>
ငါ့ကို ရွေးကောက်ပွဲတွေ ပြန်ပေး
မောင်ရစ်
နိုဝင်ဘာ ၅၊ ၂၀၁၀
နိုဝင်ဘာ ၂ မှာ အမေရိကန်ရဲ့ လွှတ်တော်ကြီး ၂ ရပ်ရဲ့ ကြားဖြတ်ရွေးကောက်ပွဲတွေ ကျင်းပတယ်။ ၂၀၀၈ သမ္မတရွေးကောက်ပွဲ အနိုင်ရ ဒီမိုကရက်တစ်ပါတီဟာ ၂၀၁၀ လွှတ်တော်ရွေးကောက်ပွဲမှာ အတော်ထိသွားတယ်။ ပြိုင်ဖက် လူနည်းစုပါတီ ရီပတ်ဘလစ်ကန်ပါတီက နေရာအတော်များများမှာ ပြန်နိုင်တယ်။ အောက်လွှတ်တော် (လူဦးရေအခြေခံ) အမတ်နေရာ အများစု ကိုရပြီး အောက်လွှတ်တော်ခေါင်းဆောင်နေရာကို ရစ်ပတ်လစ်ကန်ပါတီက ပြန်ရသွားတယ်။ အထက်လွှတ်တော် (ပြည်နယ်အခြေခံ၊ တပြည်နယ် ၂ ဦးကျ၊ ပြည်နယ် ၅၀၊ အမတ် ၁၀၀) အမတ်နေရာ အများစုကိုတော့ ဒီမိုကရက်တစ်ပါတီက လက်မလွှတ်လိုက်ရတော့ အထက်လွှတ်တော်လူများစုပါတီအဖြစ် ဒီမိုကရက်တစ်တွေ ကျန်ရစ်တယ်။
အခုလို ကြားဖြတ်ရွေးကောက်ပွဲမှာ အာဏာရဒီမိုကရက်တွေ အမတ်နေရာတွေ ရှုံးရတာဟာ စီးပွားပျက်ကပ်ထဲက အမေရိကန်ပြည်ကြီးကို ၂ နှစ်အတွင်း ခြေမြန်လက်မြန် မကယ်ဆယ်နိုင်သေးလို့၊ စီးပွားတွေ ကြပ်နေဆဲ၊ အလုပ်တွေ ရှားပါးနေဆဲ၊ အစိုးရရဲ့ အခွန်အတုတ်တွေနဲ့ အသုံးအစွဲတွေ မထိန်းချုပ်ပဲ လက်ဖွာနေဆဲ ဖြစ်နေလို့ အကြမ်းအားဖြင့် သုံးသပ်ပါတယ်။ တဖက်ကတော့ ၈ နှစ်လောက် စစ်တွေ တိုက်ပြီး စားသုံးသူတွေကို အကြွေးတွေ ပိအောင်လုပ်ထားတဲ့ အရင်းရှင်ကြီးတွေ၊ လုပ်ငန်းရှင်ကြီးတွေ၊ အစိုးရတွေကို အပြစ်တင်ကြပါတယ်။ ဘယ်လိုလုပ် ၂ နှစ်နဲ့ ကမ္ဘာထိပ်သီးနိုင်ငံကြီးကို စီးပွားပျက်ကပ်ထဲက ဆွဲတင်နိုင်ပါ့မလဲပေါ့။ သည်လိုလဲ ပြောကြတယ်။
အသက် ၅၀ နားသီနေပြီဖြစ်တဲ့ နိုဘယ်ဆုရှင်ကြီး၊ အမေရိကန်ရဲ့ ပထဦးဆုံး လူမည်းသမ္မတကြီး၊ လူဖြူတွေနဲ့ လူ့မလိုင် မိုးမြင့်အထက်တန်းစား အရင်းရှင်ကြီးတွေ အတော်များများက မျက်စိစပါးမွှေးစူးခံရတဲ့၊ အစွန်းရောက်တွေ ရှေးရိုးစွဲတွေက ကျိတ်ပြီးတော့ မျက်စောင်းထိုးခံထားရသူ သမ္မတကြီး အိုဘားမားကတော့ ရွေးကောက်ပွဲရလဒ်ဟာ သူတို့ဒီမိုကရက်တစ်ပါတီကို တဖက်ပါတီနဲ့ ညှိနှိုင်းစေ့စပ်ပြီး အလုပ်လုပ်ကြဖို့၊ မဲဆန္ဒရှင်တွေက အချက်ပြလိုက်တာပဲ။ ကျနော်တို့တတွေ အသုံးအစွဲတွေ လုပ်နည်း ကိုင်နည်းတွေကို ပြန်ပြီး ပြင်ဆင်ပြုပြင်သင့်တာ လုပ်ကြရမှာပေါ့လို့ သတင်းစာရှင်းလင်းပွဲမှာ မပြုံးတဲ့မျက်နှာနဲ့ ပြောသွားတယ်။
အိုဘားမားကို ကြည့်ပြီးတော့ မောင်ရစ်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကိုပဲ မျက်စိထဲ မြင်နေတယ်။ လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်က ၁၉ ၉ ၀မှာ အင်န်အယ်ဒီပါတီက ရွေးကောက်ပွဲ နိုင်ခဲ့အပြီး သူ့ကိုသာ တိုင်းပြည်ခေါင်းဆောင်အဖြစ် တင်မြှောက်နိုင်ခဲ့ကြခဲ့ရင်ဖြင့် အင်း … ဒေါ်စုလည်း အခု အိုဘားမား အရွယ်လောက်နဲ့ သမ္မတကြီးပဲလား၊ ၀န်ကြီးချုပ်ကြီးပဲလား လုပ်နေခဲ့မှာပဲပေါ့။
အင်း ပြီးတော့လည်း အနှစ် ၄၀လောက် အာဏာရှင်တွေ ဖျက်ဆီးထားတဲ့ အထွေထွေ ချွတ်ချူံကျ တိုင်းပြည်ကြီးကို  လွှတ်တော်သက်တမ်း ၂ နှစ် ၃ နှစ် ၄ နှစ် လောက်နဲ့ လူတကိုယ်၊ ကားတစီး၊ တယ်လီဖုံးတလုံး၊ တိုက်တစီး မလုပ်နိုင်ရကောင်းလားလို့ တချို့သော မဲဆန္ဒရှင်တွေ၊ ရှေးရိုးစွဲတွေ၊ အဆိုးမြင်ဝါဒီတွေက အပြစ်တွေ တင်ကြ၊ စွပ်စွဲကြပြီး သကာလ အခု မောင်အိုဘားမား ဖြစ်နေသလိုပဲ ဒေါ်စုလည်း ပြုံးနိုင်မယ် မထင်ဘူး။
တပ်မတော်ကြီးတောင် ကွန်မြူနစ်ဆိုသူတွေ၊ ပုဆိန်ရိုးတွေ၊ အကြမ်းဖက်သမား ဆိုသူတွေ၊ အဆိုးမြင်ဝါဒီတွေကို တိုက်ခိုက်၊ သတ်ဖြတ်၊ ဖမ်းဆီး၊ နှိပ်စက်၊ ထောင်ချတဲ့ အလုပ်တွေ မနည်း လုပ်ကိုင် ဖြေရှင်းတာ အနှစ် ၂၀ ကျော် ကြာတော့မှ အခုလိုမျိုး ချီပြီး တုတ်ပြီး ရွေးကောက်ပွဲ နောက်တခု ကို နိုဝင်ဘာ ၇ ရက်မှာ လုပ်နိုင်တော့တယ် မဟုတ်လား။ ဒါတောင် ဒေါ်အောင်ဆန်းစုကြည်ကို ယခုအချိန်ထိ ပြုံးမပြနိုင်သေးဘူး။ (ဖြစ်ပုံ)
အမေရိကန်လို ၁၇၇၆ ခုနှစ်ကတည်းက လွတ်လပ်ရေး ရခဲ့တဲ့ ပြည်ထောင်စုနိုင်ငံတခုဟာ နှစ်ပေါင်း ၂၃၄ နှစ် ကျော်သည့်တိုင်အောင် မတူညီတဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အခြေခံတွေ၊ လမ်းစဉ်တွေ၊ စီမံကိန်းတွေကို အကောင်အထည်ဖော်နိုင်ကြဖို့  ရွေးကောက်ပွဲမျက်နှာစာမှာ ဘတပြန် ကျားတပြန် တဖက်နဲ့ တဖက် တပါတီနဲ့ တပါတီ ပြိုင်ဆိုင် အနိုင်ယူကြဖို့ လုံးပမ်းကြရတာ သဘာဝပါပဲ။ သို့သော်လည်း နိုင်ငံရေး ရင့်ကျက်မှုနဲ့ သီးခံ စိတ်ရှည်မှုတွေကို လေ့ကျင့်ထားပြီးသား ဖြစ်တဲ့အပြင် လွတ်လပ်ခွင့် အာမခံချက် အပြည့်ရှိတဲ့အတွက် မတူတဲ့သူ ကိုယ့်ရန်သူပဲ ဆိုပြီးတော့ အသက်သတ်ပစ်မယ့်အစား၊ ကိုယ်ကာယ ထိခိုက်ဒဏ်ရာရောက်အောင် လုပ်ပစ်မယ့်အစား ဂုဏ်သိက္ခာရှိစွာနဲ့ ရွေးကောက်ပွဲဆန္ဒမဲအဆုံးအဖြတ်ကို ယှဉ်ပြိုင်ပြီး အနိုင်ယူတာ၊ အရှုံးပေးကြတာကို လုပ်တာ ချီးကျူးအားကျမိပါတယ်။
၂၀၁၀ နိုဝင်ဘာ ၂ အမေရိကန်ကြားဖြတ်ရွေးကောက်ပွဲမှာ ဒီမိုကရက်တွေ ရှုံးပြီး ရစ်ပတ်ဘလစ်ကန်တွေ နိုင်သွားတော့ မောင်ရစ်တို့လို ခပ်တုံးတုံးကောင်တွေဆိုတာ တီဗီကနေ အိုဘားမားက အရေးပေါ်အခြေအနေ ကြေညာပြီးတော့ အာဏာတွေများ သိမ်းလိုက်မလားဟဲ့၊ ရွေးကောက်ပွဲကို ဖျက်သိမ်းလိုက်မလားဟဲ့ လို့ ရင်ဖိပြီး စောင့်ကြည့်မိနေတာပေါ့ခင်ဗျာ။ အောင်မယ် မစ္စတာအိုဘားမားက မျက်နှာသေလေးနဲ့ ထွက်လာပြီး ကျနော်တို့ ပါတီရှုံးတယ်ဗျာ။ ဆက်ကြိုးစားရမှာပေါ့။ သင်ခန်းစာ ယူရမှာပေါ့လို့ ပြောသွားတော့ မောင်ရစ်များ မှင်တောင် သက်မိပါတယ်။ သန်းရွှေတို့ မောင်အေးတို့ စီအင်အင်တွေ၊ ဖောက်စ်တွေ၊ အင်အက်စ်အမ်ဘီစီ (CNN, Fox, MSNBC) သတင်းတွေ ကြည့်ဖို့ တိုက်တွန်းလိုက်ချင်ပါရဲ့။ သူတို့ခင်ဗျာ ခေတ်ပညာမတတ်တော့ မြန်မာလိုထုတ်လွှင့်တဲ့ ရေဒီယိုတွေ၊ တီဗီတွေ၊ ၀က်ဆိုက်တွေ ဘာတွေပဲ ကြည့်ရ နားထောင်နေရတော့ ဘယ် အမြင်ကျယ်မှာတုန်းလေ။ 
ဒေါ်အောင်ဆန်းစုကြည်တို့ပါတီသာ ၁၉ ၉ ၀ ခုနှစ်တုံးက အနိုင်ရတဲ့ အာဏာရပါတီဖြစ်ခဲ့ရင် လွှတ်တော်ကြီးများသာ ဖွဲ့ဖြစ်ခဲ့လို့ သက်တမ်း ၄ နှစ်လောက်နဲ့တော့ သူတို့လည်း တိုင်းပြည်ကြီးကို အဆိုးထဲက အကောင်းဖက် ဦးလှည့်အောင် အပြတ်အသတ်တော့ လုပ်နိုင်လိမ့်မယ် မထင်ပါဘူး။ အနည်းဆုံးတော့ ဒီမိုကရေစီနည်းကျတဲ့ လွတ်လပ်မှုနဲ့ တရားမျှတမှုနဲ့ တိုင်းရင်းသားတန်းတူညီမျှမှု အာမခံတဲ့ အခြေခံဥပဒေကြီးတခုကိုတော့ အားလုံးဝိုင်းပြီး ဖြစ်မြောက်အောင် ဆွဲနိုင်ကြမယ်လို့တော့ ထင်မြင်မိပါတယ် ခင်ဗျာ။ အဲသည်ပြည်ထောင်စုစနစ်ကြီးနဲ့ စစ်မှန်သော ရွေးကောက်ပွဲတွေ၊ မဲစနစ်ကို နဲ့ တိုင်းသူပြည်သားတွေ ခရီးဆက်ဖြစ်ကြမယ် ထင်တယ်။
၂၀၀၈ ခုနှစ်မှာ ရစ်ပတ်ဘလစ်ကန်ပါတီ သမ္မတရွေးကောက်ပွဲမှာကော၊ လွှတ်တော်မှာကော အကြီးအကျယ် ရှုံးတော့ ဒီမိုကရက်တစ်ပါတီက တခါတည်း လမ်းပေါ်ထွက်ပြီး ဆေးရိုးလှမ်းခဲ့တာပါပဲ။ (အရမ်းကို ပျော်ရွှင် ယစ်မူး မိုးမမြင် လေမမြင် ဖြစ်တယ်ကို ပြောတာပါ)။ အမေရိကန်ပြည်ထောင်စုမှာ ရှေးရိုးစွဲတွေ နေ၀င်ပြီဆိုပြီး လက်ခမောင်း တဖြောင်းဖြောင်း ခတ်ကြတော့ကလား။ သို့သော်လည်း တခြားတဖက်ကလည်း အရှုံးကို သင်ခန်းစာယူပြီး အပြတ်ကို ပြင်ဆင် ပြုပြင် တိုက်စစ်ဆင်ဖို့ စနစ်တကျ လုပ်တော့တာပါပဲ။ 
ရှေးရိုးစွဲတွေ၊ မိရိုးဖလာရိုးရာကို ဆုတ်ကိုင်လိုသူတွေဟာ ငွေအရင်း၊ လူအရင်း၊ အကြံအစည် အခင်းအကျင်းတွေ အစုံခင်းပြီး ကြံ့ကြံ့ခံပါတယ်။ လွှတ်တော်ထဲမှာလည်း သူတို့အယူအဆတွေဖက်က ခေါင်းမာမာနဲ့ ပြန်ခံစစ်ဆင်ပါတယ်။ ပြင်ပမှာလည်း ပြည်သူတွေထဲကို ၀ါဒဖြန့်တာတွေ၊ ဆန္ဒပြပွဲ ချီတက်ပွဲ လှုပ်ရှားမှုတွေနဲ့ စည်းရုံးလှုံဆော်ပါတယ်။ မီဒီယာတွေကို သူတို့အသံတွေ အမြင်တွေ ရောက်အောင် ပြန့်နှံ့အောင် အရောက်ပို့ဆောင်ပါတယ်။ ၂၀၀၈ ကနေ ၂၀၁၀ အထိ မနားမနေပါပဲ။ အဲဒါကို လျှော့တွက်ခဲ့သူတွေဟာ အခု ၂၀၁၀ ကြားဖြတ်ရွေးကောက်ပွဲမှာ အပြတ်အသတ်ကို အထိနာကြတော့တယ်လို့ ပြောချင်ပါတယ်။ ဘာတဲ့ … ရစ်ပတ်ဘလစ်ကန်တွေ နေ၀င်ပြီးလို့ ပြောခဲ့သူတွေခင်ဗျာ အမှောင်ကျသွားလိုက်တာ ဟိုဘက်ကရီပတ်ဘလစ်ကန်ကောင်တွေဆီမှာ မီးထိန်ထိန်သာနေတဲ့အပြင် အ၀ီစိတွင်းရေတောင် ကန်ထရိုက်တိုက်ပေါ် တင်နေလိုက်သေး … အဲလေ မြန်မာပြည်နဲ့ ရောသွားလို့ပါ။
အမေရိကန်က ၁၇၇၆ မှာ တိုင်းပြည်ကို လွတ်လပ်ရေး ကြေညာတယ်၊ အင်္ဂလိပ်ကိုလိုနီအရှင်သခင်တွေကို စစ်တိုက်ပြီး မောင်းထုတ်တယ်။ အဲသည်တုံးက ခေါင်းဆောင်တွေဟာ လက်ရုံးရည်၊ နှလုံးရည် အပြည့်အစုံနဲ့ လူတွေ ဒေါင်ဒေါင်မြည်တွေ။ စစ်သား၊ သတင်းစာဆရာ၊ တွေးခေါ်ရှင်၊ တီထွင်သူ၊ စိတ်ကူးယဉ်၊ စီးပွားရေးသမား၊ လူကြီး၊ လူငယ် အစုံပဲဗျ။ လူမျိုးစုံပဲ။ ပြီးတော့ အတူတိုက်ခဲ့ကြတဲ့ ကိုလိုနီနယ် ၁၃ နယ်က အတူနေကြစို့ဆိုပြီး အတော် အကြိတ်အနယ်ဖြစ်ပြီးတော့မှ ၁၇၈၇ (၁၁ နှစ် ကြာမှ) ပြည်ထောင်စုစနစ်အခြေပြုတဲ့ အခြေခံဥပဒေကို ဆွဲကြတယ်။ အဲသည် အခြေခံဥပဒေဟာ ဖြည့်စွက် ပြင်ဆင်ထည့်သွင်းတာတွေချည်းကို အခုထိ ၂၇ ချက် သော ပြင်ဆင်ချက်တွေ ရှိတယ်ဗျာ။ လိုရင် လိုသလို ပြင်ဦးမှာပဲ။ ကဲ … အခု အနှစ် ၂၀ ကျော်ကြာ ပြည်သူ့သွေး၊ သံဃာသွေးနဲ့ စတေးပြီး ရေးတဲ့ စစ်အစိုးရ အခြေခံဥပဒေနဲ့ အနှစ်သာရချင်း အတော်ကွာနေပြီ။ အခြေခံဥပဒေအကြောင်းပဲပြောမယ်လေ … ရွေးကောက်ပွဲဆီ ဆက်မသွားတော့ဘူး။ ကိုယ့်တိုင်းပြည်က ရွေးကောက်ပွဲက လူကြားထဲ ထုတ်မပြောကောင်းဘူး။ ရှက်စရာ ကောင်းလွန်းလို့ပါ။
သက်တမ်း အနှစ် ၂၀၀ ကျော်တဲ့ အမေရိကန်ပြည်ထောင်စုကြီးမှာ နိုင်ငံရေး ရင့်ကျက်မှု၊ စိတ်ရှည် သီးခံမှု၊ လွတ်လပ်ခွင့် အာမခံမှုတွေနဲ့ တိုင်းပြည်အရေးကိစ္စတွေကို ရွေးကောက်ပွဲနဲ့ပဲ အဆုံးအဖြတ်ခံပါတော့တယ် ဆိုတာကို အပေါ်ယံလေး မြန်မာပြည်က စစ်ဗိုလ်ချူပ်ကြီးတွေ၊ ကြံ့ဖွတ်ကြီးတွေ၊ ဒီမိုကရေစီအရေခြုံကြီးတွေကို သွားပြောရင် သူတို့ကလည်း “အခုကလည်း ကိုယ်တို့ လုပ်နေကြပြီလေကွာ။ သူတို့က ၂ ရက်နေ့၊ ကိုယ်တို့က ၇ ရက်နေ့ လေ” မျက်နှာပြောင်ပြောင်နဲ့ ပြန်ပြောဦးမှာ မြင်ယောင်နေလို့ သွားမပြောတော့ပါဘူး။ အဖတ်တင်လွန်းလို့ပါ။
လွန်ခဲ့တဲ့အနှစ် ၂၀ ကတည်းက ရွေးကောက်ပွဲတွေ လွှတ်တော်တွေ ကျင်းပဖြစ်ခဲ့ရင်၊ စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စုစနစ်သာ ရှိခဲ့ရင် ဒေါ်အောင်ဆန်းစုကြည်လည်း ရွေးကောက်ပွဲတွေမှာ ရှုံးလိုက် နိုင်လိုက်နဲ့ လူကြီး လူငယ်တွေ အလွှာစုံနဲ့ အပြိုင် အနိုင်ကြဲနေခဲ့မှာပဲ လို့ မျက်ရည်ဝဲပြီး တွေးမိတယ်။ ဦးဝင်းတင်၊ ဦးတင်ဦးတို့လည်း ဘုရားဖူးလိုက်၊ ကမ္ဘာလှည့်ပြီး အလည်သွားလိုက် နေမှာပဲလို့ မြင်မိတယ်။ ဖခင်ကြီး ဗိုလ်ချူပ်အောင်ဆန်း အိပ်မက်မက်ခဲ့သလို ဒေါ်စုလည်း မိသားစုနဲ့ သံလျင်တဖက်ကမ်းမှာ ခြံလေးစိုက်ပြီး စာဖတ်လိုက် စာရေးလိုက်နဲ့ ခုလောက်ဆို အနားယူနေလောက်ပြီပေါ့နော်။ မောင်ရစ်လည်း အခုလိုမျိုး အရူးချီးပန်းစာတွေ ရေးနေစရာ မလိုဘူး။ လှည်းတန်းဈေးမှာ ကွန်ပျူတာပြင်ဆိုင်လေးဖြစ်ဖြစ် စာအုပ်အငှားဆိုင်လေးနဲ့ ဟန်ကျနေမှာပဲလို့ တွေးမိနေတယ်။ တပ်မတော်သားတွေလည်း စစ်တန်းလျားပြန်ပြီပေါ့ဗျာ။ မောင်ရစ်တို့နောက်က မျိုးဆက်သစ်တွေတောင် တပ်မတော်ထဲကို ဂုဏ်ယူပြီး ရင်ကော့ပြီး တန်းစီပြီး ၀င်နေမှာ မြင်ယောင်မိပါရဲ့။
အင်း … သို့သော်လည်းတဲ့ အဲတဲ့ပေါ့လေ။ အခုအချိန်မှာတော့ မောင်ရစ်တို့လည်း အမေရိကန်ရွေးကောက်ပွဲကြီးကို သွားရည်တမြားမြားနဲ့ မစားရ ညှော်ခံပြီး ကြည့်လို့ ကျန်ရစ်တယ်။ ကယ်လီဖိုးနီးယားကတော့ ရစ်ပတ်ဘလစ်ကန်တွေကို အညံ့မခံခဲ့ဘူး။ ၆ နှစ်လောက် ဗိုလ်လုပ်နေတဲ့ ရီပတ်ဘလစ်ကန်ပြည်နယ်မှူးချုပ်ကြီး အာနိုးကို အစားထိုးဖို့ ဒီမိုကရက်တစ်ခေါင်းဆောင် တဦး (ဂျယ်ရီဘရောင်း) ကို ရွေးချယ်လိုက်တယ်။ ငွေရှင်ကြေးရှင် ရစ်ပတ်ဘလစ်ကန်တဦးကို အနိုင်ယူလို့ပေါ့လေ။ ထို့အတူ ပြည်နယ်အထက်လွှတ်တော်အမတ်အဖြစ် (ဘာဘာရာဘောက်စာ) ဒီမိုကရက်တဦးကိုပဲ မဲပေးလိုက်တယ်။ ရစ်ပတ်ဘလစ်ကန် စီးပွားရေးသမားတဦးကို မရွေးခဲ့ဘူး။ အနည်းဆုံးတော့ ရစ်ပတ်ဘလစ်ကန်တွေ လွှမ်းသွားတဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ ကယ်လီဖိုးနီးယားတွေက ဒီမိုကရက်တစ်တွေအဖြစ်နဲ့ နှစ်ပေါင်း များစွာ အမြဲတမ်းတောက်လျောက် ကျန်ရစ်တယ်။ 
ဟိတ် … ငါ့ကို ရွေးကောက်ပွဲတွေ ပြန်ပေး …။       ။
		