>Moemaka’s 2010 Sep Quotes

>

မိုးမခ၏ စက်တင်ဘာ စာကိုး စကားကိုး
စက်တင်ဘာ ၂၇၊ ၂၀၁၀
ကားမောင်းသက်တမ်း တစ်လျှောက်မှာ ကားလာပါတယ်ဆိုမှ တမင် အေးအေးဆေးဆေး မျဉ်းကြားမှာ လမ်းလျှောက်ပြ နေတဲ့ ကတ်တီးကတ်ဖဲ့တွေ၊ လမ်းတောင်းsignalပြပြီး တစ်စကန့်မဆိုင်း အတင်းဝင်တဲ့ ကားတွေ၊ ကားမောင်းရင်း ဖုန်းတစ်ဖက်၊ စားစရာတစ်ဖက်၊ အလှပြင်စရာ တစ်ဖက်နဲ့ ကုလအတွင်းရေးမှုး ထက်တောင် အလုပ်များနေတဲ့ မဆင်မခြင် ကားမောင်းသူတွေ၊ ညမှောင်မှောင် မနက်ဝေလီဝေလင်းမှာ အမဲရောင် ၀တ်စုံ ၀တ်ပြီး မီးမပါ၊ ဦးထုပ်မပါတဲ့ စက်ဘီးသမားတွေ၊ ၀ှီးကနဲဆို ရှေ့ကအတင်းဖြတ် ကွေ့ကောက် သွားတဲ့ ဆိုင်ကယ်တွေ၊ ဘေးရောက်မှ ဟွန်းသံ အရှည်ကြီးတီးပြီး နှလုံးရောဂါ ရအောင် လုပ်တဲ့ ကုန်တင်ယာဉ်တွေ ကို ကျေးဇူး တင်ရှိတယ်။ သူတို့ကြောင့် ကားမောင်းရာကနေ ကိုယ့်စိတ်မှာ စိတ်ရှည်ခြင်း၊ သည်းခံခြင်းတရားတွေ အတော်ပြည့်စုံလာတယ်ထင်လို့။ ကိုယ်ကားမောင်းတဲ့အခါ ကိုယ်လဲ သူများကို သွားမတိုက်မိပါစေနဲ့၊ ကိုယ်လဲ လာမတိုက်ပါစေနဲ့လို့ အမြဲဆုတောင်းတယ်။ ထီပေါက်တဲ့ တစ်နေ့မှာတော့ ဒရိုင်ဘာ ထားမယ်လို့ ထိပ်ဆုံးက စာရင်းတို့ထားတယ်။


သုနှင်းဆီ၊ အမေရိကန်ရောက် ဘလော်ဂါ
http://thu-hninsee.blogspot.com/ စက်တင်ဘာ ၂၄

တစ်ကဲ့သို့ပင် ခုနစ်ဂဏန်း ၊ နှစ် ဂဏန်း ၊ အစ်ကို ၊ အစ်မ အစရှိသော အလားတူ ဖြစ်စဉ်များ ရှိနေပါလျက် (တစ်) တစ်ခုတည်းကိုသာ တ-ဟုရေးသင့်ကြောင်း ပြောနေကြခြင်းမှာ ၊ ဦးနေဝင်း လက်ထက်တွင် တရားဝင်ပြင်ဆင်ခဲ့သည်ကို မလိုလားသဖြင့် ၊ ဦးနေဝင်းနှင့်အတူ တစ်ကို ပါ ရောရောင်ပြီး အမုန်းပွါးနေကြခြင်းဖြစ်မည်လောဟု ကျနော်အတွေးဝင်မိပါသည် ။ ကံဆိုးသူ ငတစ် ဖြစ်ချေပြီ ။ ရှိသမျှပြစ်ဒဏ် ငတစ်ခံရလေပြီ ဟု ကျနော် တွေးမိသည်။

ကိုဝိုင်း (မိုးညှင်း)၊ တောင်ကိုရီးယားရောက် ဘလော်ဂါ
http://burmainfokorea.blogspot.com/ စက်တင်ဘာ ၂၄

ရွှေတိဂုံဘုရား သွားတိုင်း ဆုတောင်းတာ ၃ ခု ရှိတယ်။ မသေခင် အဖေနဲ့ ပြန်တွေ့ရပါလို၏။ နောက် – နိုင်ငံခြားမှာ ကျောင်း သွားတက်ရပါလို၏။ နောက်တခုက သူများတွေကို ကူညီတဲ့သူလည်း ဖြစ်ချင်တယ်လေ။ အခု ၂ ဆုကတော့ ပြည့်ပြီ။ ကူညီနိုင်တဲ့သူဖြစ်အောင်တော့ ကြိုးစားနေတုန်းပဲ။

ဂျူးဂျူး၊ အမေရိကန်ရောက် မြန်မာကျောင်းသူ
RFA အသံလွှင့်ဌာန၊ စက်တင်ဘာ ၂၄

တပတ်ကို ၃ ရက် Exercise လုပ်တယ်။ (တစ်ရက်ခြား) ဒါကြောင့် ဒီလောက် ပိန်နေတာ။ အောင်မလေး – – – ဘယ်လိုလုပ် အလကား ပိန်မှာတုန်း။ ကလေး ၄ ယောက် မွေးထားတာ။ အဲတော့ ကျန်းမာရေး ဂရုစိုက်ရမယ်။ ဘုရား၊ တရား လုပ်ရမယ်။ စိတ်ကောင်း စေတနာ ထားရမယ်။ အဲဒါ ဆိုရင် ဟိုး ရွှေဘုံပေါ်မှာ မစံရရင်လည်း အရမ်းကို စိတ်ချမ်းသာတဲ့ ဘ၀ကို ရမယ်။

(photo: mandalay icon)
နွဲ့ယဉ်ဝင်း၊ အဆိုတော်
Mandalay Icon မဂ္ဂဇင်း၊ စက်တင်ဘာ

အရင်ကလို ၀တ္ထုတို တွေ မရေးဖြစ်တာက ခရီးတွေ သွားနေရတာလည်း ပါတယ်။ ကျွန်မ ရေးချင်တဲ့ ၀တ္ထုတိုတွေက မြန်မာပြည်က လူတွေအကြောင်း၊ မြန်မာပြည်က လူတွေရဲ့ဘ၀။ အမြဲတမ်း ငယ်ငယ်ကတည်းက ရေးခဲ့တဲ့ အကြောင်းတွေကို ကြည့်ရင် သာမန် လူတွေရဲ့ အကြောင်း၊ သူတို့တွေရဲ့ဘ၀ ကို ထင်ဟပ်လေ့ ရှိတယ်ဆိုတော့ လတ်တလော ခရီးတွေ ချည်းသွား နေရလို့ ဒီလူတွေရဲ့ ကြားထဲမှာ မနေနိုင်တဲ့ ပြဿနာကလည်း ရှိတယ်။ ဒီလူတွေကြားထဲမှာ မနေနိုင်တဲ့ အတွက် ဒီလူတွေ အကြောင်း ရေးဖို့ ခက်ခဲလာတယ်။ – – – နောက်တစ်ခုက အသက်အရွယ် အရလည်း ငယ်ငယ်ကလို ဘာလေးပဲ ဖြစ်ဖြစ် ရေးလိုက်မယ်ဟဲ့ ဆိုတာမျိုး မရှိဘဲ ချိန်လာတာ၊ တွက်လာတာမျိုး ရှိလာတယ်။ နောက်တစ်ခုက ရွှေအသစ်[ရွှေအမြုတေ မဂ္ဂဇင်း ကလောင်သစ်စာမျက်နှာ]ကို တာဝန်ယူရတဲ့ အခါ ရသကို ဖတ်ရင်း ဖတ်ရင်းနဲ့ ငြီးငွေ့တဲ့ သဘော ဖြစ်နေတာပေါ့။ ဖတ်နေရတဲ့ ဟာတွေက များလာတဲ့ အခါကျတော့ ကိုယ် ရေးဖို့အချိန် မရှိတာလည်း ပါတယ်။ ဆောင်းပါးတွေ ကလည်း အချိန်မီ ပြီးအောင် ရေးရတယ်။ စာမူအပုဒ် ၆၀ ကလည်း ပြီးအောင် ဖတ်ရတာတွေ ရှိတော့ မရေးဖြစ်ဘူး။ ၀တ္ထုတိုကို အချိန်ရတဲ့ တစ်ချိန်ကျရင် ပြန်ရေးချင်ပါတယ်။

(photo: myanmarisp.com)
မသီတာ(စမ်းချောင်း)၊ စာရေးဆရာမ
ရွှေအမြုတေ မဂ္ဂဇင်း၊ စက်တင်ဘာ

ခုတော့ ကိုယ့်ဘဝဟာ စစ်တပ်နောက်ဆုတ်မယ်ထင်လို့ ရွေးကောက်ပွဲ ဝင်မိတဲ့ ဦးသုဝေလို …
တစုံတရာ လွတ်လပ်တော့မယ် ထင်လို့ ပါတီထောင်မိတဲ့ နေမျိုးဝေလို …
အစိုးရက မျက်နှာသာပေးမှာပဲဆိုပြီး စီးပွားရေးပိတ်ဆို့မှုကို ဆန့်ကျင်တရားဟော၊ ရပ်ကွက်တွေကို မဲဆင်းဆွယ်မိတဲ့ အေးလွင်လို …
ပါတီထောင်မိလျက်သား ဖြစ်ကာမှ အမတ်လောင်း ကိုယ်စားလှယ်ကြေး မသွင်းနိုင်တဲ့ ဒီမိုကရေစီ ကွန်ဂရက်ပါတီနဲ့ မြန်မာ့ လူ့ဘောင်သစ်ပါတီလို …
ကြာကြာဝါးမှ ခါးမှန်းသိလို့ ပြန်ထွေးထုတ်ရတဲ့ ပြည်ထောင်စု ဒီမိုကရေစီပါတီက ကိုဖြိုးမင်းသိန်းလို …
ရှင်ကြီးဝမ်းလည်း ဝင်ဖူး၊ ရှင်ငယ်ဝမ်းလည်း ဝင်ဖူးပြီးကာမှ ရှေ့နေငှားလို့ ထောင် လုံးလုံးကျတဲ့ ဒေါက်တာ ခင်ဇော်ဝင်းလို …
ဝန်ကြီးချုပ် မဖြစ်လည်း သမ္မတော့ ဖြစ်မလားဆိုပြီး အိပ်မက်မက်နေတာကနေ ဘောင်းဘီကျွတ်သွား သူပဲရ ဦးရွှေမန်းနဲ့ သီဟသူပဲရ ဦးတင်အောင်မြင့်ဦးလို …
ကိုယ်က ကျောချမှ ဓားပြမှန်း သိပါပြီ အချစ်ရယ်။

သင်ကာ၊ ဘလော်ဂါ
http://mmfreethinker.wordpress.com/ စက်တင်ဘာ ၁၅

Facebook မှာ ပြင်သစ် ကွန်ဖရင့်ကို ဒီနှစ်တော့ ငါမလာနိုင်တော့ပါဘူးလို့ တင်လိုက်တယ်။ အဲဒီမှာ ဘာဖြစ်လို့လဲ ဆိုပြီး ဝိုင်းမေးကြတယ်။ စောစောကပြောသလို ဆေးကုစရိတ်ကြွေးတွေ တင်နေလို့ ဆိုပြီး ပြန်ဖြေလိုက်တယ်။ အခု အမေရိကန် ရောက်နေတဲ့ တပည့်ဟောင်းလေး တစ်ယောက်က ကိုယ်ဖြင့် သူ့ကိုမနည်း စဉ်းစားယူရတယ်။ ကောင်းကောင်းတောင် မမှတ်မိပါဘူး။ သူက နောက်ရက်မှာ တွေ့တော့ သူ နည်းနည်းကူညီခွင့်ပြုပါ ဆိုပြီး (၁ဝ)သိန်း လှမ်းပို့လိုက်တယ်။ ဒါကြောင့် Facebook က ကိုယ့်အတွက် ဆယ်သိန်းတန်တယ် လို့ ပြောတာ။

တစ်လောက ရွေးကောက်ပွဲ ကျင်းပမယ့် ရက်ကို နေ့ခင်းလောက်မှာ သိလိုက်တယ်။ ချက်ချင်း Facebook ပေါ် တင်လိုက်တယ်။ ဟိုဘက်ကလူတွေ ချက်ချင်း သိနိုင်တယ်။ အဲ့ဒီ နေ့က စာပေစာနယ်ဇင်း အစည်းအဝေး ရောက်တော့ ကိုယ်တို့ အချင်းချင်း အဲဒီသတင်းကို ပြောနေကြသေးတယ်။ ဒါပေမဲ့ Facebook မှာတော့ ကမ္ဘာ ပြန့်သွားပြီ၊ အဲသလောက် မြန်တယ်။

အခု ဆောင်းပါးရေးရင်လည်း Facebook မှာ အရင် တင်တယ်၊ အမြန် ဖတ်ကြရတယ်။ ပြည်တွင်းရော ပြည်ပကပါ ဖတ်ကြတယ်။ ပြီးရင် ကြိုက်၊ မကြိုက် တန်းသိရတယ်။ တုံ့ပြန်တာ ဝေဖန်တာတွေ ချက်ချင်း ရတယ်။


(photo:moemaka)
စာရေးဆရာ ခင်မောင်ညို(ဘောဂဗေဒ)
လျှပ်တစ်ပြက်ဂျာနယ်၊ စက်တင်ဘာ ၁၇

ကျွန်တော်ရိုက်သည့် မြန်မာ မော်ဒယ်တဦး၏ ဘီကီနီဓာတ်ပုံများကြောင့် ဆူဆူညံညံ အသံတော်တော်ထွက်သည်။
မေးခွန်းများ
– မြန်မာမိန်းခလေးများ ဘီကီနီဝတ်လျှင် အရှက် မရှိဖြစ်ပြီလော။
– ထိုသို့ ဘီကီနီဝတ်ပြီး ဓာတ်ပုံအရိုက်ခံလျှင် အရှက် မရှိဖြစ်ပြီလော။
အဖြေက ရှင်းသည်။ အရှက်ဆိုသည်မှာ ကိုယ်ကျင့်သိက္ခာနှင့်သာဆိုင်သည်။ အ၀တ်အစားနှင့် မဆိုင်။ ဆိုင်သည်ဟု ဖင်ပိတ်၍ ငြင်းချင်သူများ ကမ်းခြေတွင် မြန်မာရင်ဖုံး၊ ချိတ်ထမီနှင့်သာ သွား၍ ရေကူးကြပေရော့။

ကိုဖြိုး၊ ဓာတ်ပုံဆရာ
facebook.com/kophyoe စက်တင်ဘာ ၁၁

အရိုးစွဲ ယုံကြည်မှုသည် ဖျောက်ဖျက်မရနိုင်သဖြင့် တောင်ပြုံးပွဲ ကဲ့သို့သော ရိုးရာ နတ်ပွဲများသည် မြန်မာတို့၏ အစဉ်အလာ ပွဲလမ်းသဘင်များ အဖြစ် ဆက်လက် တည်ရှိနေဦးမည်သာ ဖြစ်သည်။

(photo: AP)
သီဟ၊ ဝေယံ
စက်တင်ဘာ ၂၊ 7DAY NEWS ဂျာနယ်

ပြည်တွင်းဈေးကွက်ရောက် တရားမဝင် နိုင်ငံခြားဖြစ် ခြင်ဆေးခွေများမှ ထွက်သည့် ကာဗွန်ဒိုင်အောက်ဆိုက် အငွေ့များသည် ဆေးလိပ် ၁၆၂ လိပ်သောက်ခြင်း နှင့် ညီမျှပြီး တီဘီရောဂါအပြင် အရေပြားယားယံခြင်း၊ နှာခေါင်းသွေးထွက်ခြင်းစသည့် နောက်ဆက်တွဲ ဆိုးကျိုးများ ဖြစ်ပေါ်နိုင်ကြောင်း သက်ဆိုင်ရာဌာနက သတင်းထုတ်ပြန်သည်။

စက်တင်ဘာ ၂၊ 7DAY NEWS ဂျာနယ်

အခြေခံဥပဒေကို ပြည်သူ့ဆန္ဒ ခံယူ အတည်ပြုစဉ်ကလည်း Vote- No, No-Vote ကြွေးကြော်သံများဖြင့် ဆန္ဒခံယူပွဲတွင် ကန့်ကွက်မဲ ပေးကြရန် ပြည်သူကို စည်းရုံး လှုံ့ဆော်ခဲ့ကြဖူးသည်။ သို့သော် ပြည်သူ အများစုက လွတ်လွတ် လပ်လပ် မိမိ ဆန္ဒအလျောက် ထောက်ခံမဲကိုသာ ပေးခဲ့ကြသည်။
မြတ်ဘုန်းလူ၊ ဆောင်းပါးရှင်
စက်တင်ဘာ ၁၉၊ ကြေးမုံသတင်းစာ

Kyaw Lin Oo – ရွေးကောက်ပွဲ ၀င်ပါ့မယ်လို့ လူလုံး ထွက်ပြတာက ဖက်ရှင်ဖြစ်သလို၊ ရွေးကောက် ပွဲ မ၀င်တော့ပါဘူးလို့ ရုတ်တရက် ကြေငြာလာတာဟာလဲ ဖက်ရှင် ဖြစ်လာပြီ။ နိုင်ငံရေးဟာ ရှုံချည် နှပ်ချည် ခု တစ်မျိုး၊ တော်ကြာ တစ်မျိုး လုပ်လို့ရတဲ့ အရာ လို့များ လူတွေ ထင်နေကြသလား မသိပါ။

Wei Hmu Thwin – ဒါ…ဖက်ရှင်လုပ်နေတာမဟုတ်ဘူး။ ခင်ဗျားတို့ ပြည်တွင်းက အခြေအနေတွေကို တကယ် မသိဘူးလား။ ရွေးကောက်ပွဲကော်မရှင် ဆိုတဲ့ လူတွေ ဒီလောက် တလွဲတွေ လုပ်နေတာ… ကျနော် လုံးဝ သည်းမခံနိုင်တော့ဘူး။ အစထဲက သိရမှာလို့ မပြောနဲ့နော်။ ကော်မရှင် ဆိုပြီး ဒီလောက်ထိ အောက်တန်း ကျမယ် မထင်မိတ…ာတော့ အမှန်ပဲ…။

ကျော်လင်းဦးနှင့် ဝေမှူးသွင်၊ facebook သုံးသူများ
facebook.com စက်တင်ဘာ ၆

ဂျပန်မှာတုန်းက နေမကောင်းရင် အနီးမှာ ပြုစုမယ့်လူ မရှိဘူး ဆိုပြီး နေမကောင်းချင်တာတောင်မှ စိတ် တင်းထားနိုင်ခဲ့ပေမယ့် မြန်မာပြည် ပြန်ရောက်တော့ တင်းထားသမျှ စိတ်တွေကို လျှော့ချလိုက်လို့များလား – – – – နေမကောင်းဖြစ်နေတာ တစ်ပတ်မှာ ရက် ၅ ရက်လောက် ဖြစ်နေပါတော့တယ်။

ဝါ၀ါခိုင်မင်း၊ ဘလော်ဂါ
http://warwarkhaingmin.blogspot.com/ စက်တင်ဘာ ၂၂

ဂုဏ်ယူရလောက်တဲ့၊ အားကျရလောက်တဲ့၊ အသံကို ပိုင်ပိုင်နိုင်နိုင် ဆိုနိုင်တဲ့ တေးသံရှင်က ဒေါ်မာမာအေးပါ။ (သူ့)တိပ်ခွေတွေကို အဖိုးက ခဏခဏ ဖွင့်နေတော့ ငယ်ငယ်ကတည်းက အဲဒီအသံတွေကို နားထဲမှာ ၀င်နေတယ်။ သူဆိုတဲ့ သီချင်းအလိုက်ကို နားထောင်ပြီးတော့ ကိုယ်က ဒီသီချင်းထဲကို မျောဝင်သွားတယ်။
အဆိုတော် ထိုက်ထိုက် (Electro Tiger)
ဘီဘီစီ မိုဘီဂျီနို၊ စက်တင်ဘာ ၁၂

ကလေးတွေက လူကြီးတွေလို ဘယ်လောက် ဆိုရင် အ၀လွန်တယ်လို့ အတိအကျ ကိန်းသေ တစ်ခုနဲ့ ပြောလို့ မရဘူး။ ဒါကြောင့် မိဘ တွေက ကိုယ့်ကလေး သူများကလေးထက် ၀နေတယ်လို့ ထင်တယ် ဆိုရင် လာရောက် ဆွေးနွေးသင့်ပါတယ်။ အ၀လွန်ခြင်းကြောင့် ဖြစ်တတ်တဲ့ ရောဂါတွေကလည်း အစ ပိုင်းမှာ သိသိသာသာ မပြသေးဘူး။ ရောဂါလက္ခဏာပြတဲ့ အချိန်ကျတော့လည်း ကုဖို့ရာ လွန်သွားတာမျိုး ဖြစ်တတ်တယ်။ အဲဒီတော့ ကိုယ့်ကလေးက အ၀ မလွန်သေးတောင် ကိုယ်အလေးချိန် များတဲ့ အဆင့်မှာကိုပဲ သေချာ ဂရုစိုက် ကာကွယ်သင့်နေပြီ။ ၀တိုင်း ကျန်းမာတာ မဟုတ်ဘူး ဆိုတာ မိဘတွေ သိထားသင့်တယ်။

ကုသတဲ့ နေရာမှာ ပထမ အဆင့်အနေနဲ့ အစားအသောက်ကို ကျန်းမာရေးနဲ့ သင့်တော်အောင် ရွေးချယ်ဖို့၊ ငြိမ်ထိုင်နေတာတွေ လျှော့ဖို့၊ ကိုယ်လက်လှုပ်ရှားမှု များများလုပ်ဖို့ ပြောမယ်။ ဒါမှ မထူးခြားရင် ဘာတွေ စားပါ။ နောက်ဆုံး အဆင့် မှာတော့ ဆေးစားတာတို့၊ ခွဲစိတ်ကုသ ရတာမျိုးတွေ လုပ်ရမှာပေါ့။

(photo: topnews.in)
ဒေါက်တာ သီတာ၊ အ၀လွန်ကလေးဆေးခန်း၊ မန္တလေးမြို့ ကလေး ဆေးရုံကြီး
မြန်မာတိုင်းမ်၊ စက်တင်ဘာ ၂၃

တချို့ကျတော့လည်း မြန်မာတွေ ခုလို နိုင်ငံရပ်ခြားမှာ အိမ်ဖော်လာလုပ်နေကြတာကို ကိုယ့်လူမျိုး ဂုဏ်ဖျက်တယ် ထင်ကြတယ်။ အမျိုးချစ်တဲ့စိတ် အခြေခံကြောင့်လို့ ကျမ နားလည်မိပါတယ်။ ကျမတို့ အားလုံးက ဘယ်ဖြစ်စေချင်ကြပါ့မလဲလေ။ ကိုယ့်မြန်မာတွေ အားလုံးကို ရာထူးရာခံနဲ့ လစာကောင်းကောင်းနဲ့ပဲ မြင်ချင်ကြတာပဲပေါ့။ ကျမအမြင်အရတော့ ပြည်တွင်းမှာနေပြီး သူဋ္ဌေးတွေရဲ့ အမြှောင်မယား၊ စပွန်ဆာထိုင်စားသူများထက် စာရင်တော့ ခုလို ရိုးသားစွာ လုပ်ကိုင်ရှာဖွေ စားသောက်နေတဲ့ မိန်းကလေးတွေကို ပို လေးစားမိတယ်။ သို့သော် မမြင်မသိနိုင်တဲ့ အကြောင်းတရားတွေ ရှိနိုင်တာမို့ အမြှောင်မယား၊ စပွန်ဆာထိုင်စားသူများကိုလည်း မကောင်း မဆိုချင်ပါဘူး။ ဘဝမှာ အားလုံးဟာ ကျရာ နေထိုင် လုပ်ကိုင် စားသောက်နေကြရတာ။ သူ့အကြောင်းတရားနဲ့သူပါပဲ။

ချစ်ကြည်အေး၊ စင်္ကာပူရောက် ဘလော်ဂါ
http://chitkyiaye.blogspot.com/ စက်တင်ဘာ ၁၉


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts