ဆောင်းလူ

Saung Luu – My name is Maung Ba Nyunt (Essay)

ကျနော့်နာမည် မောင်ဘညွှန့် (၃)
ဆောင်းလူ
ဇွန် ၁၂၊ ၂၀၁၃



ဒီကြားထဲ
ကဗျာယောင်ယောင် စာယောင်ယောင်နဲ့
ညနေ ညဘက် ဆင်နဲ့ကျားသစ်
စီးချင်းထိုးပွဲကြည့်ဖို့ ထွက်တဲ့သူလည်း ထွက်ရဲ့ ….။
တချို့ကျတော့လည်း
အပေါင်းအနုတ်သင်္ချာတွက်လို့
ဘ၀ရေစီးထဲ ယောင်နနနဲ့
ကြက်ဖကြီးကို ပိုက်လို့ …။

ဒါက ဒီလိုရှိပါတယ် …။ မောင်ဘညွှန့်တို့ဆီမှာ စာသမား ပေသမား တယ်ပေါများပါတယ် ..။ သတင်းစာတိုက်ဖြစ်တာကြောင့်လည်း ပါမယ်ထင်ပါတယ်။ မှတ်မှတ်ရရ ဟိုးတုန်းကဆို လူတိုင်း ကဗျာတပုဒ်၊ ရေးအားကောင်းတဲ့ မောင်တွေကတော့ နှစ်ပုဒ်စ သုံးပုဒ်စ ရေးကြပါတယ် ..။ ပြီး လက်ရွေးစင် ပြန်ထုတ်ပေါ့ ..။

တလမှာ တခါလောက်တော့ ထုတ်ကြပါတယ် …။ ဒါကလည်း သတင်းစာပြီးတဲ့အချိန် လတ်ရား လတ်ရားဖြစ်နေတဲ့အချိန်လေး (တကယ်က သတင်းစာပြီးလည်း အားရပါဘူးဗျာ) တွေမှာပါ။ စီစဉ်သူတွေကတော့ အတိအကျတော့ မမှတ်မိတော့ဘူး …။ ကဗျာဆရာ ခင်လွန်း (ဦး) – တာဝန်ခံအယ်ဒီတာ (အဲ့အချိန် အဝေးရောက်နေပြီလားလဲ မသိတော့ဘူး)၊ ကဗျာဆရာ နေနေ (အဲ့အချိန်တုန်းကတော့ နေနေပဲ ..ခုတော့ နေသွင်၊ လက်ထောက်အယ်ဒီတာပေါက်စထင်တယ်။ ခုတော့ စာရေးဆရာတဖြစ်လဲပေါ့ …)၊ နောက် ကဗျာဆရာ ခင်ရင်မောင် (ကိုစောကြီး …အမေရိကား)၊ အဲ့လူတွေပဲ ထင်ပါတယ်။

စစချင်းတော့ မောင်ဘညွှန့်က ကဗျာရေးတာ စာရေးတာ သိပ်ဝါသနာပါသေးတာမဟုတ်ဘူး …။ တနေ့ ဂရပ်ဖစ်ဒီဇိုင်နာဖြစ်ရမယ်ဆိုပြီး …(ခုတော့ တလွဲစီပဲ) … တောင်ခြစ် မြောက်ခြစ် .. တောင်ပက် မြောက်ပက် စိတ္တဇလိုလို ဘာလိုလို အရုပ်တွေ လက်တည့်စမ်းနေတဲ့ကာလပေါ့ ..။ ဆေးတွေ .. ကဲန်းဗတ်စ်တွေ၊ စက္ကူတွေကတော့ အဲ့အချိန်က ပန်းချီဆရာ မောင်ညဏ်စိုးဆီက အလကား သွားသွားမနေတဲ့ကာလပေါ့။

နောက်ပိုင်းတော့ မောင်ဘညွှန့်လည်း ကဗျာရေးပါတယ် …။ အနုအရစ် ပုရစ်ဖူးလေးတွေကို အားကျပြီး ပုရစ်ဖူးဆိုတဲ့ ကလောင်နဲ့ပေါ့ ..။ ပထမဆုံး ကဗျာက ခေတ်ပြိုင် အင်တာနက်မဂ္ဂဇင်းမှာ စပါတာပါပဲဗျာ …။ တပုဒ် ၅၀၀ ရတဲ့အချိန်ပေါ့ …။ နောက်ပိုင်း ပုရစ်ကလောင်နဲ့စာမူခ မှားပေးပြီးကတည်းကကို အဲ့ကလောင်ကို အမွေပြတ်စွန့်လွှတ်လိုက်တာပဲ …။ ၅၀၀ နဲတာမှတ်လို့ ..ဟဲဟဲ..။

နောက်တခု မောင်ဘညွှန့်တို့ဆီမှာ အဲ့အချိန်က သတင်းစာတိုက်ရော .. စတူဒီယိုကောရှိတယ် ..။ စတူဒီယိုက လူထုလက်ရုံးတဲ့ … (ခုတော့ လက်ပျဉ်းတော်ကျသွားပါပြီ) .. စတူဒီယိုတာဝန်ခံတွေက ကိုဝေယံ (အပေါ်မှာပြောခဲ့သလိုပဲ ခု အမေရိကားမှာ သားကလေးတယောက်နဲ့ ဆူရှီရောင်းနေတဲ့သူ)၊ နောက် ကိုသက်နိုင် (ဦးအောင်စောဦးတူ .. သူလည်း ခု အမေရိကားမှာ ဇိမ်ကျနေလေရဲ့) …

အဲ့အချိန်က ဆင်နဲ့ကျားသစ် စီးချင်းထိုးပွဲကြည့်တဲ့အဖွဲ့နဲ့ ကြက်ဖပိုက်တဲ့အဖွဲ့ပေါ့ဗျာ …။ မောင်ဘညွှန့်တို့ကတော့ စီးချင်းထိုးပွဲကြည့် တဲ့အဖွဲ့က ခရိုနီလေးတွေပေါ့ …။ ကြက်ဖပိုက်တဲ့အဖွဲ့ကတော့ အံ့ကျော်ကြီးတို့ လူမိုက်တသိုက်ပေါ့ …။

စီးချင်းထိုးပွဲကြည့်တဲ့အဖွဲ့က ညနေဘက် လက်လျှောက်အပြန်ဆို မျက်နှာရဲလေးတွေနဲ့ …။ ကြက်ဖပိုက်တဲ့ အဖွဲ့ကတော့ ပေါက်ပေါက်တွေဖောက်ပေါ့ …။

ဒီလူတွေလည်း ခုတော့ .. အမေရိကားတို့ .. ဥရောပတို့မှာ တုတ်ကောက်ကိုင် လမ်းလျှောက်နေကြပြီထင်ပါတယ်။
…. ….

မှတ်မိကောင်း မှတ်မိကြမယ်ဗျာ …
နေ့ဆိုပျောက် ညဆိုရောက်ရောက်လာတတ်တဲ့
သကောင့်သား
ကြောင်းဆိုး ကြောင်မိုက် ကြောင်တသိုက်နဲ့
တိုက်ပွဲဆင် ရန်ဖြစ်ရင်း
အကြိမ်ကြိမ် အိပ်ပျက်ရ ညတွေကြောင့်
ဒီကောင်တွေ ဟိုတခါလို
မြန်မြန်သာ
တောဝင်ပါစေ ဆုတောင်းမိတယ်…။

မောင်ဘညွှန့်တို့ဆီမှာ ကြောင်တွေပေါတယ် …။ ကြောင်သခင်ကတော့ ဦးအောင်ဖုန်းမြင့် (သူက ပီဒီအက်ဖ် – ဗိုလ်မှူးကြီး စိန်မြ (မှန်လားတော့ မသိဘူး) သူ့တပ်ကပြောတာပဲ .. အထဲတုန်းကတော့ လေတပ်ကနေ တောခိုလာတဲ့သူလို့ဆိုတယ် …။ ခုတော့ အမေရိကန်မှာ ခိုနေလေရဲ့) …။

သူက လူတိုင်းနဲ့သော သိပ်မတည့်ဘူး .. လူတွေက မတည့်တာလား ..သူကမတည့်တာလားတော့ မသိဘူး..။ မောင်ဘညွှန့်နဲ့ကတော့ လေပေးဖြောင့်တယ်ပြောရမယ် ..။ စိတ်ကောင်းရှိကြပါတယ်။ နောက် ဟင်းချက်လည်းကောင်းတယ်။ သူဟင်းချက်တဲ့နေ့ဆို စားကောင်းတဲ့နေ့ပေါ့ဗျာ ..။ မောင်ဘညွှန့်နဲ့လေပေးဖြောင့်တယ်ဆိုတဲ့အတိုင်းပဲ .. ငါးဟင်းတွေ ဘာတွေချက်တယ်ဆိုရင် ..ငါးဟင်းမစားတဲ့ (ဂျီးများချက်က) မောင်ဘညွှန့်တို့အတွက် တခုသပ်သပ် စီမံပေးသဗျ …။

နောက် ထမင်းလေး ဘာလေးစားပြီးလို့ကတော့ သူ့ဆီမှာ အချိုတည်းဖို့ ထန်းလျက်ကလေးကအစ ရတယ်။ နောက် ဆေးလိပ်သောက်ချင်လည်း ရတယ် ..။ မနက်ဆိုလည်း ကော်ဖီမစ်လေးကအစ သူ့ဆီကရတတ်တယ်။ ဒါပေမယ့် လေပေးဖြောင့်ဖို့တော့ လိုတယ် … ။ မဟုတ်လို့ကတော့ …။

နောက်တခု သူမွေးထားတဲ့ ကြောင်တွေ သွားထိမရဘူး ..။ ရန်သူဖြစ်ကုန်မယ် …။ မောင်ဘညွှန့်ကတော့ ကြောင်ကလေးတွေကို ချစ်ပြရတာပေါ့ …။ (နောက်ပိုင်းတော့ မောင်ဘညွှန့်နဲ့ သူနဲ့ သဘောထားအကြီးအကျယ်ကွဲလွဲခဲ့ဖူးတယ် ..။ လျှို့ဝှက်ချက်တခု ပေါက်ကြားသွားတာကြောင့်ပေါ့ဗျာ) …။

ကြောင်တွေက အားလုံး ၁၀ ကောင်လောက်ရှိမယ်ထင်တယ် ..။ ဆိုးချက်ဗျာ …။ နေ့လည်နေ့ခင်းဆို မအိပ်ကြဘူး …။ ညသန်းခေါင်မှ ထထကမြင်းကြတာ …။ ဒါပေမယ့် တမျိုးတော့ကောင်းတယ် ..အယ်ချုပ်ကြီးလည်း ကြောင်တွေ ကမြင်းလို့နဲ့တူတယ် ..ဘိပြောင်းသွားတယ် ..။ မောင်ဘညွှန့်တို့အတွက်တော့ အကြိုက်ပေါ့ ..။ သို့ပေမယ့် ဒီကောင်တွေ နှိမ်နင်းဖို့ကြံရတယ် …။ မောင်ဘညွှန့်တို့ ၀ိုင်းနားလာရင် ၂ ဖုံးလောက် ကောက်တိုက်လိုက်တယ် …။ ခွီးခွီးနဲ့ သကောင့်သား .. ငြိမ်ပြီး ဇိမ်ခံနေတယ် …။ ဦးဆောင်သူ ဆရာကြီးတွေကတော့ အပေါ်ကပြောခဲ့တဲ့ ကြက်ဖပိုက်တဲ့ အံ့ကျော်တို့တသိုက်ပေါ့ ..။

နောက်ပိုင်းတော့ဗျာ …. အမောင်ကြောင်တို့ကို တပတ်ခြား ..ဒါမှမဟုတ် … သုံးလေးရက်ခြားလောက် တခါ တောထွက်ခိုင်းလိုက်ရတယ် …။ သနားတော့ သနားပါတယ် …။ ဒါပေမယ့် ၀ါးလိုက်ကြတာပါပဲ …။
ကြောင်ဆိုတဲ့ကောင်က တော်တော်အသက်ပြင်းတယ် …။ တောတောင် မထွက်ချင် ထွက်ချင်နဲ့ထွက်တယ် …။ ပိုင်ရှင်သခင် ဦးဖုန်းကတော့ သူ့ကောင်ကြီးတွေ တောထွက်သွားပြီပေါ့ …။ ဒါပေမယ့် မောင်ညဏ် (ကိုညဏ်လင်းထွန်း – ဦးပီတာလင်းပင်နဲ့ အမျိုးတော်စပ်သလို မင်းမျိုးမင်းနွယ်ဆိုတော့ မိန်းမသိပ်ကြိုက် …။ ခုတော့ အမေရိကားမှာ ထမင်းဆိုင်လား ..ဟင်းဆိုင်လားဖွင့်ပြီး … ညညဆို ဖေ့ဘုတ်ခ်ပေါ်တက်ပြီး တ,နေလေရဲ့) လက်ပေါ်က ကြောင်ကုတ်ရာကြီး ကြည့်ပြီး … သက်ပြင်းတွေ ချနေတာ တွေ့မိသေးတယ် …။ နှစ်ယောက်စလုံး အမေရိကားမှာ ဆုံပြီး မရှင်းလောက်ဘူးထင်တယ်ပါတယ်။ ဟိုမှာက လက်နက်တွေ သိပ်ပေါတော့ ပြောလို့တော့မရဘူး …။
………

ဟော ကြည့်
အိုင်တီခေတ်မှာ နောက်မကျစေဖို့
အမှောင်တနေရာထိုင်ပြီး ကမ္ဘာအနှံ့ခြေဆန့်ဖို့
အွန်လိုင်းပေါ်ဝင်မိပြန်တော့
ညသန်းခေါင် တစ်ချက်တစ်လွဲမှာ
လွမ်းရေးက ကဲနေကြပြန်သေးတယ် ….။
အဲ့အချိန် ကျောရိုးက ပြီးချင်ပြီးမယ် ….။

မောင်ဘညွှန့်တို့ ကွန်ပျူတာစသုံးချိန်က ၀င်းဒိုး အိတ်ခ်ျပီဆိုတာ အမြင့်ဆုံး .. မီတို့ .. ၂၀၀၀ တို့တောင် မှီလိုက်သေး …။ သင်ရင်း လုပ် .. လုပ်ရင်း သင်ပေါ့ ..။ ဒါပေမယ့် အဲ့ဒါက ထင်သလောက် မတိုးတက်ဘူး …။ တိုးတက်အောင် ကြံရတာပေါ့ …။

အဲ့အချိန်က ရာဟူးတို့ .. အမ်အက်စ်အမ်တို့ခေတ်ထနေချိန် .. ဘားဂလိစ်ဆိုတာ လူတော်တော်များ နားမလည်တဲ့ အခြေအနေ အချိန်အခါပေါ့ …။ တခြားနေရာတော့ မပြောတတ်ဘူး ..မောင်ဘညွန့်တို့ဆီပြောပါတယ် …။

အွန်လိုင်းမှာ အပေါင်းအသင်းရှာပြီး ချက်တင် ချက်တင်ပေါ့ …။ ညဆို မအိမ်ကြပါဘူး .. ကွန်ပျူတာရှေ့မှာ အစီအရီ .. ။ ဒါတောင် … အချိန်နဲ့ အိပ်ရတာ ..သုံးမ၀သေးတဲ့သူများကြတော့လည်း အလုပ်ဆိုပြီး ..ခိုးသုံးပေါ့ ..။ အယ်ချုပ်ကလည်း မရှိလေတော့ .. စိတ်ကြိုက် …။

ကျနော်တို့ဆီမှာ ည ၁၀ ကျော်မှ သုံးတဲ့သူစာရင်း သပ်သပ်ရှိတယ် …။ ခုနက ကြောင်သခင် ဦးဖုန်းတို့ … နောက် ကိုစောကြီး (ကဗျဆရာ ခင်ရင်မောင်) တို့… တခြားသူတွေလည်း ရှိပါတယ် …။ အဲ့မှာ ဇာတ်လမ်းက စတာပဲ … အွန်လိုင်းမှာ ကျူသူတို့ရဲ့ထုံးစံအတိုင်းပေါ့ဗျာ …။ ကိုစောကြီး ညီတယောက်ရှိတယ် .. ဂလက်ဆစ် မင်းမင်း .. (မှန်ကြီးပေါ့ ..သောက်ဖော်သောက်ဖက်တွေ ..နောက်ပိုင်း သူနဲ့ပဲ တွဲသောက်ခဲ့တာ … ခုတော့ .. အမတ်မင်းတွေရဲ့ ကိုယ်ရံတော်လုပ်နေတယ်ကြားတယ် …သူ့အဖေက အမတ်မင်းဖြစ်နေတာကိုး) … ။ ကိုစောကြီးက ဦးစွာရောက်လာတာ … လာတုန်းက စက်မှုကျောင်းသားတို့ရဲ့ထုံးစံအတိုင်းပေါ့ဗျာ .. ဖရိုဖရဲ …။

အဲ့အချိန်မှာ မောင်ဘညွှန့်က ရုံးမှာ မန်မိုရီ ၅၁၂ ရှိတဲ့ တလုံးတည်းသော အကောင်းဆုံးစက်မှာ ထိုင်ရတာ ..။ ဒီဇိုင်းဆရာ ကမျောက်ကခြောက်ဆိုတော့ .. ဂလိုပဲပေါ့ …။ ကိုစောကြီးက သူလည်း ကွန်ပျူတာအကြောင်းလေး သိချင်တော့ ဟိုမေး ဒီစမ်းပေါ့ ..။ အဲ့မှာ မောင်ဘညွှန့်လည်း … အကွက်ပဲဆိုပြီး … ဗမာပြည် ၀န်ကြီးဌာနတခုမှာ ပီအိတ်ခ်ျဒီယူနေတဲ့ မမကြီးတယောက်နဲ့ ချိတ်ပေးလိုက်တယ် …။ မမကြီး မောင်ဘညွှန့်ဆီ သူ ရုရှားသွားခဲ့ဖူးတဲ့ အရုပ်ချပ်လေးတွေ ပို့တော့ … ရုပ်ကတော့ အတော်ဆိုးတာဗျာ …။ ဒါနဲ့ မောင်ဘညွှန့်လည်း အသာပဲဆိုပြီး .. ကိုစောကြီးဆီ ထိုးထည့်ပေးလိုက်တယ် …။

အားလားလား ..ပြောင်ချက် မြောက်ချက်ကတော့ … ညဘက်ဆို ကိုစောကြီး ကွန်ပျူတာရှေ့မှာ ချက်ဘောက်လေးဖွင့် မော်နီတာစကရင်ကြီး ပိတ်ပြီး ဘောလုံးလိုပဲဗျာ ..လုံးပြီး .ညည်းနေလိုက်တာများ (အမှန်က စကားပြောနေတာ) …။ ဒါတောင် မောင်ဘညွှန့် တရက် အပေါ့အလေးသွားမလို့ဆင်းတော့မှ သိတာ …။

နောက်ပိုင်း မမကြီးက ဇာနည်ရှိလား ..ဇာနည်ရှိလားတဲ့ …။ ဒါတော့ ကိုစောကြီးပဲ သိလိမ့်မယ်ထင်တယ် …။

ကျောရိုးဆိုတာကတော့ဗျာ .. ခုချိန်ထိကို ပဟေဌိလိုပါပဲ …။ မ,တထောင်သားတွေ နေတဲ့အရပ်လေ …။ အဲ့အချိန်က လူအစုံဆုံးအချိန် … ။ တချို့လည်း သိချင်ကြတယ် ..ဘာလဲပေါ့ … . အင်း အဲ နဲ့ပဲ ..ငြင်းခဲ့ရတာချည်းပါပဲ …။ တချို့များ သိကြမှာပါ …။ မောင်ဘညွှန့်တော့ မပြောရဲဘူး …။

ဆက်လက်ရေးပါဦးမည် …။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts