>
ဇူလိုင် ၁၊ ၂ဝ၁ဝ
Xinhua သတင်းဌာန

မြန်မာပြည် လူဦးရေသည် ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက ၅၉ ဒဿမ ၁၂ သန်း ရှိသည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက နောက်ဆုံး ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။
အသက် ၁၈ နှစ် ပြည့်ပြီးသူ အရေအတွက်မှာ သန်း ၃၀ ကျော်သည်ဟု ဆိုသည်။
အမျိုးသား အရေအတွက် ၂၉ ဒဿမ ၃၉ သန်း၊ အမျိုးသမီး အရေအတွက် ၂၉ ဒဿမ ၇၃ သန်း ရှိသည်ဟု သိရသည်။
မြန်မာပြည် လူဦးရေမှာ နှစ်စဉ် ၂ ဒဿမ ၀၂ ရာခိုင်နှုန်း တိုးတက်လျက် ရှိသည်။
နှစ်အလိုက် မြန်မာပြည် လူဦးရေ
၁၉၈၈ ခုနှစ် – ၃၉ သန်း
၂၀၀၈ ခုနှစ် – ၅၇ သန်း
၂၀၀၉ ခုနှစ် – ၅၉ သန်း
၁၉၇၃၊ ၁၉၈၃၊ ၂၀၀၇ ခုနှစ်တို့တွင် သန်းခေါင်စာရင်း ကောက်ယူခဲ့သည်။
၂၀၀၇ သန်းခေါင်စာရင်းကို ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA) ၏ နည်းပညာပိုင်းဆိုင်ရာ အကူအညီဖြင့် ဆောင်ရွက်ခဲ့သည်။ ထိုအဖွဲ့၏ အကူအညီဖြင့် ယခင်ကလည်း ဖွားသေစာရင်း ကောက်ယူခဲ့ဖူးသည်။
ဤအတောအတွင်း ကုလသမဂ္ဂ စားနပ်ရိက္ခာ အဖွဲ့ (FAO) ၏နှင့် ပူးပေါင်းပြီး လယ်ယာသန်းခေါင်စာရင်း ကောက်ယူမှုကို မတ်လတွင် စတင် ဆောင်ရွက်လျက် ရှိသည်။ ထိုလုပ်ငန်းစဉ်အတွက် လိုအပ်မည့် ဒေါ်လာ ၃ ဒဿမ ၁ သန်း ရရှိရေးအတွက FAO က ကူညီနေသည်။