>BBC could be forced to pull World Service in Burma

>

BBC မြန်မာဌာန ရပ်နားတော့မည်လော
မိုးမခအထောက်တော် အမှတ် ၀၀၁
စက်တင်ဘာ ၈၊ ၂၀၁ဝဝင်ရောက် ကြည့်ရှုသူ အများအပြား ရှိသော ဘီဘီစီမြန်မာဌာန၏ အင်တာနက် စာမျက်နှာ


ဗြိတိန်အစိုးရက လာမည့်နှစ် ဧပြီလတွင် ဘီဘီစီ ကမ္ဘာတလွှား သတင်းဌာနကြီးကို ဘတ်ဂျက် လျှော့ချရန် စဉ်းစားလျက်ရှိရာ ဘီဘီစီ မြန်မာဌာန၏ ထုတ်လွှင့်မှုများ ရပ်ဆိုင်းဖွယ် ရှိသည်ဟု လန်ဒန်ထုတ် ဂါးဒီးယန်း သတင်းစာ အွန်လိုင်းတွင် အင်္ဂါနေ့ ရက်စွဲဖြင့် ရေးထားသည်။

အပြီးသတ် ဆုံးဖြတ်ချက်များ မချရသေးကြောင်း၊ ဘတ်ဂျက်အတွက် ဗြိတိန်အစိုးရနှင့် ဘီဘီစီတို့ နောက်ထပ် တလခွဲကြာ ဆွေးနွေးဦးမည်ဖြစ်ကြောင်း ဘီဘီစီ အရာရှိတို့က ပြောဆိုသည်ဟု ဂါးဒီးယန်းက ဆိုသည်။ နောက်ဆုံး အဖြေကို အောက်တိုဘာ ၂၀ တွင် သိရမည်ဟု ဆိုသည်။

http://www.guardian.co.uk/media/2010/sep/07/bbc-world-service-burma-axe


မြန်မာဘာသာ တခုတည်းကိုသာ ရပ်ဆိုင်းရန် စဉ်းစားနေကြခြင်း မဟုတ်ဘဲ တခြားသော ဘာသာစကားတချို့နှင့် ထုတ်လွှင့်မှုများလည်း ထိုစဉ်းစားချက်တွင် ပါဝင်သည်ဟု ဆိုသည်။

မကြာသေးမီ နှစ်များအတွင်း ဘီဘီစီက အာရပ်ဒေသတွင် အယ်လ်ဂျာဇီးယား သတင်းဌာနကို ယှဉ်ပြိုင်ရေးအတွက် ဘတ်ဂျက် လျှော့သည့် အနေဖြင့် ဌာန ၁၀ ခုကို ဖြုတ်ခဲ့ရာ ထိုင်းဘာသာရပ်နှင့် ဥရောပနိုင်ငံများ၏ ထုတ်လွှင့်မှုများ ပါဝင်သွားသည်။

ထိုစဉ်က ဘီဘီစီ ထိုင်းဌာန မရပ်နားမီ လူ ၅၀၀၀ ခန့် လက်မှတ်ထိုးထားသည့်စာကို ဘန်ကောက်ရှိ ဗြိတိန်သံရုံးသို့ ပေးပို့ခြင်း၊ ဗြိတိန် လွှတ်တော်အမတ်များကို မေတ္တာရပ်ခံခြင်းများ ပြုလုပ်ခဲ့ကြသေးသည်။

ဘီဘီစီ ထိုင်းဌာနကဲ့သို့ ဖြစ်သွားနိုင်ဖွယ် ရှိသည့် အခြေအနေနှင့် ရင်ဆိုင်နေရသည့် ဘီဘီစီ မြန်မာဌာနသည် အသံလွှင့်သက် နှစ် ၇၀ ပြည့် အထိမ်းအမှတ်ကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကမှ ပြုလုပ်ခဲ့သည်။

ဘီဘီစီ မြန်မာဌာနသည် သတင်းပိတ်ပင်ခံနေရသော မြန်မာပြည်တွင် လူကြိုက်များသည့် အသံလွှင့်ဌာနတခု ဖြစ်သည်။ သတင်းများ သိရှိရန် ဘီဘီစီကိုသာမက VOA, DVB, RFA တို့ကိုလည်း မြန်မာပြည်တွင် နားဆင်ကြသည်။

၂၀၀၅ ခုနှစ် စစ်တမ်းတခုအရ မြန်မာပြည်တွင် ဘီဘီစီကို နားဆင်သူ ၇ ဒဿမ ၂ သန်း ရှိသည်ဟု ဘီဘီစီ မြန်မာဌာန အင်တာနက်စာမျက်နှာက ဆိုသည်။