>Sept 19th – The anniversary of Burmese Regime Masscare – Burmese in Colorada to celebrate with Junta’s Propaganda’s actress

>

စက်တင်ဘာ ၁၉၊ အာဇာနည်ဝင်းမော်ဦးကျဆုံးသည့် နှစ်ပတ်လည်နေ့ – ကော်လိုရာဒိုမှာ ဝိုင်းစုခိုင်သိန်းကို ရုံသွင်းမည်
မိုးမခအထောက်တော် ကော်လိုရာဒို
စက်တင်ဘာ ၈၊ ၂၀၁၀
နအဖ စစ်အစိုးရရဲ့ လုပ်ကြံဝါဒဖြန့်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့သူ ဝိုင်းစုခိုင်သိန်း ပါဝင်တဲ့ စတိတ်ရှိုးပွဲကို လာမယ့် စက်တင်ဘာလ ၁၉ ရက်နေ့မှာ ကော်လိုရာဒိုပြည်နယ် အော်ရိုရာမြို့မှာ ရုံသွင်းမှာဖြစ်ကြောင်း သိရပါတယ်။
ရှစ်လေးလုံး လူထုအရေးကြီးတော်ပုံကြီးကို သေးသိမ်အောင် လုပ်ကြံဝါဒဖြန့်ကားမှာ ပါဝင်သရုပ်ဆောင်ထားတဲ့သူ ပါဝင်တဲ့ ဒီပွဲကို နအဖ စစ်တပ်က လူထုအရေးတော်ပုံကြီးကို အကြမ်းဖက်ဖြိုခွဲ အာဏာသိမ်းပြီး နောက်တရက် စစ်တပ်မှာ ရက်ရက်စက်စက် ပစ်သတ်ခံရလို့ သေဆုံးသွားသူ အာဇာနည် ကျောင်းသူလေး မဝင်းမော်ဦးရဲ့ ကျဆုံးခြင်း နှစ်ပတ်လည်နေ့မှာ ပြုလုပ်မှာဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီစတိတ်ရှိုးပွဲကို နိုင်ငံရေးဒုက္ခသည်အဖြစ်နဲ့ အမေရိကကို ရောက်လာတဲ့သူတွေက ဦးစီးကျင်းပတာဖြစ်တဲ့အတွက် ကန့်ကွက်ရှုတ်ချမှုတွေ ရှိနေပါတယ်။
ကော်လိုရာဒိုပြည်နယ် ဒင်းဗားမြို့မှာ ရောက်ရှိနေတဲ့ ABSDF ကျောင်းသားတပ်မတော် ရဲဘော်ဟောင်းတဦးကတော့ ဒီပွဲနဲ့ပတ်သက်ပြီး “ကျနော် အားလည်း မပေးဘူး။ စိတ်လည်း မဝင်စားဘူး” လို့ ဆိုပါတယ်။
နအဖ စစ်အစိုးရရဲ့ ဝါဒဖြန့်ချိရေးကားဖြစ်တဲ့ ‘အာရုံဦးမှာဖူးသည့်ကြာ’ ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့သူ ဝိုင်းစုခိုင်သိန်းကို ကန့်ကွက်တဲ့အနေနဲ့ အမေရိကန်ပြည်ထောင်စုရှိ ပွဲသွင်းရာ မြို့တိုင်းလိုလိုမှာ ဆန္ဒပြမှုတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
ဒီပွဲနဲ့ ပတ်သက်ပြီး ကော်လိုရာဒိုပြည်နယ်မှာ ရှိတဲ့သူတွေကြားမှာလည်း ထောက်ခံသူနှင့် ကန့်ကွက်သူ ကွဲပြားမှုတွေ ရှိနေပြီး တချို့ကတော့ ဘယ်ဘက်မှ မပါပဲနေမယ်လို့ ဆိုပါတယ်။
“ကျမကတော့ ဒီပွဲကို လုံးဝ မသွားဘူး၊ ဆန္ဒလည်း သွားမပြဘူး” လို့ သူ့သဘောထားကို နိုင်ငံရေးအကျဉ်းသူဟောင်း တဦးက ပြောပါတယ်။
ဘတ်ဖဲလိုး၊ မင်နီဆိုတာ၊  ဆန်ဖရန်စစ္စကို စတဲ့ မြို့တွေမှာ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူများက အဲဒီပွဲကျင်းပရာနေရာတွေမှာ သွားရောက်ဆန္ဒပြပွဲများပြုခဲ့ကြပြီး မကြာခင်ပြုလုပ်မယ့် လော့အိန်ဂျလိမြို့မှာလည်း ဆန္ဒပြဖို့ သာမက သပိတ်မှောက်ကြဖို့ပါ ဆော်သြ၊ စီစဉ်နေကြောင်း သိရပါတယ်။
ကော်လိုရာဒိုပြည်နယ် အော်ရိုရာမှာ ကျင်းပမယ့် အခုပွဲဆန္ဒပြကန့်ကွက်မယ့်သူတွေကို တရားစွဲဆိုသွားမယ်လို့ စီစဉ်သူတွေက ခြိမ်းခြောက်ပြောဆိုနေကြောင်း သတင်းတွေထွက်ပေါ်နေပါတယ်။ စီစဉ်သူအမည်တွေကတော့ ကြော်ငြာတဲ့ပိုစတာအရ ၀င်းထွေးမောင် – ဖုံး ၇၂၀ ၂၆၁ ၅၂၇၆ ။ တင်ကို – ဖုံး ၇၂၀ ၂၇၇ ၅၀၀၄ နဲ့ ဟယ်လင် (ဖင်မလီအေရှင်မားကက် – ၇၂၀ ၆၂၈ ၂၇၈၇၊ ၃၀၃ ၃၉၉ ၃၇၇၇) လို့ ဖော်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ အစိုးရရဲ့ လုပ်ရပ်ကိုတောင် မကျေနပ်ရင် လမ်းပေါ်ထွက်ပြီး လွတ်လပ်စွာ ကန့်ကွက်ဆန္ဒပြခွင့် ရှိတယ်။ ပြီးတော့လည်း အများပြည်သူမြင်ကွင်းမှာ ဆန္ဒပြချင်ရင် ရဲကို ကြိုတင်အကြောင်းကြားထားတာနဲ့ ဆောင်ရွက်ခွင့်ရှိတယ် ဆိုတာကို မသိနားမလည်တဲ့သူတွေအပေါ် အခွင့်ကောင်းယူပြီးတော့ အဆိုပါ လူသိ လူတတ်ဆိုသူကြီးတွေက မြန်မာပြည်တွင်းက စွမ်းအားရှင်တွေ၊ ကြံ့ဖွတ်တွေလိုမျိုး စည်းကမ်းမဲ့ ခြိမ်းခြောက်တာမျိုးပဲ လို့ ကြားသိရတဲ့ မိုးမခမိတ်ဆွေတဦး က မှတ်ချက်ပေးပါတယ်။
ဝိုင်းစုခိုင်သိန်းကို ရုံသွင်းတဲ့ပွဲကို ဆန္ဒပြဖို့ အစီအစဉ်ကို အတိအလင်း ထုတ်ပြန်ခြင်း မရှိသေးပါဘူး။ မည်သည့် အဖွဲ့အစည်းကမှလည်း သဘောထား ထုတ်ပြန်ချက်များ ဖြန့်ချိခြင်း မရှိသေးပါဘူး။ ဖြစ်နိုင်တာ တချက်ကတော့ မြန်မာမိသားစုလူဦးရေ က အခြားမြို့ကြီးများနဲ့ နှိုင်းစာရင် ကျဲပါးနေသေးတာကြောင့်လည်း ဖြစ်နိုင်တယ်လို့ ဌာနေတဦးက ပြောပါတယ်။