>

မင်္ဂလာနှင့် နိုင်ငံရေး – ၃
မောင်လူရေး
စက်တင်ဘာ ၁၄၊ ၂၀၁၀
ရှေးက ကောင်းတာလုပ်ခဲ့တာ မင်္ဂလာ ။
ကိုယ့်ဘက်က အရင်စကောင်းတာ မင်္ဂလာ ။
တပ်မတော်သည် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲလုပ်ပေးမည်ဟူသော ကတိနှင့် ၁၉၈၈ မှာ အာဏာသိမ်းခဲ့သည် ။ ဤကတိသည် တပ်မတော်၏ မွေးရာပါနိုင်ငံရေးကတိဖြစ်သည် ။ ၁၉၉၀ ရောက်တော့ ရွေးကောက်ပွဲပြီးရင် နိုင်သည့်ပါတီ အာဏာအပ်ပြီး စစ်တန်းလျားပြန်မည် ဟူသောကတိထပ်ပြုပြီး  ရွေးကောက်ပွဲလုပ်ပေးခဲ့သည် ။ ဤကတိသည်လည်း တပ်မတော်၏ အမျိုးသားရေးတာဝန်ဖြစ်သည် ။
ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲ အပြတ်အသတ်နိုင်သည် ။ တပ်မတော်သည် ကတိမတည် ။ စစ်တန်းလျားမပြန် ။ အနိုင်ရပါတီသည် အစိုးရဖွဲ့ဘို့မဟုတ် ၊ အခြေခံဥပဒေရေးဆွဲဘို့သာဖြစ်သည်ဟု ပလီစိ ခြောက်ချက် ခုနှစ်ချက်ပြောသည် ။
ဒီချုပ်က အခြေခံဥပဒေ ရေးမည်ဆိုပြန်တော့လည်း ဒီချုပ်သည် လူထုလူတန်းစား အားလုံးကို ကိုယ်စားမပြု ၊ ဒါ့ကြောင့် ကိုယ်စားပြုသူတွေ ပါရမည်ဆိုကာ တပ်မတော်သည် လူထုက အသိအမှတ်မပြု ၊ မသိသောသူများကို ချောင်ကြိုချောင်ကြားက ဆွဲထုတ်လာပြန်သည် ။ဒါကိုပင် အမျိုးသားရေးတာဝန် ၊ အမျိုးသားနိုင်ငံရေးဟု ရုပ်လုံးဖေါ်ပြန်သည် ။
နောက် လက်ကိုင်ဒုတ် လူမိုက်များစုစည်းပြီး ကြံ့ခိုင်ရေးဆိုတာဖွဲ့သည် ။ ညောင်နှစ်ပင် ဆိုသဟာ ပေါ်လာသည် ။ အခြေခံဥပဒေကို သူရေးချင်ရာရေးသည် ။ နောက်ဆုံး အနိုင်ရပါတီပင် မပါတော့ချေ ။
ဘာမှလဲမဟုတ်တော့ ဘာမှလဲ ဆက်မလုပ်တော့ဘဲ ညာတာပါတေး နှင့် ရပ်ပစ်လိုက်သည် ။ အမတ်တွေ ဖမ်းဆီး ထောင်ချ ၊ ဖိအားပေး ခြိမ်းခြောက် နှုတ်ထွက်ခိုင်းသည် ။
၂၀၀၃ ဒီပဲယင်းလုပ်ကြံမှုကြီးဖြစ်ပြီး လုပ်ကြံမှု မအောင်မြင် ၊ တကမ္ဘာလုံး၏ ရွံ့ရှာစက်ဆုပ်မှုခံရတော့မှ ဒီပဲယင်း လုပ်ကြံမှု ရော်ကြေးအဖြစ် road map  ၇ ချက်ချကာ ညီလာခံကို ပြန်ဆက်လေသည် ။ ဒီလိုနဲ့ ရောင်ဝါး လုပ်နေပြန်လေသည် ။
၂၀၀၇ ရွေဝါရောင်အရေးအခင်းက ဖင်ဆောင့်ကန်လိုက်မှ ၂၀၀၈ မှာ အပြီးသတ် ပါတော့မည် ဖြစ် လာသည် ။ အခြေခံဥပဒေကို အနှစ်၂၀ ကြာအောင်ရေးတာ ကမ္ဘာကို မြန်မာလွှမ်းတယ်ဆိုတာ ဒါမျိုးတွေဘဲ ဖြစ်မည်ထင်သည် ။
ဤအခြေခံဥပဒေကြီးသည် ပြည်သူလူထုအတွက် အသဲအသန်အရေးကြီးနေသယောင်ယောင် ၊ နာဂစ်မှာ သေနေတာတွေထက်ကို အရေးကြီးသယောင်ယောင် နာဂစ်နှင့်ပတ်သက်၍  လူထု၏ ရွံရှာစက်ဆုပ်မှု နာကျည်း မှုကို အာရုံလွှဲသည့်အနေဖြင့် အခြေခံဥပဒေ ကိုယ့်ဘာသာကို ဘယ်လိုထောက်ခံလိုက်မိမှန်းမသိ ထောက်ခံ လိုက်ရသည့် ထောက်ခံပွဲကြီး လုပ်ခဲ့လေသည် ။
ယခု တရားမျှတသည့် ရွေးကောက်ပွဲကြီးလုပ်ပေးမည်ဆိုပြီး ပြည်တွင်းရော ပြည်ပပါ လိမ်ညာကာ ကမ္ဘာမှာ ဘယ်သူမှ မညစ်ဖူးသည့်နည်းများသုံး၍ ၂၀၁၀ ရွေးကောက်ပွဲကြီးကျင်းပရန် ပြင်ဆင်နေပေတော့သည် ။ ဒါသည်ပင် တပ်မတော်၏ အမျိုးသားနိုင်ငံရေးဖြစ်နေပေသည် ။
ဤကား တပ်မတော်၏ ရှေးက ကြိုတင်ပြုခဲ့သော ကောင်းမှုမှတ်တမ်း အကျဉ်းတည်း ။
ဤသို့သောတပ်မတော်သည် ရှေ့ဆက်၍ မြန်မာ့နိုင်ငံ့အရေးတို့၌ ဦးဆောင်မှုအခန်းကဏ္ဍမှ နေမည်ဆိုလေ တော့ရာ အရပ်ကတို့ ကောင်းကြသေးရဲ့လားဟုသာ ပြောစရာရှိတော့သည် ။
သင့်ရာဒေသ မဟုတ်လျှင် ကောင်းဘို့ခက်သည် ။
အဲဒီတော့ “ပတိရူပဒေသဝါသမင်္ဂလာ” ချို့တဲ့လျှင် “ပုဗ္ဗေစ ကတပုညတာ” မင်္ဂလာဖြစ်ဘို့ ခက်လေသည် ။ ပုဗ္ဗေစ ရှေးကမကောင်းခဲ့လျှင် ယခု “အတ္တသမ္မာပဏိဓိမင်္ဂလာ”ဖြစ်ဘို့မှာ အတော့်ကို ခက်ခဲပေလိမ့်မည် ။
ဒီမင်္ဂလာသုံးပါးသည် အဆက်အစပ်ရှိသည် ။ တစ်ပါးပျက်လျှင် အကုန်ပျက်ဘို့ဖြစ်သည် ။ သူတို့အကုန်ပျက်လျှင်လည်း အကုန်ပြုန်းရုံမှတစ်ပါး အခြားမရှိတော့ချေလတည်း ။
“အတ္တသမ္မ ပဏိဓိ” ဆိုတာ မိမိကိုယ်ကို ကောင်းအောင်ထိန်းသည့် မင်္ဂလာဖြစ်၏ ။
လက်ရှိအခြေအနေကို အသိဉာဏ်ရှိရှိ ကောင်းကောင်းမွန်မွန် ပျိုးထောင်ရန် ကြိုးစားခြင်း ၊ ရိုးသားခြင်း ၊ ဖြောင့် မတ်ခြင်း ၊ မတရားရယူတတ်သည့်သဘောသဘာဝမရှိဘဲ ညီညီညွတ်ညွတ် မျှမျှတတရှိခြင်း ၊ မှန်မှန်ကန်ကန် တွေးခေါ်မျှော်မြင်ခြင်းကိုဆိုသည် ။
နောက်တစ်မျိုးရှိသေးသည် ။ မိမိတို့၏ ဘာသာရေး ၊ ပညာရေး ၊ စီးပွားရေး ၊ နိုင်ငံရေး ရည်မှန်းချက်တို့ ပြည့်ဝစေရန်အတွက် မိမိတို့ကိုယ်ကို ကောင်းမွန်မှန်ကန်အောင် ပြင်ဆင်နေရင်း စရိုက်ဆိုးများကွယ်ပျောက်၍ မျိုးဆက်သစ်များသို့ မကူးစက်အောင် ထိန်းထားနိုင်ခြင်းကို ဆိုပေသည် ။
ယခုတော့ မျိုးဆက်သစ်တို့ ကျိုးပျက်ရစ်ဖို့သာ ဖြစ်တော့သည်လတည်း ။
ပဲခူးမှာ စစ်ဗိုလ်လေးများက အရပ်သားများကို မြို့လယ်ကောင်တွင် ရက်ရက်စက်စက် တရားမဲ့ လိုက်လံ သတ်ဖြတ်သည်ကို နမူနာထား စဉ်းစားပါလေ ။ ဤသည်မှာ ဆရာ့ဆရာကြီးများ၏ လက်လွတ်စပယ်လူသတ်မှု အတ္တသမ္မာ “ပဏိဓိမင်္ဂလာ” ကင်းမဲ့မှုကြီးက မြစ်ဖျားခံလာခြင်း ဖြစ်ပေတော့သတည်း ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts