>
မင်္ဂလာနှင့် နိုင်ငံရေး  ၁
မောင်လူရေး
စက်တင်ဘာ ၁၁၊ ၂၀၁၀
ရက်မှလ ၊ လမှနှစ် ၊ နှစ်တောင် မည်မျှကြာခဲ့သည် မသိ ။
မြန်မာ့အလင်းသတင်းစာ အယ်ဒီတာမင်းကြီးများ၏ စေတနာလား ၊ အထက်အထက်သော ပုဂ္ဂိုလ်ကြီးများ၏ ဒေသနာလား … “အသေဝနာစ ဗာလာနံ …” စသော မင်္ဂလာတရားအကြောင်း ပြောခဲ့ကြသည်မှာ ကြာတောင်း ကြာ လေပြီ ။
ခြေထောက်မကောင်းလျှင် ခြေဆာသည် ၊ တခုခုလိုအပ်နေလျှင် ဆာသည် စသည်ဖြင့် “ဆာ” ကို သုံးနှုံးလေ့ ရှိသောကြောင့် ကျွန်ုပ်တို့၏ မြန်မာ့အလင်းကိုလည်း ရှေ့လျှောက် သတင်းဆာ ဟူ၍ သုံးနှုံးတော့မည်ကို သိပါ လေ ။ ( ဤကား စကားချပ် )
သို့ကြာပေသော်လည်း မြန်မာ့အလင်းသည် မြန်မာ့လျှပ်စစ်ကဲ့သို့ပင် နေပြည်တော်နှင့် သက်ဆိုင်သူတို့မှတပါး ဘယ်တော့မှ လင်းလင်းချင်းချင်းမရှိပေ ၊ မှောင်မှောင်မဲမဲသာ ဖြစ်နေရကား အမှတ်ရှိရှိ ကြည့်မိ ခဲ့သည်ဟူ၍လည်း မရှိချေ ။
သို့သော် နိုင်ငံတော်ပိုင်သတင်းဆာမှ မင်္ဂလာတရားကို တမင်္ဂလာထည့်နေမှတော့ လေ့လာစေချင်လို့ပေါ့ဟု အောက်မေ့ကာ နိုင်ငံအရေးနှင့် မင်္ဂလာ မည်မျှဆိုင်သည်ကို လေ့လာဖြစ်ချေတော့သည်လတည်း ။ 
မင်္ဂလာဟူသည် “ကောင်းကျိုးစည်ပွင့် တဝေဝေ” ဆိုသည့်အတိုင်း ကောင်းကျိုးတွေ စည်ပွင့် ဝေနေတာကို ဆိုလိုဟန်တူပါသည် ။
“လူမိုက်ကို မဲ မထဲ့တာ အသေဝနာစ ဗာလာနံ မင်္ဂလာ …” ဟုဆိုရမည် ။
လူမိုက်ကို မဲ ထဲ့ခြင်းသည် လူမိုက်နှင့် ပေါင်းသင်းခြင်းပင် ဖြစ်လေရကား မင်္ဂလာတရားတော်နှင့် ညီမည်မဟုတ် ပေ ။
လူမိုက်ဆိုသဟာ ဘာလဲဟု ခွါဖြဲကြည့်တော့ မှန်မှန်ကန်ကန်ကြံဆပြောဆို လုပ်ကိုင်နိုင်စွမ်းချို့တဲ့သူကို ဗာလ ခေါ် လူမိုက်ဆိုလေသည် ။ ကိုယ့်အပြစ်ကို မမြင်လျှင်လည်း ဗာလ ၊ ကိုယ့်အပြစ်ကိုမြင်သော်လည်း ထိုက်သင့် သည့်အပြစ်ဒဏ် မခံချင်လျှင်လည်း ဗာလ ၊ အကြောင်းအကျိုး အကောင်းအဆိုးမကွဲလျှင်လည်း ဗာလ ၊ အထူအပါး မသိသူကိုလည်း ဗာလ စသည်ဖြင့် ဗာလတရား အများသားဟု ပြောရပေမည် ။
ဗာလ၏ ပဋိ “ပညာရှိ” ဆိုသူတွေကို ကြည့်လိုက်တော့ ကိုယ်ကျိုးမဖက်ကြတာကို တွေ့ရသည် ။ အဲဒီတော့ ကိုယ် ကျိုးကြည့်သူများကိုလည်း လူမိုက်များဟု ဆိုရသည် ။ 
ကျွန်ုပ်တို့ပတ်ဝန်းကျင်၌ ဗာလနှင့် ပဏ္ဍိတနှစ်စားရှိပေရာ ဘယ်အစား လူကြီးလုပ်အုပ်ချုပ်လျှင် ကျွန်ုပ်တို့ အကျိုးစီးပွား ဆုတ်ယုတ်မည်ကို သိရှိရာသည် ။ ဒါလည်း ပညာရှိ လက္ခဏာတစ်ခု ၊ မင်္ဂလာတစ်ခုပင် ။ 
အားလုံး ပညာရှိကြပါကုန် ….။
ပူဇော်ထိုက်သူ ပူဇော်မှ မင်္ဂလာဖြစ်သည် ။
ပူဇော်ခြင်းဟူသည် “ဘုရားစကား ၊ လိုက်နာပွားသည် ၊ တရားလက်မလွှတ်စေနှင့် …” ဆိုသဟာကို လိုက်နာတာပင် ဖြစ်သည် ။ “တရားလက်လွှတ် ကျင့်သုံး ဘုန်းကြီးတွေ ချကွာ …” ဆိုတော့လဲ နာဂစ်လို အ-မင်္ဂလာ အဖြစ်တွေ လာတော့သည် ။
စီးပွားရေး ၊ နိုင်ငံရေး ၊ လူမှုရေး ဘယ်အရေးမှာမဆို သူ့နေရာနဲ့သူ ကျွမ်းကျင်လိမ္မာတဲ့သူတွေ ဖြစ်ဘို့လိုသည်။ အဲဒီလို ဖြစ်ဖို့ကလည်း နည်းမှန်လမ်းမှန် ရွေးချယ်ခွင့်ရှိမှသာ။ ဒါမှ လေးစားစရာကောင်းတာတွေ ရမည် ၊ လေးစား စရာကောင်းမှလည်း ပူဇော်ထိုက်တာ မဟုတ်လား ။
မပူဇော်ထိုက်သူ ပူဇော်ရတော့ အမင်္ဂလာဖြစ်သည် ။
ပြီးတော့ ပူဇော်ထိုက်သူ ပူဇော်ပါဆိုတာ အပြစ်ပေးထိုက်သူကိုလည်း အပြစ်ပေးပါဆိုသည့် အဓိပ္ပါယ် ဆောင်လေသည် ။
၂၀၀၈ အခြေခံဥပဒေကတော့ ဒီမင်္ဂလာကို ကန့်လန့်တိုက်ထားတာတွေ အများကြီးရှိနေသည် ။
ပြစ်မှုကျူးလွန်ခြင်းသည်ပင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖြစ်နေပေရကား ဒီဥပဒေကြီး အတည်ဖြစ်သွားလို့တော့ ဖြင့် မင်္ဂလာရှိဖို့ အခက်သားဟု ဆိုရချေတော့မည်လတည်း …..။
(မြန်မာပြည်နိုင်ငံရေးအတွက် မင်္ဂလာတရားတော်များ ရက်ဆက်တိုက်ဟောမည်။ နက်ဖြန်လည်း ဒီနေရာက လာစောင့်မျှော်လှည့်ကြပါကုန်။)
		