>
အောက်တိုဘာ ၁၅၊ ၂၀၁၀
အင်္ဂတေ တ၀က်တပျက် ခင်းထားသည့် ရန်ကုန်မြို့လယ်မှ မော်ထော်လေးလမ်း အောက်ဘလောက်။ အနှစ်နှစ်အလလ မပြုပြင်ဘဲ လျစ်လျူရှုထားသည့် လမ်းများအား ယခု မဲဆွယ်သည့် ကာလရောက်မှ ရန်ကုန်မြို့တော်ဝန်က သူ့လုပ်ပိုင်ခွင့်ကို အသုံးချကာ ကြံ့ဖွံ့ပါတီ နာမည်ခံပြီး ပြင်ဆင်လျက် ရှိသည်။ (ဓာတ်ပုံ – မိုးမခ)
လမ်းခင်းပြခြင်းဖြင့် မဲဆွယ်ပြီး ပါတီဝင်အင်အား စုဆောင်းနေသည့် ကြံ့ဖွံ့ပါတီက ရန်ကုန်ရှိ လမ်းတချို့ကို တ၀က်တပျက်သာ ခင်းပေးပြီး ပညာပြနေသည်။
ကြံ့ဖွံ့ပါတီဝင် စုဆောင်းရာတွင် အရေအတွက် မပြည့်သေးသည့် လမ်းများတွင် လမ်းခင်းခြင်း ရပ်ဆိုင်းထားမည်ဟု ရပ်ကွက် အာဏာပိုင်တို့က ပြောဆိုကြောင်း တာမွေမြို့ခံများထံမှ သိရသည်။
တခြား မြို့နယ်များနည်းတူ တာမွေတွင် လမ်းပြုပြင်နေသည်မှာ စည်ပင်သာယာရေး ကော်မတီ ဖြစ်သော်လည်း ကြံ့ဖွံ့က နာမည်ခံထားသည်။
“ကျွန်တော်တို့ လမ်းသွယ်ကို ကြံ့ဖွံ့ (စည်ပင်သာယာ) က ကွန်ကရစ် တ၀က်တပျက် လာခင်းပြီး ဒီအတိုင်း ထားခဲ့တာ။ တလောက မြို့တော်ဝန်လာတော့ ပစ္စည်းပြတ်နေတာကို တင်ပြတော့ သူက ဘာပြန်ပြောသလဲဆို ပစ္စည်း ပြတ်တာ မဟုတ်ဘူး၊ ပစ္စည်း မချတာ၊ ပစ္စည်းက ရှိတယ်လို့ ပြောသွားတယ်” ဟု တာမွေမှ ဒေသခံတဦးက ပြောသည်။
“ရပ်ကွက်သားတွေက ဘာအဓိပ္ပာယ်လဲ ဆိုတာ ချက်ခြင်း မသိတော့ ရပ်ကွက်က ရယက ကြံ့ဖွံ့တွေကို မေးတော့မှ ကျွန်တော်တို့ ရပ်ကွက်အနေနဲ့ လမ်းပြီးချင်ရင် ကြံ့ဖွံ့ ပါတီဝင် ၂၀၀ ပေးရမယ်၊ ဒါပေမယ့် အခု ၁၀၀ လိုနေသေးလို့ လမ်းဆက်မခင်းဘဲ ရပ်ထားတာ တဲ့။ လမ်းမြန်မြန် ပြီးစေချင်ရင် နောက် ၁၀၀ ကို ပြည့်အောင် မြန်မြန် စုပေး ဆိုတဲ့ သဘောပဲ” ဟု သူက ဆက်ပြောသည်။
ကွန်ကရစ်ကို လမ်း တခြမ်းသာ လောင်းခြင်း၊ အစအဆုံး မဟုတ်ဘဲ တ၀က်တပျက်သာ လောင်းခြင်း တို့ကြောင့် ကား သွားလာရာတွင် ခက်ခဲနေသည်။ ရပ်ကွက်နေလူထုကလည်း မြန်မြန် ဆန်ဆန် ပြီးစီးစေလိုသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာပိုင် ပြင်ညောင် ဘိလပ်မြေစက်ရုံမှ ထွက်သည့် ဘိလပ်မြေများဖြင့် ရန်ကုန်မြို့ရှိ လမ်းသွယ်များ၊ လမ်းမကြီးများ၏ အချို့အစိတ်အပိုင်းများအား ပြင်ဆင်ရာတွင် ပထမအဆင့်အနေဖြင့် လမ်းတခြမ်းကို ခင်းပြီးနောက် တ၀က်တပျက် အနေအထားဖြင့် ပစ်ထားခဲ့ခြင်း ဖြစ်သည်။
တာမွေမြို့နယ်တွင်သာမက ကျောက်တံတား မြို့နယ် မောင်ထော်လေးလမ်း၊ ၂၉လမ်း ၊ ပုဇွန်တောင် ရေကျော်လမ်းမကြီး အစရှိသည့် လမ်းများမှာလည်း တ၀က်တပျက် ခင်းပြီး ရပ်တန့်ထားသည်ကို တွေ့ရသည်။
သတ်မှတ် ပါတီဝင်အင်အား မပြည့်မီပါက ထိုရပ်ကွက်တွင် နေထိုင်သူတို့က ကိုယ်ထူကိုယ်ထ ဆက်လက်ခင်းကြရမည်ဟုလည်း ရန်ကုန်မြို့ခံများက ယူဆနေကြသည်။
ကြံ့ဖွံ့ပါတီတွင် တာဝန်ယူထားပြီး လာမည့်ရွေးကောက်ပွဲတွင်လည်း တောင်ဥက္ကလာမြို့နယ်မှ ၀င်ရောက်ရွေးခံမည့် မြို့တော်ဝန် ဦးအောင်သိန်းလင်းသည် ပါတီစည်းရုံးရေးနှင့် မြို့တော် စည်ပင်သာယာရေး အလုပ်တာဝန်များကို ရောထွေး လုပ်ကိုင်လျက်ရှိသည်ကို တွေ့မြင်နေရသည်။
ရန်ကုန်မြို့နေထိုင်သူနှင့် စီးပွားရေးလုပ်ကိုင်သူများက လမ်းခင်းရန် မြို့သန့်ရှင်းရေး ပြုလုပ်ရန် အခွန်ပေးဆောင်ထားသည့် ငွေကြေးကို ရန်ကုန်မြို့တော်ဝန်က ၎င်းတာဝန်ယူထားသည့် ကြံ့ဖွံ့ပါတီ၏ စည်းရုံးရေး လက်နက်အဖြစ် အသုံးပြုနေသော်လည်း ရွေးကောက်ပွဲကော်မရှင်က ရေငုံ နှုတ်ပိတ်နေသည်ဟု နိုင်ငံရေး စိတ်ဝင်စားသူ တချို့က ဝေဘန်လျက်ရှိသည်။