>
ဆန်ဖရန်မြို့အနီး ဆန်ဘရူနိုအရပ် ရပ်ကွက်တခုလုံး ပေါက်ကွဲမီးလောင်
မိုးမခ ဓာတ်ပုံသတင်း
စက်တင်ဘာ ၉ ၊ ၂၀၁၀
ယနေ့ည ဆန်ဖရန်ဘေးဧရိယာအချိန် ညနေ ၆ နာရီက ဆန်ဖရန်လေဆိပ်အနီး၊ တောင်ပေါ်ဆင်ခြေဖုံးမြို့တခုဖြစ်သည့် ဆန်ဘရူနို၏ စကိုင်းလိုင်းလမ်းဆုံ ရပ်ကွက်တခုတွင် ကြီးမားသော ပေါက်ကွဲမှုကြီးတခု ဖြစ်ပြီး ထိုရပ်ကွက်ရှိ အိမ်ခြေပေါင်း များစွာ ရုတ်ချည်း မီးစွဲလောင် ပျက်စီးလျက်ရှိသည်။ ယခုအချိန် သတင်းတင်သည့်အချိန် ညနေ ၇ နာရီ ခွဲအထိ မီးမငြိမ်းသေးပေ။
မြေအောက်ရှိ သဘာဝဓာတ်ငွေ့လိုင်းက တဆင့် မီးလောင်ပေါက်ကွဲမှုဖြစ်သည် ဟု ခန့်မှန်းကြသော်လည်း ယခုအထိ အကြောင်းရင်းကို မသိရသေးပေ။ ဓာတ်ပုံများကို ရုပ်မြင်သံကြားသတင်းက တဆင့် တင်ဆက်လိုက်သည်။ ထိခိုက် သေဆုံး ဒဏ်ရာရသူများ အကြောင်းလဲ မသိရသေးပေ။ မီးသတ်များက ကားများ၊ ရဟတ်ယာဉ်များဖြင့် မီးငြိမ်းသတ်ရန် ကြိုးစားလျက် ရှိသည်။
ယခုအချိန်ထိ မီးတောက်ကြီးမှာ ကောင်းကင်ယံတွင် ပေ ၁၀၀ ကျော် အထိ ထိုးတက် တောက်လောင်နေသည်။ ပေါက်ကွဲသံကြီးမှာ ဂျက်လေယာဉ်ကြီးတစီး ပျက်ကျသကဲ့သို့ ဖြစ်ပြီး ချက်ချင်းပင် အိမ်ပေါင်းများစွာ မီးတောက်များဖြင့် စွဲလောင်သွားသည်ဟု ဆိုသည်။ သည်မှာ လိုက်ဗ်သတင်းထုတ်လွှင့်မှုကို ကြည့်နိုင်သည်။ http://cbs5.com/



