>Maung Yit – Movie Review – Rang_De_Basanti

>

ဒီကုလားကားကြည့်ပြီးမှ ရုပ်ရှင်ရိုက်ပါ
မောင်ရစ်
သြဂုတ် ၁၃၊ ၂၀၁၀
စာက မိုင်အကယ်ဒမီစိန်ကို ဦးတည်ပြီး ရေးရမှာပါ။ သူက မြန်မာ့ရုပ်ရှင် တိုးတက်ဖို့ အလွန်စေတနာထားပြီး ကိုရီးယားကားတွေကို မျက်စောင်းထိုးတဲ့စာတွေ အလွန်ရေးတယ်။ သို့သော် ပြည်တွင်းက “အရုဏ်ဦးမှာ ဖူးသည့်ကြာ” ဇာတ်ကားကိုတော့ မျက်စိလျှံသွားတယ်။ ဘာမှ မပြောလိုက်ဘူး။ ပြည်ပက အင်တာနက်လောကမှာ ပလုံစီနေတာ သူက အင်တာနက်နဲ့ မီးပြတ်တဲ့ ဗမာပြည်ထဲမှာ နေတဲ့သူဆိုတော့ ဘယ်သိလိုက်မလဲလေ။ ပြည်ပက ရုပ်ရှင်ချစ်သူတွေကလည်း အင်တာနက်ပေါ်မှာ ဖရီးကြည့်လိုက်ရလို့သာ ဆူပွက်ကုန်ကြတာပါ၊ မီးပျက်နေသူ မြန်မာပြည်တွင်းသူတွေက ဘယ့်နှယ်မှ မနေလိုက်ဘူး။
အဲဒါနဲ့ပဲ ရေဒီယိုတွေ၊ အင်တာနက်တွေမှာ ပြောစရာတွေ ရကုန်တယ် ဆိုတော့ မောင်ရစ်ကလည်း ရာသီစာ ၀င်ရေးရတယ်ပဲ ဆိုကြပါစို့ရယ့်။ အံမယ် … စစ်အစိုးရ၀ါဒဖြန့်ချိရေးသမားတွေကလည်း အစီရင်ခံစာတွေ အတော် ရေးတင်လိုက်ရတယ် ဆိုပဲ။ ပြည်ပက မြန်မာတွေကဲ့သို့ ရေ၊ မီး၊ အင်တာနက်သာ မှန်မှန်လာမယ် ဆိုရင် စစ်ဝါဒဖြန့်ချိရေးသည် အတော် ခရီးရောက်ကြောင်း၊ ပြည်တွင်းက ရုပ်သံလွှင့်စက်ရုံတွေရဲ့ အရိပ်ကို ကျော်သွားတာနဲ့ ရေပြတ်၊ မီးပြတ်၊ တယ်လီဖုံးပြတ်တဲ့ အာဏာစက်အောက်မှာ တီဗီက လွှင့်တာတွေက ထင်သလောက် ခရီးမရောက်ကြောင်း စသည်ဖြင့် ပေါ့လေ။
ပြောချင်တာက ကုလားကားလေး တကား ကောင်းလွန်းလို့ လက်တို့ချင်လို့ ဒီစာရေးတာပါဗျာ။ မြန်မာကားကလည်း ဟိုတခါ အိမ်က ကလေးတွေ ဆူလိုက်ကတည်းက မကြည့်တော့ပါဘူး။ ဘယ့်နှယ် … အဖေတို့ကားတွေက အသံအကျယ်ကြီး အော်ဟစ် ဆူပူ ငိုယို ရယ်မော ခုန်ပေါက်နေတာချည်းပဲ လို့ ရှုတ်ချခံထားရတော့ မြန်မာကားကြည့်ချင်ရင် အသံတိတ်ကြည့်ရတယ်၊ အော် … ငါတို့ မြန်မာတွေ လေဒီဂါဂါလို ၀တ်တတ်နေကြပြီပဲပေါ့။ ဗိုလ်ချုပ်ဈေးကြီးက ဆေးတွေကွာနေသော်လည်း ဟော်တယ်ကြီးတွေက တယ်ခမ်းနားပါကလားပေါ့။ အသံတိတ်ကြည့်တော့လည်း ဗဟုသုတတော့ ရတာပါပဲလေ။ ထားပါတော့။
ကြည့်စေချင်တဲ့ကားက ၂၀၀၆ ခုနှစ်က အိန္ဒိယပြည်တင်သာမက ပြည်ပမှာပါ ၀က်ဝက်ကွဲ အောင်မြင်သွားတဲ့ Rang De Basanti (အ၀ါရောင်နဲ့ ချယ် …) ဆိုတဲ့ ကား။ ကုလားကားများ ထုံးစံအတိုင်း သီချင်းဆိုတယ်၊ ကတယ်၊ ငိုတယ်၊ ရန်ဖြစ်တယ်၊ သတ်ဖြတ် လက်စားချေတယ်၊ တက်ကြွ လန်းဆန်း ရှုတ်ထွေးပါတယ်။ သို့သော် … သူပြသွားတာက အိန္ဒိယပြည်ကြီးရဲ့ အတိတ်က လွတ်လပ်ရေးတိုက်ပွဲနဲ့ ယခု ပစ္ဖုပ္ဗန် နိုင်ငံရေး ခြစားပျက်စီးမှုတွေကို ယှဉ်တွဲ နှိုင်းယှဉ် ပြသွားတာပါ။
သူတို့ကုလားပြည်ကြီးအကြောင်းကို တက္ကသိုလ်လာတက်တဲ့ ကျောင်းသားတွေနဲ့ ပြောဖူးပါတယ်။ ကျနော်တို့က ဂန္ဓီကြီးလောက် သိတဲ့အချိန်မှာ သူတို့လွတ်လပ်ရေးအတွက် လက်နက်ကိုင်တော်လှန်ရေးသမားတွေ သူပုန်ခေါင်းဆောင်တွေ အကြောင်းကို သူတို့က ပြန်ပြောပြပါတယ်။ ဘာသာရေး သွေးကွဲမှုတွေကို ပြောပြပါတယ်။ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ခ်ျ၊ အိန္ဒိယ ကွဲပြားသွားပုံတွေကို ပြောပြတယ်။ ခုချိန်မှာ အာရှရဲ့ အကြီးကျယ်ဆုံး ပါလီမန်ဒီမိုကရေစီစနစ် ထွန်းကားတဲ့ နိုင်ငံဖြစ်နေပေမယ့် အကျင့်ပျက် ခြစားမှုတွေ၊ လူတန်းစား၊ ဇာတ်ခွဲခြားမှုတွေ၊ ဘာသာရေး ပဋိပက္ခတွေ၊ ဆင်းရဲ ချမ်းသာ ကွာဟမှုတွေကြောင့် တိုင်းပြည်မှာ လူတွေက နိုင်ငံရေးတို့ လူမှုရေးတို့ကို သိပ်စိတ်မ၀င်စားတဲ့ အကြောင်း၊ တကိုယ်စာအရေး၊ မိသားစုအရေးကိုသာ အာရုံစိုက် လွတ်မြောက်ချမ်းသာကို ရွေးချယ်ကြောင်း၊ သူတို့ကိုယ်တိုင်လည်း တကိုယ်ကောင်း ဆန်ကြောင်း ပွင့်ပွင့်လင်းလင်း ပြောပါတယ်။
တလောက ခေတ်စားတဲ့ သန်းကြွယ်သေဌေး မောင်ဖိုးခွေး (Slum Dog Millionaire) ကုလားကားလောက် ကြည့်ဖူးတဲ့ မောင်ရစ်ကို ကျောင်းသားတွေက အထက်ပါ ကားနဲ့ မိတ်ဆက်ပေးပါတယ်။ အဲဒီကားကို ကြည့်လိုက်ပေါ့ တဲ့။ သူတို့ ကုလားပြည်က ရေပေါ်ဆီနဲ့ ပေါ့ပေါ့နေ ပေါ့ပေါ့စား လူငယ်မျိုးဆက်တွေနဲ့ ကိုလိုနီခေတ် တော်လှန်ရေးသမားတွေရဲ့ ၀ိညာဉ်တွေနဲ့ ဆုံပေး၊ စုပေး၊ လိပ်ပြာသွင်းပေးလိုက်တဲ့ ဇာတ်ကားပါ တဲ့။
ဟုတ်ပါ့ဗျာ … ကြည့်မိတဲ့ ခဏမှာ ၃ နာရီလောက် ရင်သတ်ရှုမောရပါတယ်။ ကုလားလို ပြောသော်လည်း အင်္ဂလိပ်စာတန်းထိုးပါတယ်။ ဇာတ်ညွှန်း ဇာတ်လမ်း အလွန် ကောင်းပါတယ်။ ၀ါဒဖြန့်ချင်သူများလည်း သည်လိုဇာတ်ကားမျိုးကို ကြည့်ပြီး မြန်မာဇာတ်သွင်းပြီး ရိုက်လို့ အလွန်ကို သင့်တော်ပါတယ်။ တင်သန်းဦး မဦးခင် မောင်မျိုးမင်းတို့ ချိုတူးဇော်တို့ အရင် မြန်မာမှုပြုကြမှ တော်လိမ့်မယ် ထင်ပါတယ်။ ရှေးက ဘိုးဘွားတွေ အသက်စွန့်ပြီး အရယူပေးခဲ့တဲ့ လွတ်လပ်ရေးဟာ အာဏာရူးတွေ၊ စီးပွားရေးသမားတွေ လက်ထဲမှာ စုတ်ပြတ်သတ်နေပြီး လူငယ်တွေကလည်း စိတ်ကုန်နေချိန်မှာ တိုင်းပြည်ကို ပြည်သူတွေအားလုံး ပါဝင်ပတ်သက်နိုင်တဲ့ လွတ်လပ်ပွင့်လင်း မျှတတဲ့ ဒီမိုကရေစီ လမ်းကြောင်းကို ဘယ်လိုနည်းနဲ့ ဆွဲတင်မှာတဲ့လဲ … ဒါ က မေးခွန်းပါ။ ရုပ်ရှင်ကတော့ စိတ်ကူးယဉ် ဆန်းသစ်မှုတွေနဲ့ ပေါက်ကွဲထားတယ်။ အရင်းအနှီးက အမေရိကန်ဒေါ်လာ ၅ သန်း၊ ပြန်ရတာက သန်း ၃၀ ပြန်ရတယ် တဲ့။
ခေတ်အဆက်ဆက်မှာ လူငယ်တွေဟာ ထာဝရ တော်လှန်ရေးသမားတွေပါ။ အမြဲတန်း မိုက်မဲတဲ့ သူတွေပါ။ သူတို့အတွက်ထက် သူတို့ထက် ကြီးကျယ်မြင့်မြတ်မှုတခုခု အတွက် စွန့်လွှတ် အနစ်နာဖို့ တိုက်ပွဲဝင်ဖို့ ရှေ့တန်းကနေ ချီတက်သူတွေ ဖြစ်တယ် ဆိုတာကို ပြသွားပါတယ်။ ဟစ်ဟော့ပ်အကတွေ အသားကပ်ဘောင်းဘီတွေ၊ ဟင်းချိန်းတွေ၊ နားကပ်တွေနဲ့ လူငယ်တွေဟာ အချိန်တခုရောက်လာတာနဲ့ ၀ုန်းကနဲ နိုးထပြီးတော့ မတရားမှုတွေကို တိုက်ထုတ် တော်လှန်တော့တာပဲ။ အာဏာရှင်တွေ အလိုကျ၊ စီးပွားရေးသမားတွေ အလိုကျ အပြစ်မဲ့တဲ့ အကာအကွယ်မဲ့တဲ့ အားနည်းတဲ့ ပြည်သူလူထုအပေါ်မှာ သစ္စာဖောက်တဲ့အလုပ်ကို သူတို့မလုပ်ဘူး ဆိုတာကို အဲသည် ရုပ်ရှင်က ပြသွားပါတယ်။
တိုင်းပြည်ကြီးကို ပြောင်းလဲချင်ရင် ဘာမှ မလုပ်ဘဲနဲ့ ဘေးက ထိုင်ပြီး လျောက်ပြောမနေနဲ့တဲ့။ ၀င်လုပ်ကြပါတဲ့။ စစ်တပ်ထဲ ၀င်၊ နိုင်ငံရေးပါတီထဲဝင်၊ တိုင်းပြည်ရဲ့ အခမ်းကဏ္ဍတွေအသီးသီးမှာ ရတဲ့နေရာက ၀င်ပြီး လုပ်ကြဖို့ သာ ရှိတာပဲ တဲ့။ အဲလို မလုပ်ကြဘဲသာ နေကြရင် ဘာဖြစ်ကုန်မှာလဲ … နောင်မျိုးဆက်သစ်ကလေးတွေ ထပ်ပြီး အသေခံကြရဖို့သာ ရှိတယ်။ ခေတ်အဆက်ဆက်မှာ သူတို့ကလေးတွေ အကြိမ်ကြိမ်အခါခါ အသေခံပြီး တိုက်ပွဲဝင် တော်လှန်ကြတဲ့ သံသရာ ဘယ်တော့မှာ ရပ်မှာ မဟုတ်ပါ …
ကဲ … အဲသည်ကုလားကားကြည့်ပြီး ရုပ်ရှင် ရိုက်ချင် ရိုက်ပေါ့ဗျာ။ မရိုက်နိုင်ရင်လည်း မရိုက်ဘဲ နေပေါ့ ဟုတ်လား။