>Letters from Michigan – 26

>

မစ်ရှီဂန်မှပေးသောစာ အမှတ်(၂၆)
အောင်ဝေး
အောက်တိုဘာ ၁၅၊ ၂၀၁၀

“—ကောင်းတဲ့ သူတွေက ထောင်ထဲရောက်နေပြီး၊ မကောင်းတဲ့ သူတွေက အပြင်မှာ ရွေးကောက်ပွဲ ကျင်းပဖို့ တာစူနေတဲ့ အချိန်ပဲ မဟုတ်လား—”


မိတ်ဆွေကြီးကိုဒေါင်း-
ကျန်းခံ့သာလို့ မာပါစ။ အရင်တစ်ပတ်က လက်ငင်း မြန်မာ့နိုင်ငံရေးမှာ ဖြစ်နေတဲ့ ကျပန်း နိုင်ငံရေးသမားတွေ၊ ခါတော်မီ နိုင်ငံရေး အင်အားစုတွေ၊ ပျံကျ နိုင်ငံရေးအုပ်စုတွေ အကြောင်း ကျနော် ပြောခဲ့တယ်။

နိုင်ငံရေးအလုပ် ဆိုတာ တိုင်းပြည်နဲ့ လူမျိုးအတွက် အင်မတန် လိုအပ်တဲ့ အလုပ်ပါ။ လူဆိုတာ နိုင်ငံရေးသတ္တဝါပဲ ဆိုတဲ့ စကားလည်း ရှိတာပဲ။ လူတိုင်းဟာ နိုင်ငံရေးနဲ့ ဘယ်ကင်းပါ့မလဲ။ တက္ကသိုလ် ပါမောက္ခကြီးကနေ လမ်းဘေး ဈေးသည်၊ ကလေးတွေ အထိ၊ အားလုံးဟာ နိုင်ငံရေးနဲ့ ဆက်စပ် ပတ်သက်နေတာပဲ မဟုတ်လား။

ဒီတော့၊ ယေဘုယျအားဖြင့် ဆိုရင်တော့ နိုင်ငံရေးကိုကျနော်တို့ က အဲဒီလို အကောင်းမြင်စိတ်နဲ့ နားလည်ပါတယ်။ တစ်ခုတော့ ရှိတာပေါ့ ကိုဒေါင်းရယ်၊ နိုင်ငံရေးဆိုတိုင်းလည်း ကောင်းတဲ့ နိုင်ငံရေးလား၊ ဆိုးတဲ့ နိုင်ငံရေးလား ဆိုတာတော့ ခွဲခြားဖို့ လိုသေးတာပေါ့ ဗျာ။

ဗိုလ်ချုပ်အောင်ဆန်းတို့ခေတ်တုန်းက ဗြိတိသျှ ထိပ်တန်း အရာရှိကြီး တစ်ဦးက ဗိုလ်ချုပ်ကို “နိုင်ငံရေးဆိုတာ ကလေကချေတွေရဲ့ ခိုလှုံရာပဲ” လို့ မြန်မာ့နိုင်ငံရေးအပေါ် နှိမ်ချပြောလာတဲ့ အခါ၊ ဗိုလ်ချုပ်က သူ့စကားကို လက်မခံကြောင်း ချက်ချင်း ပြန်တုန့်ပြန်ခဲ့ဖူးတာ ရှိပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းအဆိုအရ အမျိုးသား လွတ်မြောက်ရေး ကြိုးပမ်းနေတဲ့ မြန်မာ့နိုင်ငံရေးဟာ မွန်မြတ်တဲ့ အလုပ် ဖြစ်တယ်။ ဒီအလုပ်ကို စွမ်းစွမ်းတမံ ဆောင်ရွက်နေတဲ့ မြန်မာ့နိုင်ငံရေးသမားတွေဟာ လူကြီးလူကောင်းတွေ ဖြစ်တယ်။ ကလေကချေ တစ်ယောက်မှ မပါဘူး။ လွတ်လပ်ရေး ကြိုးပမ်းနေတဲ့ မြန်မာ့နိုင်ငံရေး အင်အားစုဟာ ကလေကချေတွေ စုဝေးနေတဲ့နေရာ မဟုတ်ဘူး။ မြန်မာ့ နိုင်ငံရေးဆိုတာ တိုင်းပြည်နဲ့ လူမျိုးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံတဲ့ သူရဲကောင်းတွေ စုဝေးနေတဲ့ နေရာပဲ လို့ ဗိုလ်ချုပ်အောင်ဆန်း တုန့်ပြန် ပြောဆိုခဲ့တာကို ကိုဒေါင်းတို့၊ ကျနော်တို့ ကြားခဲ့ဖူး၊ ဖတ်ခဲ့ဖူးတယ် မဟုတ်လား။

ဗိုလ်ချုပ်အောင်ဆန်း ပြောတဲ့ နိုင်ငံရေးက ကောင်းတဲ့ နိုင်ငံရေးကို ပြောတာပဲ။ ကောင်းတဲ့ နိုင်ငံရေးအလုပ် ဆိုတာ တိုင်းပြည်နဲ့ လူမျိုးအတွက် အင်မတန်ကောင်းတဲ့၊ မွန်မြတ်တဲ့ အလုပ်ပါ။

ဆိုးတဲ့ နိုင်ငံရေးကျတော့ ဒီလို မဟုတ်တော့ဘူး။ ဆိုးတဲ့ နိုင်ငံရေးကျတော့ တိုင်းပြည် တစ်ပြည်လုံးကို အုတ်တံတိုင်းခတ် ကာရံပြီး၊ ကိုယ့်လူမျိုးကို ကိုယ် ပြန် ထောင်သွင်း အကျဉ်းချထားတဲ့ နိုင်ငံရေးပဲ ကိုဒေါင်း။

ဆိုးတဲ့ နိုင်ငံရေး၊ မကောင်းတဲ့ နိုင်ငံရေးရဲ့ ခါးသီးတဲ့ အတွေ့အကြုံတွေကို ကျနော်တို့ ပြည်သူတွေ ရင်ဆိုင် အန်တုခဲ့ရတာ နှစ်ပေါင်း ရှည်ကြာခဲ့ပါပြီ။ (၂၆)နှစ်တာ မဆလ စစ်အစိုးရရဲ့ မကောင်းတဲ့ နိုင်ငံရေးအောက်မှာ၊ ကျောင်းသား အလုပ်သမား ပြည်သူတွေရဲ့ စစ်အာဏာရှင် စနစ် ဆန့်ကျင်ဖြုတ်ချရေး တိုက်ပွဲတွေ အစဉ်မပြတ် ထွက်ပေါ်ခဲ့တာပါပဲ။ ဒါ ဒီမိုကရေစီရေး ကြိုးပမ်းတဲ့ ပြည်သူ့နိုင်ငံရေးပဲ။ ဒါ ကောင်းတဲ့ လုပ်ရပ်ပဲ။

၁၉၈၈-ရှစ်လေးလုံး အရေးတော်ပုံကြီးဟာ ကမ္ဘာမှာ မကြုံဖူးအောင်ကို တုန်ဟည်းခဲ့တာပါ။ မြန်မာပြည်သူတွေ မဟာအောင်ပွဲခံခဲ့တာပါ။ ကမ္ဘာ့နံရံအသီးသီးကိုလည်း ဂယက် ရိုက်ခဲ့တာပါ။ ဒါပေမဲ့ ကျောင်းသားပြည်သူတွေရဲ့ ကောင်းတဲ့ နိုင်ငံရေးလုပ်ရပ်ကနေ ကောင်းတဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အောင်သီး အောင်နှံတွေကို ဆွတ်ယူ မစားသုံးရသေးခင်မှာပဲ၊ ကောင်းတဲ့ ပြည်သူ့ နိုင်ငံရေး အပေါ်ကို၊ စစ်တပ်က မကောင်းတဲ့ နိုင်ငံရေး လုပ်ရပ်က လငပုပ် ဖမ်းသလို ဖုံးအုပ်ပစ်လိုက်တဲ့ အခါကျတော့၊ ကျနော်တို့ ပြည်သူတွေ နဝတ-နအဖ စစ်အာဏာရှင် စနစ်အောက်မှာ ဆက်လက် အဖိနှိပ်ခံနေရတာ အခုဆိုရင် (၂၂)နှစ် တိုင်ခဲ့ပြန်ပြီ ကိုဒေါင်း။

နဝတ-နအဖ စစ်ကျွန်ခေတ် တစ်လျှောက်လုံးမှာလည်း ကျောင်းသားပြည်သူတွေရဲ့ ဆန့်ကျင် အုံကြွမှုတွေ အစဉ်မပြတ် ပေါ်ထွက်ခဲ့တာပါပဲ။ လက်ငင်း အခြေအနေမှာ ဒီမိုကရေစီ တော်လှန်ရေး အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ကြံ့ကြံ့ခံ ရပ်တည်နေတယ်။ ကောင်းတဲ့ နိုင်ငံရေး လုပ်ရပ်ကို ကောင်းတဲ့ နိုင်ငံရေး အင်အားစုတွေက ဆက်လက် လုပ်ဆောင်နေတယ်။

အခုအချိန်မှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဦးခွန်ထွန်းဦးတို့လို၊ ကိုမင်းကိုနိုင်တို့လို၊ ကိုဇာဂနာတို့လို အစရှိသဖြင့် တိုင်းပြည်နဲ့ လူမျိုးကို ဦးဆောင်မှု ပေးနိုင်စွမ်း အပြည့် ရှိတဲ့ ပုဂ္ဂိုလ်တွေ နအဖ စစ်အစိုးရရဲ့ အကျယ်ထောင်၊ အကျဉ်းထောင် အသီးသီးမှာ ချုပ်နှောင်ခံနေရတယ်။

ကိုဒေါင်းရေ၊ ပြောရရင် ကျနော်တို့ တိုင်းပြည်မှာ ကောင်းတဲ့ သူတွေက ထောင်ထဲရောက်နေပြီး၊ မကောင်းတဲ့ သူတွေက အပြင်မှာ ရွေးကောက်ပွဲ ကျင်းပဖို့ တာစူနေတဲ့ အချိန်ပဲ မဟုတ်လား။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLDကတော့ ဒီ အတုအယောင် ရွေးကောက်ပွဲကို မဝင်ပါဘူး။ နအဖရဲ့ ၂ဝဝ၈ဖွဲ့စည်းပုံ အခြေခံဥပဒေက ဘယ်မှာ တရားလို့လဲ။ နအဖရဲ့ ၂ဝ၁ဝရွေးကောက်ပွဲ ဥပဒေကကော ဘယ်မှာ မျှတလို့လဲ။ ဒီလိုအခြေအနေမှာ နအဖရဲ့ ၂ဝ၁ဝရွေးကောက်ပွဲ ဆိုတာလည်း တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲ ဖြစ်လာနိုင်ပါ့မလား။

နအဖ ရွေးကောက်ပွဲ ဝင်ဖို့ လုပ်နေတဲ့ သူတွေ (ကြံ့ဖွတ်ပါတီက လွဲရင်ပေါ့လေ) ဒါကို ပြန်စဉ်းစား သုံးသပ်ဖို့ အချိန် မီပါသေးတယ်။ ပြန်စဉ်းစား သုံးသပ်ကြပါလို့လည်း တိုက်တွန်းချင်တယ်။ ဒီလိုမှ မဟုတ်ရင်တော့ ဒီလူတွေ“လေတံခွန်-ဂျင်-ပြွတ်-မုန့်သိုင်းခြုံ” ဖြစ်တော့မယ် ကိုဒေါင်း။

ဒီစကားရဲ့ အဓိပ္ပာယ်ကိုတော့ နောင်တစ်ပတ်ကျမှပဲ ရှင်းပြတော့မယ်ဗျာ။
အားလုံးကို သတိရလျက်-

အောင်ဝေး
ဇူလိုင် ၁၄-၂ဝ၁ဝ။

[မူရင်း – လွတ်လပ်သည့် အာရှအသံ www.rfa.org/burmese]

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts