>
သဲကုန်းဆရာတော် ဦးဉာဏိသရ ထံ ပြည်သူ့ဂုဏ်ရည်မိတ်ဆွေများက ဂုဏ်ပြုမှတ်တမ်းလွှာ ဆက်ကပ်
မိုးမခအထောက်တော် ၀၀၂
ဇူလိုင် ၃၊ ၂၀၁၀
၂၀၁၀ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆု ဂုဏ်ပြုချီးမြှင့်ခြင်း အစီအစဉ်၏ နောက်ဆုံးဆန်ကာတင် ပုဂ္ဂိုလ် ၅ဦးတွင် ပါဝင်သော သဲကုန်းဆရာတော် ဦးဉာဏိသရထံ ပြည်သူ့ဂုဏ်ရည်မိတ်ဆွေများက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အလှူငွေ အမေရိကန်ဒေါ်လာ ၁ ထောင်ကို ယမန်နေ့ညနေခင်းက ဆရာတော်တော်တည်းခို သီတင်းသုံးရာ အယ်လ်အေဟိုတယ်သို့ သွားရောက်ပြီး ဆက်ကပ်လှူဒါန်းခဲ့ကြသည်ဟု သိရသည်။
ဆရာတော် ဦးဉာဏိသရက ပြည်သူ့ဂုဏ်ရည်မိတ်ဆွေများ၏ ဆက်ကပ်လှူဒါန်းမှုကို လက်ခံခဲ့သဖြင့် မိမိတို့မှာ များစွာ ၀မ်းသာပီတိဖြစ်ကြရသည်ဟု အယ်အေမြို့က ပြည်သူ့ဂုဏ်ရည်ဖြစ်မြောက်ရေး လုပ်အားပေးအဖွဲ့ဝင်များက မိုးမခသို့ ပြောကြားသည်။
ဆရာတော်ကြီးက မြန်မာပြည်တွင်း ကျန်းမာရေး၊ ပညာရေးနဲ့ ဧရာဝတီအလှူတော်လုပ်ငန်များအကြောင်းကို အကျဉ်းချုံးပြီး ရှင်းလင်းပြောပြခဲ့ကြောင်း၊ လွန်ခဲ့သည့် နှစ်ပေါင်း ဆယ်စုနှစ်များစွာကတည်းက ဆရာတော်ကြီး၏ ရေအလှူတော်၊ ဆေးရုံနှင့် ဆေးအလှူတော် လုပ်ငန်းများမှာ ကြည်နူးဖွယ်ရာ ဖြစ်ကြောင်း ဂုဏ်ပြုအစီအစဉ်သို့ တက်ရောက်သူတဦးက ပြောပြသည်။
“အဲသည်ထဲက ဆေးရုံ ၈ ရုံ ရှိတယ်။ ဆေးရုံတရုံကို ကျပ်ငွေ သိန်း ၁၀၀၊ ဆေးပစ္စည်း သိန်း ၁၅၀ ရှိတယ်လို့ ဆိုတယ်။ ဆားတောင်၊ သီပေါ၊ ကလေး၊ နတ်မောက်၊ ပန်းတနော်၊ ထားဝယ်၊ မင်းတပ် (ချင်းပြည်နယ်)နဲ့ မြိုင်ကြီးငူ (ကရင်ပြည်နယ်) တို့ ဆိုပြီး ရှိတယ်။ မျက်စိအလင်းရဖို့ ခွဲစိတ်ကုသပေးနေတာက ပြည်သူ ၁ သောင်းခွဲ ရှိတယ်။ နှစ်စဉ် ၁ သောင်းခွဲ အလင်းရဖို့ လုပ်ပေးတာ ဖြစ်တယ်” ဟု မိတ်ဆွေတဦးက ဆိုသည်။
ဆရာတော်ကြီးသည် ဇူလိုင်လ ၃ ရက်တွင် အယ်လ်အေတွင် တရားပွဲ တခု၊ ဇူလိုင်လ ၄ ရက်တွင် ဆန်ဖရန်စ္စကိုတွင် တရားပွဲ တခု ကျင်းပပေးမည် ဖြစ်ပြီး ဇူလိုင် ၃၁ နေ့ အထိ အမေရိကန်ပြည်နယ်များအနှံ့ တရားပွဲများ ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။ သည်နေရာမှာ တရားပွဲ အစီအစဉ်များကို ကြည့်နိုင်ပါပြီ။
(photo – Friends of the Citizen of Burma Award)



