတွေကို မြင်တွေ့ သိရှိသွားကြရအောင် လာရောက် လည်ပတ်ကြဖို့ကို ပြောတာဖြစ်ပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတာတွေကို မျက်ဝါးထင်ထင် မြင်အောင် လာကြဖို့၊ ပြန်ပြီး ပြောဆို ဖြန့်ချိနိုင်ဖို့ ပြောတာဖြစ်တယ်။
         ကျနော်တို့ရဲ့ မူလရပ်တည်ချက်ဖြစ်တဲ့ ခရီးသွားလုပ်ငန်းကို သပိတ်မှောက်ထားတာကို ရုတ်သိမ်းတာ မဟုတ်ဘူး။ ကျနော်တို့ မူဝါဒ ပေါ်လစီတွေကို လျော့ပေါ့ပေးလိုက်တယ်လို့ မမြင်စေချင်ဘူး။ စစ်အစိုးရနဲ့ အပေါင်းအပါတွေ တိုက်ရိုက်အကျိုးရှိစေမယ့် လက်ဝါးကြီးအုပ်ထားတဲ့ အင်ဒတ်စ်တရီကြီးတွေ၊ လုပ်ငန်းကြီးတွေကို ပိတ်ဆို့အရေးယူထားတဲ့ ဆန်ရှင်တွေကို ကျနော်တို့က ဘာမှ ပြောစရာမရှိပါဘူး။ အဲသလို နားလည်စေချင်တယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts