>
မီးစွဲလောင်မှုများမှာ ဓာတ်ငွေ့များ ယိုစိမ့်ပြန့်နှံ့ခြင်းကြောင့်ဖြစ်၍ သာမန် မီးသတ်ဆေးများ၊ ရေများဖြင့် မနိုင်ဘဲ အလွန်လျင်မြင်စွာ မီးများ ကူးစက်လောင်ကျွမ်းခဲ့ရာ ညဘက် ၁၀ နာရီကျော်မှ မီးညွန့်ကျိုးသည်ကို တွေ့ရသည်။ ထိုဂက်စ်ပိုက်လိုင်းပိုင်ရှင် ပီဂျီအင်အီး (PG & E) ကုမ္ပဏီက အဆိုပါဂက်စ်များကို ညနေ ၈ နာရီခန့်က ပိတ်ပစ်လိုက်၍သာ မီးများ မပြန့်နှံ့ခြင်း ဖြစ်သည်။ မြို့နယ် ၅ ခု ကျော်က မီးသတ်များက ပူးပေါင်းငြိမ်းသတ်ရပြီး နောက်ဆုံးတွင် မီးစွဲလောင်ပြီးသား အိမ်ကွက်များနှင့် ရပ်ကွက်တ၀ိုက်လုံးကို မငြိမ်းသတ်တော့ဘဲ မီးဆက်မကူးနိုင်ရန် မီးတားသည့် စည်းများကို မီးသတ်ကားများနှင့် သတ်မှတ်ပြီး မီးလောင်ပြီးသည်အထိ စောင့်ကြည့်နေခဲ့ကြရသည်။
ဆင်ခြေဖုံး လူနေရပ်ကွက်ဖြစ်သဖြင့် နေအိမ်တွင်း ကျန်ရစ်သူ ကလေး၊ လူကြီးများ၊ အိမ်မွေးတိရစ္ဆာန်များ၏ ကံကြမ္မာမှာ အလွန်စိုးရိမ်စရာ ဖြစ်သည်။ ယခုအချိန်အထိ ကောက်ယူရရှိသော သေဆုံးသူ ၄ ဦး နှင့် လူ ၅၀ ကျော် ဒဏ်ရာ ရရှိပြီး မြေဧက ၁၇ ဧကကျော်ကို မီးက လုံးဝ ရှင်းလင်းဝါးမြိုလိုက်သည်ဟု သိရသည်။ ယနေ့တနေ့လုံး မီးလောင်မြေကို ရှင်းလင်းပြီး အသေ အပျောက်စာရင်းကို ကောက်ယူမည်ဟု မီးသတ်နှင့် ကြက်ခြေနီများက ပြောသည်။
မီးလောင်မှုကြောင့် ပြည်နယ်အစိုးရက အရေးပေါ်အခြေအနေ ကြေညာခဲ့သည်။ အမေရိကန်ကို အကြမ်းဖက်သမားများ တိုက်ခိုက်သည့် နှစ်လည် နိုင်းအီလဲဗင်း ရက်နှင့် နီးကပ်နေ၍ အက်ဖ်ဘီအိုင်နှင့် လုံခြုံရေးများ၊ ထောက်လှမ်းရေးများကပါ လာရောက် စောင့်ကြည့်သည်ကို တွေ့ရသည်။
မျက်မြင်တို့ အဆိုအရ လွန်ခဲ့သည် ရက် အနည်းငယ်ကတည်းက မိမိတို့ ပတ်ဝန်းကျင်တွင် ဂက်စ်အနံ့များ ပျံ့နှံ့နေကြောင်း၊ ထိုကိစ္စကို PG&E သို့ အကြောင်းကြားခဲ့ကြကြောင်း၊ ယခုကဲ့သို့ တော်လဲသံကြီးမြည်ဟီးပြီး မီးလောင်ပေါက်ကွဲလိမ့်မည်ဟု မထင်ခဲ့ကြကြောင်း ပြောကြားသည်ကို တွေ့ရသည်။
သက်ဆိုင်ရာက (မြို့တော်စည်ပင်၊ မီးသတ်၊ ကြက်ခြေနီ၊ ပုလိပ်ဌာန၊ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများ) က အရေးပေါ်ခိုလှုံရာ စခန်း ၂ ခု ကို ဖွင့်လှစ်ပေးသည်။ အရေးပေါ် ဖုံးလိုင်း တခု ကို ထုတ်ပြန်သည်။ အမေရိကန်အသိုင်းအ၀န်းအားလုံးက ထိုစခန်းများသို့ လာရောက်ပြီး လုပ်အားပေးအဖြစ် စာရင်းလာသွင်းခြင်း၊ သောက်ရေ၊ အ၀တ်အစား၊ အရုပ်များ စသည့် အလှူပစ္စည်းများ ပေးအပ်ခြင်းတို့ကို ကိုယ်ထူကိုယ်ထ ပြုလုပ်ကြသည်။ အနီးပတ်ဝန်းကျင်ရှိ ဆေးရုံများက အရေးပေါ်ခန်းများ ဖွင့်လှစ်ခြင်း၊ အကူအညီများ တောင်းခံခြင်း၊ သွေးလှူရှင်များ ဖိတ်ခေါ်ခြင်း တို့ကို ဆောင်ရွက်သည်။
သတင်းဌာနအားလုံးက ထိုဒေသသို့ အရောက်သွားပြီး တညနေလုံး ထိုသတင်းကို တိုက်ရိုက်ထုတ်လွှင့်ပေးသည်။ အကြောင်းအရင်းများနှင့် သိမှတ်ဖွယ်ရာများ၊ လူထု၏ သဘောထားများ၊ ပြန်ကြားချက်များကို တောက်လျောက် ထုတ်ပြန် အသိပေးသည်။ လူထု မီဒီယာသမား၊ အင်တာနက်သမားများကလည်း ၎င်းတို့၏ အင်တာနက်များကနေ သတင်းများ ဖြန့်ဝေကြသည်ကို တွေ့ရသည်။ သတင်းဌာနများက သူတို့ကို ဆက်သွယ်သည့် မိသားစုများကို ၎င်းတို့ သတင်းဌာနနှင့် ၀က်ဆိုက်များကတဆင့် ထုတ်ပြန်ပေးသည်ကိုလည်း တွေ့ရသည်။ အမေရိကန်ကြက်ခြေနီ အင်တာနက်ဝက်ဆိုက်တွင် အဆိုပါဒေသက မိသားစုများ၊ ဒုက္ခသည်များ ဆက်သွယ်ရန်၊ သတင်းပို့ရန် အင်တာနက်စာမျက်နှာကို သီးသန့်ထုတ်ပြန်ပေးထားသည်။





