>
မာမာအေး
စက်တင်ဘာ ၁၃၊ ၂ဝ၁၀
သောတရှင်များ ကျန်းမာတော်မူကြပါစရှင်မာအေးချစ်တဲ့ သောတရှင်တွေ ဂီတဝါသနာရှင်တွေ အားလုံးမာအေးရဲ့ အသံလေး ကြားရတဲ့အခါအမှာ ကိုယ်ရော စိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။
သောတရှင်တို့ရေ – ရှေ့မှာ နတ်တို့အကြောင်းရော ဂီတဖြည့်ကွက်အကြောင်းတွေကိုပါ ပြောမိသွားတော့ အချိန် စကောစကမို့ ထားခဲ့ရပါတယ်။ မာအေးက မယုံရင် ပုံပြင်မှတ်လို့ ဒီအကြောင်းတွေကို ပြောခဲ့တာ ဖြစ်ပေမယ့် ညာနေတာ မဟုတ်ဘူးနော်။ မှန်နန်းရာဇ၀င် စာမျက်နှာ ၂၅၀ က စ ရှာကြည့်လို့ ရတယ်။ ဇာတ်လမ်းလေး တပုဒ်မို့ ဆက်မပြောလည်း မဖြစ်သေးပါဘူးလေ။ အခု ရွှေဖျဉ်းတို့ ညီအစ်ကို နှစ်ယောက် ဦးတည်ဘွားကို ထုံးသွားတားကြတဲ့ နေရာမှာ ရောက်နေပါပြီ။
ခိုင်းတာကတော့ အနော်ရထာမင်းကြီးပါပဲရှင်။ သူတို့တင် ဘယ်ကမလဲ စစ်သူကြီးမင်းအဖြစ် လိုက်ပါ တာဝန်ထမ်းဆောင်ရတဲ့ ကျန်စစ်သားကိုလည်း ဘုရင်ဥတည်ဘွား နန်းရှေ့မှာထား ကိုးကွယ်တဲ့ ‘ကြေးစန္ဒီနတ်ရုပ်ကြီး’ကို ကြိုးနဲ့ချည်ပြီး အရိန္ဒမာကြိမ်လုံးနဲ့ တအုံးအုံး အရိုက်ခိုင်းသေးတာရှင့်။
အဲဒီ ကြေးစန္ဒီနတ်က “အရိမဒ္ဒနာ ပေါက်ကံပြည်က ဘုရင်မင်း ချင်ခြင်းတပ်လို့ စွယ်တော်မြတ် ဖူးမြင့်ဖို့ရာ ရောက်လာတာကို အသင် ဥတည်ဘွားတို့ မလေးမစား မဖူးမတွေ့ နေလေသောကြောင့် ငါ့ကို အပြစ်ပေး ကြိမ်လုံးနဲ့ ကျွေးလို့ နာလှပါပြီ” လို့ အော်ဟစ်ရှာတော့မှ ဘုရင်နဲ့တကွ အားလုံး ကြားကြပြီး ကြောက်လန့်တကြား ဘာအကြောင်းကြောင့်များ လာရောက်ပါသလဲ မေးလာ လျှောက်ထားလာကြတာပေါ့ရှင်။ မာအေးတို့ ဘုရင်ကတော့ စွယ်တော်မြတ်ကို ကိုးကွယ်လိုတဲ့ အတွက် လာပင့်တာလို့ ပြောမှာပေါ့။ ဥတည်ဘွားကလည်း စွယ်တော်မြတ်က ကျိန်းဝပ်တော်မူလိုတယ် ဆိုတာ သိနိုင်ရင် ပင့်ဆောင်တော်မူပါလို့ ခွင့်ပေးပါသတဲ့ ရှင်။
အနော်ရထာမင်းက အထူးထူးသော ပူဇော်သက္ကာယ ပြုစရာတွေနဲ့ ပြုပြီး စွယ်တော်မြတ်ကို ပင့်ဆောင် လျှောက်ထား တောင်းပန်တဲ့အခါ ယောက်ျားမြတ်တို့ လက္ခဏာကြီးငယ် ရောင်ခြည်တော် ခြောက်သွယ် သပ္ပာယ်စွာနဲ့ စွယ်တော်မြတ်ဟာ ကောင်းကင်မှာတက် စင်္ကြန်ကြွလျက် နေတော်မူပါရောတဲ့ရှင်။
ဒါဋ္ဌာဟိ သေတရံသိယော။
ဝဇီရာဝ ၀ိရောစန္တီ၊
ဇိနော မေ ဋ္ဌာတု သီသကေ။
[စိန်ရောင်ခြည် ဘုရားပင့်]
ရောင်ခြည်တော် တလျှပ်လျှပ်နဲ့ ဗုဒ္ဓစွယ်တော်မြတ်ကို ‘ရတနာပန်းတောင်း’ ခေါင်းမှာ ရွက်ပြီး အနည်းနည်းအဖုံဖုံ လျှောက်ထားပင့်ဆောင်ချက် စုံသော်လည်း ဆင်းသက်ကြွမြန်းတော်မမူလေတော့ ဘုရင်ကြီး စိတ်ပင်ပန်း ဆင်းရဲသပေါ့လေ။ ဒီအခြေအနေမှာ သိကြားမင်းက အကူ ဆင်းလာတယ် ရှင့်။
‘စွယ်တော်မြတ် ကိုးကွယ်စေဖို့ ဗျာဒိတ်တော်လာ မင်းကြီးမှာ မရှိပါကြောင်း၊ ဂန္ဓာလရာဇ်တိုင်းကြီးမှာ သာသနာ ငါးထောင် တည်ရစ်စေ ဆိုတဲ့ ဘုရားဗျာဒိတ်တော်သာ ရှိပါကြောင်း’ ကိုယ်ထင်ပြ ဖျောင်းဖျတဲ့အပြင် စွယ်တော်မြတ် ဘုရားနဲ့အတူ မြသားကိုယ်တော်တဆူကို အတူတူ စင်္ကြန်ကြွစေပြီး ရတနာပန်းတောင်းမှာ တည်စေဖို့ ဖန်တီးပေးတော်မူခဲ့တာပါတဲ့ရှင်။ ဒီတော့မှ စစ်သည်အင်အား လူအများနဲ့ ပြန်လည် ကြွချီတော်မူပြီး လမ်းခရီးမှာ နိဗ္ဗာန်ရည်မျှော် စေတီတော် တည်ထားဖို့ရာ နားခဲ့တဲ့ နေရာက ကျော်စည်အရပ်လို့ ခေါ်ပါတယ်။
ဒီခရီးမှာ ရွှေဖျဉ်းနှစ်ပါးကတော့ နန်းထဲဝင်ထုံးတားတဲ့ ကိစ္စ နာမည်ရစ မြောက်ကြွကြွပဲ ဖြစ်လေသလား၊ ကစားတဲ့ဘက် မက်လေသမား မသိပါဘူးရှင်။
ထီးဘုရင်ရဲ့ စကား မိုးကြိုးသွား၊ အားလုံး အုတ်တချပ်စီ ဘုရားဆီ ယူသွား၊ တညကြရမယ့် အမိန့်ကို အလေးမထားမိတော့ ကိုယ်တော်နှစ်ပါးစာ ဘုရားမှာ အုတ်မပါလာဘူး ဖြစ်သွားတာကိုး။ အဖိုး နော်ရထာက ဇာတ်ထဲမှာတော့ ‘ရွှေဖော့လုံးနဲ့ဆုံးမပါ’ လို့ ပြောတာပေါ့ရှင်။ အပြင်မှာတော့ မထင်တာတွေ ဖြစ်ခဲ့တာပါပဲ။
[ရွှေဖျဉ်းညီနောင်မှ]
အခု ကြားရတာ လင်းခေးလုလင် ရေးသွားတဲ့ မှတ်တမ်းဝင် သီချင်းလေး တပုဒ်ထဲကပေါ့။ မင်းမှုထမ်းတို့ ပဒေသရာဇ်ခေတ်က တချက်ကလေး မှားလို့ မရတဲ့ ကိစ္စ ရေးပြသွားတာပါ။ လုပ်မိတဲ့ အပြစ်နဲ့ ဖြစ်ရတဲ့ အဖြစ်က မတန်မှ မတန်ဘဲ။ ဒါကြောင့်မို့လည်း ဘုရင်ကြီးက ‘တောင်ပြုံးနယ်မြေတကျော ပျော်ကြပါစေသော’ လို့ အပိုင်စား ပေးသနားခဲ့တာ ဖြစ်နိုင်တယ် လို့ ယူဆလိုက်ပါတယ်။
ဒီအဖြစ်အပျက်က ကြာခဲ့ပါပြီ။ သက္ကရာဇ် ၄၀၆ ကနေ ၄၃၉ ခုနှစ်အထိ စံမြန်း နန်းတက်ခဲ့တဲ့ အနော်ရထာ ဘုရင် မင်းမြတ် လက်ထက်မှာ ပေါ်လာတဲ့ နတ်ညီနောင်ဟာ အပြင် ၃၇ မင်း နတ်စာရင်းမှာ နံပတ် ၁၂ နဲ့ ၁၃ ပါရှင်။
အပြင် ၃၇ မင်း ဆိုတာကတော့ ရွှေစည်းခုံဘုရားတံတိုင်း အပြင်ဘက်မှာ ထားတဲ့ ပုဂ္ဂိုလ်တွေကို ခေါ်ကြတာ ဖြစ်ပါတယ်။ ဘုရားအစောင့်အရှောက်သဘော ထားတယ် ထင်ပါရဲ့။ ခုထိ ပီပြင်ထင်ရှား နတ်ကနား ပေးကြတာ အဲဒီ အပြင် ၃၇ မင်းပေါ့။
မာအေးတို့ ဂီတလောကမှာ ခိုင်ခိုင်မာမာ တည်ရှိတဲ့ မဟာဂီတ တေးသီချင်းများမှာ ‘နတ်ချင်း’ ဆိုတာ တကဏ္ဍ ပါရှိပါတယ်။ အဖိုး ၀န်ကြီး ပဒေသရာဇာ တို့၊ အဖိုး မြ၀တီမင်းကြီး ဦးစတို့ လက်ထက်မှာကတည်းက စိစစ်ခဲ့တာတွေလို့ သိရတာပါပဲ။ ဒါဟာလည်း ရိုးရာ ယဉ်ကျေးမှု တရပ်မို့ မြတ်နိုးစရာ ကောင်းပါတယ်။ မြူးကြွတဲ့ ဒိုးချက်ကြောင့် ပျော်ဖို့လည်း ကောင်းပါတယ်။ ရွှေဖျဉ်းတို့ နတ်ချင်းတွေကိုလည်း အများကြီး တွေ့ရပါတယ်ရှင်။
တောင်ပြုံးအရပ်ဆီ စည်လှချည့်လေး၊ ဆန်းဝါခေါင် ၁၀ ရက် နတ်ညီလာခင်းတဲ့နေ့ xxx
တောင်ပြုံး ပွဲတော် ပျော်လှချည့်လေး xxx ဆန်းဝါခေါင် ၁၁ ရက် ချိုးရေတော် သုံးတဲ့နေ့ xxx
ရွှေပြုံး ရွှေပြုံး မြို့ပင်မြို့လုံး ဆန်းဝါခေါင် ၁၄ ရက် ယုန်ထိုး ထိန်ခုတ်တဲ့နေ့ xxx
[ရွှေဖျဉ်းညီနောင်မှ နတ်ချင်း]
(မူရင်း – ဘီဘီစီ မြန်မာပိုင်း အသံလွှင့်ဌာန BBCburmese.com)