International News

Ko Ko Lay and Group to welcome Shwe Mann in SF

၈၈ ကျောင်းသားဟောင်းနှင့် ကျောင်းသားတပ်မတော်သားဟောင်း ကိုကိုလေးနှင့်အဖွဲ့က လွှတ်တော်ဥက္ကဌ သူရရွှေမန်းကို ဆန်ဖရန်တွင် ကြိုဆိုပြီး တွေ့ဆုံပွဲ ကျင်းပမည်

မိုးမခအထောက်တော် ၀၀၂၊ ဇွန် ၉ ၊ ၂၀၁၃

လက်ခံရရှိသော သတင်းများအရ အမေရိကန်ခရီးစဉ်လာရောက်မည့် မြန်မာပြည်က လွှတ်တော်ဥက္ကဌ သူရရွှေမန်းနှင့် အဖွဲ့ဝင်များကို လာမည့် ဇွန်လ ၁၆ ရက်၊ ဆန်ဖရန်စစ္စကိုတွင် ကြိုဆိုပြီး တွေ့ဆုံပွဲကျင်းပနိုင်ရန် မြန်မာ့အရေး တက်ကြွလှုပ်ရှားသူအချို့က စီစဉ်နေကြောင်း ကြားသိရသည်။ စတင်ဆော်သြသည့်ပုဂ္ဂိုလ်မှာ ၈၈ ကျောင်းသားဟောင်းနှင့် အေဘီအက်စ်ဒီအက်ဖ် ကျောင်းသားတပ်မတော်သားဟောင်းတဦးဖြစ်သူ (ဦး)ကိုကိုလေးဖြစ်သည်။ များမကြာမီက မြန်မာပြည်သို့ Peace Missionအမည်ဖြင့်  (ဦး) မိုးသီးဇွန်တို့ ဦးဆောင်သောအဖွဲ့နှင့်အတူ လေ့လာရေးခရီး ထွက်ခဲ့သူတဦးအပါအ၀င်ဖြစ်သည်။

မြန်မာပြည်မှ ရွှေ့ပြောင်းအခြေချသည့် နိုင်ငံရေးဒုက္ခသည်များ၊ တိုင်းရင်းသားမိသားစုများ စုဝေးနေထိုင်သည့် ဥက္ကလံမြို့တွင် အများပြည်သူတို့ကို ဖိတ်ခေါ်ပြီး သူရရွှေမန်းကို ကြိုဆိုရန်၊ တွေ့ဆုံပွဲ ကျင်းပရန် လုပ်ငန်းကော်မီတီဖွဲ့စည်းရေး၊ ကြိုတင်ပြင်ဆင်ရေး အစီအစဉ်များ ဆွေ့းနွေးခဲ့ကြသည်ဟု ဆိုသည်။ တွေ့ဆုံမေးမြန်းခွင့်အတွက် အချိန် ၁ နာရီခန့်ရကြောင်း၊ အမေရိကန်ရှိ မြန်မာသံရုံးက ကုန်ကျစာရိတ်များကို တာဝန်ယူမည်ဟု ဆိုကြောင်း သတင်းများ ကြားသိရသည်။ ဆွေးနွေးပွဲကို ဆန်ဖရန်မြို့တော်တွင် ကျင်းပမည်ဟု သိရှိရသည်။

မြန်မာပြည်လွှတ်တော်၏ လက်ရှိလွှတ်တော်ဥက္ကဌအဖြစ် ရွေးချယ်ခံထားရသူ သူရရွှေမန်းနှင့်အတူ ၂၀၁၅တွင် သက်တမ်းကုန်တော့မည့် လွှတ်တော်အမတ် ၉  ဦးခန့် အတူပါလာသည်။ ၎င်းတို့ကို အမေရိကန်လုပ်ငန်းရှင်ကြီးများ၊ ကုမ္ဗဏီကြီးများက ဖိတ်ကြားခြင်း၊ တွေ့ဆုံခြင်းများ ပြုလုပ်ခြင်း၊ ဒေသခံ နိုင်ငံရေး အုပ်ချုပ်ရေး စီးပွားရေးလုပ်ငန်းရှင်များ၊ အဖွဲ့ဝင်များ၊ ပုဂ္ဂိုလ်များက တွေ့ဆုံခြင်းတို့အပြင် ဒေသခံမြန်မာများကလည်း တွေ့ဆုံခြင်း၊ မေးမြန်းခြင်းပြုလုပ်မည် ဖြစ်ကြောင်း၊ တွေ့ဆုံရာတွင် အနှစ်သာရရှိသော တွေ့ဆုံပွဲဖြစ်မြောက်ပြီး မြန်မာပြည်သားတို့ တိုးတက်ရေးကို အကျိုးရှိမည့် မေးခွန်းများ မေးကြရန် တိုင်ပင်ကြဖို့ ဖြစ်မြောက်ရေးအစည်းအဝေး ခေါ်ရခြင်းဖြစ်ကြောင်း (ဦး)ကိုကိုလေး၏ မြန်မာအသိုင်းအ၀ိုင်းသို့ ဖိတ်ကြားစာတွင် ဖော်ပြထားသည်။

အမေရိကန်ပြည်ထောင်စုသို့ လက်ရှိအာဏာရအစိုးရအသိုင်းအ၀ိုင်းက လာရောက်လည်ပတ်မှု ခရီးစဉ်များ တိုးတက်များပြားလျက်ရှိသည်။ အမေရိကန်အသိုင်းအ၀ိုင်း အတန်းအစားပေါင်းစုံကလည်း မြန်မာအစိုးရနှင့် အနီးကပ်ဆောင်ရွက်နိုင်ရန် ထက်သန်မှုများ တွေ့ရှိရသည်။ အမေရိကန်ရောက်မြန်မာများ၊ တိုင်းရင်းသားများကလည်း မြန်မာအာဏာပိုင်များနှင့် တွေ့ဆုံပြီး သူတို့အရေးကိစ္စများကို တောင်းဆိုရန် မေးမြန်းရန် ထက်သန်နေကြပုံရသည်။

လွှတ်တော်ဥက္ကဌ သူရရွှေမန်းသည် မြန်မာပြည် ပြောင်းလဲရေးတွင် လွှတ်တော်အမတ်များ၊ အခြေခံဥပဒေနှင့် မဲဆန္ဒရှင်လူထုအများစု၏ ဆန္ဒအပေါ်တွင် မူတည်သည်ဟု လွန်ခဲ့သည့်တပတ်က ကျင်းပသည့် နေပြည်တော်က နိုင်ငံတကာဖိုရမ်တွင် ပြောကြားခဲ့သူ ဖြစ်သည်။ ၂၀၀၇ သံဃာတော်များ၏ ရွှေဝါရောင်အရေးအခင်းကို လက်နက်ဖြင့် အကြမ်းဖက်ဖြိုခွဲခဲ့သည် စစ်အစိုးရလက်ထက်က တတိယအာဏာအကြီးဆုံး စစ်ဗိုလ်ချုပ်တဦးအဖြစ် တာဝန်ယူခဲ့သူလည်း ဖြစ်သည်။

(ဓာတ်ပုံ – လွန်ခဲ့သည့် စစ်အစိုးရလက်ထက်၊ တရုတ်ပြည်ခရီးစဉ်တွင် တွေ့ရသော သူရရွှေမန်း၊ (ဧရာဝတီ))


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts