>FFSS Yangon Activity

>

နာရေးကူညီမှုအသင်း (ရန်ကုန်) သတင်းမှတ်စု လှုပ်ရှားမှုများ
မိုးမခ (နာရေးကူညီမှုအသင်း (ရန်ကုန်) မှတဆင့်)
ဇူလိုင် ၈၊ ၂၀၁၀
7th JULY ပေးဆပ်မှုများ
၂၀၁၀ ခုနှစ်၊ ဇူလိုင်လ (၇) ရက်နေ့ ယင်းနေ့တွင် ကျွန်တော်တို့ နာရေးကူညီမှုအသင်း (ရန်ကုန်)ရှိ သုခကုသိုလ်ဖြစ်ဆေးခန်းတွင် ထူးခြားစွာဖြင့် တိုက်တိုက်ဆိုင်ဆိုင် ကမ္ဘာမြေပြင်သို့ မရောက်လာမီ၊ မကြာမီရောက်လာတော့မည့် မျိုးဆက်သစ် ကလေးငယ်များ၏ ကျန်းမာရေး (ကိုယ်ဝန် ဆောင်မိခင်) တို့၏ ကျန်းမာရေး၊ ကမ္ဘာမြေပြင်သို့ လျောရှူစွာ ရောက်ရှိလာနိုင်ရေးတို့အတွက် ဒေါက်တာ ဒေါ်ဝင်းဝင်းအောင်မှ အထူးကြပ်မတ် နွေးထွေးစွာ စစ်ဆေးကုသ ပေးနေသလို . . . ကမ္ဘာ မြေပြင်သို့ ရောက်ရှိလာသော မျိုးဆက်သစ် ကလေးငယ်များ၏ ကျန်းမာရေးအတွက် ကလေးဆရာဝန် ဒေါ်မေစုဟန်မှ နွေးထွေးပျူငှါစွာ ကုသပေးလျှက် ရှိပါသည်။
          ထို့ပြင် အမြင်မကြည်လင်သော မျက်စိ ဝေဒနာရှင်များကိုလည်း ဒေါက်တာ ဒေါ်ရီရီအောင်မှ ကြင်နာစွာဖြင့် စမ်းသပ်စစ်ဆေး ကုသပေးခြင်း၊ ရေတိမ်ရှိသော မျက်စိဝေဒနာရှင်အား ဆေးသွင်းပေးခြင်းနှင့် တိမ်ရှိပါက ခွဲစိတ်မည့် ရက်နေ့ကို ချိန်းဆိုတာ အမြင်အာရုံ ပြန်လည်ရရှိရေး အတွက် အပူတပြင်း ခွဲစိတ်ကုသပေးလျှက် ရှိပါသည်။
ထို့ကြောင့် … ယနေ့ ၇.၇.၂၀၁၀ ရက်နေ့သည် ကျွန်တော်တို့၏ နာရေးကူညီမှုအသင်း (ရန်ကုန်)ရှိ သုခကုသိုလ်ဖြစ်ဆေးခန်းတွင် အတိတ်ဘ၀မှ မည်သို့သောနည်းလမ်းဖြင့် လူ့လောက ကြီးမှ ထွက်ခွာသွားရ ပြီးသည့်နောက် တဖန် လူ့ဘုံဘ၀သို့ ပြန်လည်၍ အကြွေးဆပ်မည့် မျိုးဆက်သစ် ကလေးငယ်များကို ရှင်သန်ထမြောက်လာစေရန် ပြုလုပ်ပေးသည့် နေ့တစ်နေ့ (သို့မဟုတ်) ကမ္ဘာမြေပြင်သို့ ရောက်ရှိနေပြီး ကျန်းမာသန်စွမ်းစွာ ဘ၀ကို ရင်ဆိုင်နိုင်ရန် ပြုလုပ်ပျိုးထောင် ပေးသောနေ့ (သို့မဟုတ်) အမြင်အာရုံများ မှုန်မှိုင်းေ၀၀ါးနေမှုတို့ကို ကြည်လင်ပြတ်သားစွာ အလင်းဓါတ် အာရုံကို ချပေးသည့်နေ့ … အဖိုးမဖြတ်နိုင်သော ကုသိုလ်မှုများကို ပေးဆပ်ခဲ့သည့် ထူးခြားသည့် ၇.၇.၂၀၁၀ ရက်နေ့ ဖြစ်တော့သည်။
နိဗ္ဗာန်သို့သွားရာ ဗီဇာကဒ်ပြားမဟုတ် … ကုသိုလ်ရေးကဒ်ပြား
နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးချုပ်တွင် ၄.၇.၂၀၁၀ (တနင်္ဂနွေ) နေ့တွင် ၇/၂၀၁၀ လပါတ် အစည်းအဝေး ကျင်းပခဲ့ပါသည်။ အလုပ်အမှုဆောင် အစည်းအဝေးကို သီးခြားအခန်းငယ်ထဲတွင် ကျင်းပခဲ့ပြီး အလုပ်အမှုဆောင်များ အသင်းသူ/သားများ ပါဝင်သော လပါတ် အစည်းအဝေးကို နမောတသ သုံးကြိမ် ရွတ်ဆို၍ ဘုရားခန်းမဆောင်ထဲတွင် စည်းကားစွာ ကျင်းပခဲ့ပါသည်။
          (၇)ရက်သားသမီး ပြည်သူလူထုတို့အပေါ် အခမဲ့ ကူညီပံ့ပိုးမှုတို့ကို အရှိန်အဟုန်မြင့်မားစွာ ပေးဆပ်နိုင်ရေးအတွက် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူ၊ အတွင်းရေးမှူး ဒေါ်သန်းမြင့်အောင်၊ ဘဏ္ဍာရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်တို့မှ ဆွေးနွေး ညှိနှိုင်း အကြံဥာဏ်များ ပြုခဲ့ပါသည်။
          ထို့ပြင် အသင်းသားကဒ်ပြားများကို အသင်းသို့ လာရောက်လုပ်အားပေးချိန် မှန်ကန်တိကျသူ၊ အစည်းအဝေးများကို မပျက်မကွက် တက်ရောက်သူ (၁၈) ဦးတို့အား အသင်းသားအဖြစ် သတ်မှတ်၍  အသင်းသားကဒ်ပြားများ ထုတ်ပေးခဲ့ပါသည်။
          ထိုသို့ အသင်းသားကဒ်ပြားများ ပေးရသည်နှင့် ပတ်သက်၍ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူမှ – “ ဒီ အသင်းသားကဒ်ဟာ နိဗ္ဗာန်ရောက်ကြောင်း ဗီဇာကဒ်ပြား မဟုတ်ပါဘူး။ မိမိကိုယ်တိုင် သီလလုံခြုံစွာ ကုသိုလ်ရေးကိုလုပ်မှ ကုသိုလ်ရရှိမှာ ဖြစ်ကြောင်း။ ကဒ်ပြားရသူ များကလည်း ဘ၀င်မမြင့်ကြဖို့။ ပိုမို၍လည်း မိမိကိုယ်ကို မိမိနာရေးရှင်များနှင့် ဆက်ဆံရာတွင် နှိမ့်ချ ဆက်ဆံကြဖို့ နွေးထွေးစွာ ဖေးမကူညီဖို့။ ယင်း ကဒ်ပြား မိမိတို့တွင် အစဉ်အမြဲ ရှိနေသည့်အတွက် အပြောအဆို အမူအရာ အသွားအလာ အနေအထိုင်မှ အစ ယခင်ကထက် ပိုမို၍ ထိန်းသိမ်းဖို့ လိုအပ်ကြောင်းနှင့် ကဒ်ပြားမရတဲ့ သူတွေကလည်း စိတ်ဓါတ်ကျစရာ မလိုပါဘူး။ ကိုယ်ပြုသောကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာမည် ” ဟု စသဖြင့် ပြောကြားခဲ့ပါသည်။
          ရှေ့ဆက်၍ နာရေးကူညီမှုအသင်း(ရန်ကုန်)သည် အများပြည်သူတို့အတွက် ဆထက်တန်ဖိုး ပေးဆပ်မှုများကို ပြုလုပ် ဆောင်ရွက်ပေး နိုင်တော့မည်ဟု . . . . ။
သွေးမြေကျသည်အထိ ပေးဆပ်မှု
နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ရေရှားပါးမှု ဒုက္ခကျရောက်သော မြို့နယ်၊ ကျေးရွာ၊ ဒေသများသို့ ရေရှည်စီမံကိန်းဖြစ်သည့် အ၀ီစိတွင်းများ၊ အုတ်ရေကန်များတွင် “အများပြည်သူအတွက် အများပြည်သူ ကောင်းမှု နာရေးကူညီမှုအသင်း(ရန်ကုန်)”ဟု ကဗျည်းရေးထိုးကာ ဒေသခံ လူမှုရေးသမားများနှင့် ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခု ပဲခူးတိုင်းရှိ ကျေးရွာ (၅) ရွာဖြစ်သည့် ခနီးကျေးရွာ၊ ခနာကျေးရွာ၊ ညောင်ပင်ကန်ကျေးရွာ၊ လက်ပံကုန်းကျေးရွာနှင့် စက်ကုန်းကျေးရွာ တို့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့် ပူးပေါင်း၍ ပဲခူးမြို့ ဒေသခံ လူမှုရေးသမား ကိုသူရိန်ဝင်းနှင့် အဖွဲ့ ဦးဆောင်၍ တူးဖော် တည်ဆောက်ခြင်း လုပ်ငန်းများအား နေ့ည မနားတမ်း လုပ်ကိုင်ပေးဆပ်ခဲ့ရာ မကြာမီ အချိန်ကာလတွင် ပြီးစီးတော့မည် ဖြစ်ပါသည်။ အောင်မြင်စွာ ပြီးစီးသွားပါက အများပြည်သူ အလှူငွေဖြင့် အများပြည်သူအတွက် ပေးဆပ်မှုဖြစ်သည့် ရေအလှူဒါန ကုသိုလ်ရေးအား ရေစက်သွန်းချ အမျှပေးဝေ လှူဒါန်းသွားမည် ဖြစ်ပါသည်။
နာရေးကူညီမှုအသင်း(ရန်ကုန်)မှ တာဝန်ယူပြီး ဆက်လက်တူးဖော်နေသည့် ကျေးရွာများမှာ – ပဲခူးတိုင်းရှိ ခနီးကျေးရွာ၊ ခနာကျေးရွာ၊ ညောင်ပင်ကန်ကျေးရွာ၊ လက်ပံကုန်းကျေးရွာနှင့် စက်ကုန်းကျေးရွာ တို့ဖြစ်ကြသည်။ ထိုသို့ တူးဖော်ရာတွင် ခနီးကျေးရွာ အ၀ီစိတူးဖော်ရေး လုပ်ငန်းခွင်တွင် ချိန်းဘလောက် ပြုတ်ကျ၍ တူးဖော်ရေး လုပ်အားပေး လူမှုရေးသမား ၀န်ထမ်းတစ်ဦး ဦးခေါင်းတွင် ထိခိုက်၍ သွေးမြေကျခဲ့ရသည်။ မည်သို့ဖြစ်စေ အများပြည်သူအား ပေးဆပ်ကုသိုလ်ယူပွဲ ဖြစ်သည့်အတွက် မိမိ၏ ထိခိုက်ဒဏ်ရာကြောင့် မိမိတာဝန်ယူ ဆောင်ရွက်သည့် ခနီးကျေးရွာ၏ အ၀ီစိတွင်း တူးဖော်ခြင်း လုပ်ငန်းခွင်အား ရပ်နားခြင်းမပြုဘဲ ပြီးစီးသည်အထိ ကြိုးစားတူးဖော် ဆောင်ရွက်ပေးလျှက်ရှိသော လုပ်အားပေး လူမှုရေးသမား ညီငယ်လေးအား နာရေးကူညီမှုအသင်း (ရန်ကုန်)မှ မိမိ၏ အသက်ခန္ဓာအား မငဲ့ကွက်ဘဲ ကိုယ်ကျိုးထက် အများအကျိုးအတွက် ရဲရဲရင့်ရင့် ပေးဆပ်ကူညီမှုအတွက် အထူးမှတ်တမ်းတင် အပ်ပါသည်။
မကြေပွဲနွှဲသည့် ဇနီးမောင်နှံ
          နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အသင်းသားဖြစ်သော မောင်ကိုကိုဦး (လူခစတိုး၊ Morekha Art Gallery) နှင့် မထက်ထက်စိုး (လူခစတိုး၊ Morekha Art Galleryနှင့် OTL Lighting)တို့သည် ၁၈.၄.၂၀၁၀ နေ့တွင် စေ့စပ်မင်္ဂလာပွဲကို ကျင်းပခဲ့သည်။ စေ့စပ်မင်္ဂလာပွဲ ပြီးစီးသည့်နှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ပေးဆပ်မှုဖြစ်သော နာရေးလမ်းကြောင်းများကို လူမှုရေး ဇနီးမောင်နှံမှ လိုက်လံ သယ်ယူ ပို့ဆောင်ပေးခဲ့ပါသည်။
ယနေ့ ၄.၇.၂၀၁၀ ရက်နေ့တွင် ပုလဲကွန်ဒို၊ ကမ္ဘာအေးဘုရားလမ်း နေအိမ်တွင် နံနက် (၁၀း၀၀) နာရီမှ (၁း၀၀) နာရီအထိ မင်္ဂလာဧည့်ခံပွဲကို ကျင်းပခဲ့ပါသည်။ မင်္ဂလာဧည့်ခံပွဲ ပြီးဆုံးသည်နှင့် တပြိုင်နက်ထဲ မင်္ဂလာပွဲအခမ်းအနား ၀တ်စုံဖြင့် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူထံ ခွင့်တောင်း၍ မင်္ဂလာပေါ် မင်္ဂလာထပ်သည့်အနေဖြင့် ကုသိုလ်ဖြစ် နာရေး ကူညီမှု လမ်းကြောင်းများကို လိုက်လံ ပို့ဆောင် ပေးဆပ်ခဲ့ပါသည်။