>
အကျိုးစီးပွားအရ ကြံ့ဖွံ့ကို လက်ခံနေရသော်လည်း မဲပေးမည်မဟုတ်
မိုးမခ အထောက်တော်၊ ရန်ကုန်
အောက်တိုဘာ ၁၆၊ ၂၀၁၀
ပုဇွန်တောင်မြို့နယ်မှ ဝင်ပြိုင်မည့် တသီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးရန်ကျော်အတွက် မဲဆွယ်နေသူများ (ဓာတ်ပုံများ – Reuters) ကြံ့ဖွံ့ပါတီကို ထောက်ပံ့ကူညီမှုတွေ ပေးနေရတဲ့ အချို့စီးပွားရေးသမားတွေ အနေနဲ့ ကိုယ့်အကျိုးစီးပွားအတွက် ကူညီနေရပေမယ့် တဦးချင်း အနေနဲ့တော့ သူတို့ကို မဲပေးလိမ့်မှာ မဟုတ်ဘူးလို့ ကြားသိနေရပါတယ်။
တာမွေမြို့နယ်မှာ နေထိုင်လျက်ရှိပြီး ကိုယ်ပိုင်စီးပွားရေး လုပ်ကိုင်သူတဦးက ပြောရာမှာ
“ကျွန်တော်က ကြံ့ဖွံ့အသင်းပိုင် အခန်းတခန်းကို ငှားထားပြီး စီးပွားရေး လုပ်နေတော့ အခုလက်ရှိ အနေအထားမှာ သူတို့ပါတီရဲ့ စည်းရုံးရေးကိစ္စ၊ ရွေးကောက်ပွဲကိစ္စတွေမှာ ၀ိုင်းကူလုပ်ပေးနေရတယ်။ စီးပွားရေးအရ မကင်းနိုင်တာကြောင့်ပါ။ ကျွန်တော်တဦးချင်း အနေနဲ့တော့ သူတို့ကို မဲမပေးဘူး။ ကြံ့ဖွံ့ပါတီက စစ်အစိုးရရဲ့ ပါတီဆိုတာလည်း သိတယ်။ စီးပွားရေးအရ ပတ်သက်နေလို့သာ မကူညီချင်လည်း ကူညီနေရတာ”
လို့ ပြောပါတယ်။
သူ့အနေနဲ့ စစ်အစိုးရရဲ့ တလွဲစီမံခန့်ခွဲတာကြောင့် စီးပွားရေး မကောင်းတာ၊ လျှပ်စစ်မီး၊ ရေမှန်မှန်မလာတာတွေကို သိရှိနေပြီး ဒီလိုအုပ်ချုပ်တဲ့ အစိုးရမျိုးကို မဲမပေးသင့်ဘူးဆိုတာ ကောင်းကောင်းနားလည်ထားတယ်လို့ လည်းပြောပါတယ်။
ထင်ရှား ကျော်ကြားသည့် သရုပ်ဆောင် လွင်မိုးက ယခုသီတင်းပတ်ထုတ် ဆဲဗင်းဒေးစ် ဂျာနယ်ရဲ့ မေးမြန်းချက်ကို ဖြေဆိုရာမှာ ဇေကမ္ဘာ ဦးခင်ရွှေရဲ့ မဲဆွယ်ခရီးမှာ လိုက်သွားရတဲ့ အကြောင်းအချက် တချက်ကတော့ ဦးခင်ရွှေနဲ့ စီးပွားရေး ဆက်စပ် လုပ်ကိုင်ထားတာတွေ ရှိတာကြောင့် လို့ပြောသွားပါတယ်။
ဦးခင်ရွှေဟာ မြန်မာစစ်အစိုးရရဲ့ နံပါတ် ၃ ခေါင်းဆောင်လို့ သိရှိကြတဲ့ သူရဦးရွှေမန်းနဲ့ ခမိခမက် တော်စပ်သူဖြစ်ပြီး ဆောက်လုပ်ရေး၊ ကုန်သွယ်ရေး အစရှိတဲ့ စီးပွားရေးလုပ်ငန်းများစွာ လုပ်ကိုင်နေသူဖြစ်ပါတယ်။ အဲဒီလို နအဖ ခေါင်းဆောင်တွေနဲ့ စီးပွားရေးအရရော၊ ပုဂ္ဂိုလ်ရေးအရပါ ဆက်စပ်နေလို့ ကြံ့ဖွံ့ပါတီရဲ့ ဆိုင်းဘုတ်အောက်မှာ တိုင်းဒေသကြီးလွှတ်တော် အမတ်အဖြစ် ၀င်ရွေးခံသလို သူ့နဲ့ စီးပွားရေး ဆက်စပ်မှုရှိတဲ့ အကယ်ဒမီလွင်မိုး အနေနဲ့လည်း စည်းရုံးရေး ခရီးစဉ်မှာ လိုက်ကူညီရတဲ့သဘောလို့ မီဒီယာ သမားတဦးက သုံးသပ်ပါတယ်။
မြန်မာနိုင်ငံရဲ့ စီးပွားရေး လုပ်ငန်းများ၊ အခွင့်အလမ်းများအားလုံးနီးပါးကို စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နဲ့ စစ်အစိုးရနဲ့ နီးစပ်တဲ့ လုပ်ငန်းရှင်ကြီးများကသာ ချုပ်ကိုင်ထားကြပါတယ်။ မိုဘိုင်း တယ်လီဖုန်း၊ အင်တာနက်တို့ကို သုံးစွဲသူထံ လက်လီရောင်းချရာမှာ ထူးကုမဏီ၊ Red Link ကုမဏီတို့က အဓိကလုပ်ပိုင်ခွင့်ရကြတာ တွေ့ရပါတယ်။
အိမ်စီးကား တင်သွင်းခွင့် ပါမစ်လိုမျိုးကိုလည်း ယခင်ကြံ့ဖွံ့အသင်းပိုင် မြန်ဂုဏ်မြင့်ကုမဏီနဲ့ စီးပွားရေး ဦးပိုင်တို့ကသာ နှစ်အတန်ကြာ လက်ဝါးကြီးအုပ် လုပ်ကိုင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ ကြံ့ဖွံ့ပါတီဟာ အဆိုပါ စီးပွားရေးလုပ်ငန်းတွေနဲ့ လိုင်စင်ရောင်းချရာမှ ရတဲ့ငွေကြေးတွေကိုသုံးပြီး ယခုကျင်းပမယ့် ရွေးကောက်ပွဲမှာ အပြတ်အသတ် နိုင်ဖို့ကြိုးစားနေတာလည်း ဖြစ်ပါတယ်။
“ စစ်အစိုးရနဲ့ ကြံ့ဖွံ့ပါတီနဲ့ ဆက်စပ်နေသူတွေကိုယ်တိုင်က စစ်အစိုးရကို ရော၊ ရွေးကောက်ပွဲကိုပါ အယုံအကြည်မရှိဘူး၊ ပြီးတော့ ကိုယ်ကျိုးစီးပွားအတွက် ပေါင်းသင်းပြီး နေကြရတာပါလို့ ၀န်ခံလာကြတယ်။ ဒီလိုမျိုး လူတန်းစားတွေက အများကြီးပဲ။ အဲလိုမျိုးနဲ့ ရွေးကောက်ပွဲအလွန်မှာ အခုအတိုင်းပဲ စခန်းသွားနေကြရမှာ သေချာတယ်။”
ဟု စာနယ်ဇင်းသမားတဦးက မှတ်ချက်ပေးသည်။
ဦးရန်ကျော်

