>More Restriction & Intimidation to Political Prisoners in Insein Prison

>

ရွေးကောက်ပွဲနီးလာချိန် အင်းစိန်ထောင်တွင်း ဖိနှိပ်မှုများ တိုး
မိုးမခအထောက်တော် ၀၀၃
စက်တင်ဘာ ၂၉၊ ၂၀၁၀
          အင်းစိန်ထောင်တွင်းရှိ ချုပ်နှောင်ခံထားရသော နိုင်ငံရေးအကျဉ်းသားများကို ကန့်သတ်မှုများ၊ နေရာပြောင်းရွှေ့မှုများ ပြုလုပ်နေကြောင်း ပြည်တွင်းက သတင်းပေးပို့သည်။ ၂၀၁၀ နိုဝင်ဘာလတွင် ကျင်းပမည် ဆိုသည့် စစ်အစိုးရ၏ ရွေးကောက်ပွဲတွင် မဲပေးနိုင်ရန် စာရင်းများ ကောက်ခြင်း၊ ပြုစုခြင်းများ လုပ်နေသည်ဟု ဆိုသော်လည်း နိုင်ငံရေးအကျဉ်းသားများကို ရွေးကောက်ပွဲနှင့် တိုင်းပြည်အခြေအနေများ သိရှိလေ့လာနိုင်စေရန် သတင်းစာ၊ ရုပ်မြင်သံကြား စသည်တို့ကို ကြည့်ရှုခွင့်ကို တားမြစ်ထားဆဲ ဖြစ်သည်။
          စက်တင်ဘာလ ၂၂ ရက်က အဆောင်မှူးတာဝန်များ အပြောင်းအလဲပြုလုပ်ရာတွင် နံမည်ဆိုးဖြင့် ကျော်ကြားသော ထောင်မှူး မြင့်ဦးဆိုသူသည် ၅ ဆောင်တိုက်မှ ၁ တိုက်သို့ ပြောင်းရွှေ့လာခဲ့ကြောင်း၊ ၁ တိုက်က နိုင်ငံရေးအကျဉ်းသား တိုင်းရင်းသား ၇ ဦးကို ပြစ်ဒဏ်ကျ အကျဉ်းသားများရှိရာ အဆောင်များသို့ ခွဲဖြန့်ပြီး ရွှေ့ပြောင်းခဲ့ကြောင်း၊ သာမန်အားဖြင့် မလိုအပ်ဘဲ နိုင်ငံရေးအကျဉ်းသားများ၊ သာမန်အကျဉ်းသားများကို ရောနှောခြင်း၊ ရွှေ့ပြောင်းခြင်း လုပ်လေ့မရှိသဖြင့် ယခုအချိန်တွင် ထောင်မှူးမြင့်ဦးက အင်းစိန်ထောင်တွင်း တင်းမာမှုကို တမင်ဖန်တီးယူနေသကဲ့သို့ ဖြစ်ကြောင်း သတင်းပေးပို့သူက ပြောကြားသည်။
          “အင်းစိန်ထောင်ထဲမှာ တိုးတက်ပြောင်းလဲမှုတွေ လုပ်ရမယ်လို့ အထက်အာဏာပိုင်တွေက ညွှန်ကြားထားတယ်လို့ ပြောတယ်။ ဒါပေမယ့် အဲသည်ထောင်မှူးက နိုင်ငံရေးအကျဉ်းသားတွေကို နှိပ်စက်တာတွေ ဖိနှိပ်တာတွေနဲ့ နာမည်ဆိုးထွက်တဲ့သူ ဖြစ်တယ်။ တလောက သီတဂူဆရာတော်ကြီးက ထောင်ထဲမှာ အလှူလုပ်တာတွေ၊ တရားဟောတာတွေ လုပ်တာကို စစ်အစိုးရက တခမ်းတနား ထုတ်ပြနေတယ်။ တကယ်က ဆရာတော်ကြီးက ဒါမျိုးကို ပုံမှန်ကုသိုလ်လုပ်လေ့ရှိတယ် ဆိုတာကိုတော့ ထုတ်မပြောဘဲ စစ်အစိုးရကပဲ ကမကထလုပ်ပေးနေသလို သတင်းကို ပြနေတယ်။  ဘာပဲပြောပြော မေတ္တာအခါတော်နေ့က ဆရာတော်ကြီး ဟောပြောဆုံးမတာတွေကို မလိုက်နာဘဲ ဥပက္ခာပြုနေတာက ထောင်အုပ်ချုပ်ရေးဝန်ထမ်းတွေဆိုတာကို အပြင်ကလူတွေ သိသွားစေချင်တယ်။”
          ဟု ၎င်းက သူ့အမြင်ကို ပြောသည်။
          “အပြင်မှာကတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ထောင်သားတွေ၊ အကျဉ်းကျတွေ ဂျာနယ်၊ မဂ္ဂဇင်း၊ သတင်းစာတွေ ဖတ်ခွင့်ရကြရမယ်လို့ ညွှန်ကြားချက်ပေးထားတယ် ပြောတယ်။ အထဲမှာက မြင့်ဦးလို ထောင်ဝန်ထမ်းတွေက အကျဉ်းသားတွေ၊ နိုင်ငံရေးအကျဉ်းသားတွေကို အဆက်ပြတ်အောင် ပိတ်ဆို့ တားဆီးထားတယ်။ အဲဒါကို ပြောချင်တယ်”
          ဟု ၎င်းက ပြောသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts