>FFSS Yangon Activity

>

နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ ဇွန်လတတိယပတ် မှတ်စုများ
မိုးမခ (နာရေးကူညီမှုအသင်း (ရန်ကုန်) ကတဆင့်)
ဇွန် ၂၆၊ ၂၀၁၀
အနာဂတ်အတွက် “မင်းမြတ်” လမ်းဖြောင့်သွားပြီ

          နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ သုခကုသိုလ်ဖြစ်ဆေးခန်းတွင် လူမျိုးမရွေး ဘာသာမရွေး ဆင်းရဲချမ်းသာမရွေး လူနာမျိုးစုံတို့လာရောက် အခမဲ့ ဆေးဝါး ကုသပေးလျက်ရှိရာ … မျက်စိ၊ ကလေး၊ နား နှာခေါင်း လည်ချောင်း၊ သွား၊ ခွဲစိတ်၊ အပ်စိုက်၊ သားဖွားနှင့် မီးယပ်၊ အထွေထွေ၊ ဓါတ်မှန်၊ USG၊ ECG၊ ဓါတ်ခွဲခန်းတို့အပြင် အရိုးအကြောရောဂါ ဝေဒနာရှင်များကိုပါ နွေးထွေးစွာ ကုသပေးလျက် ရှိပါသည်။
          ထိုသို့ ကုသပေးရာတွင် ၂၇.၆.၂၀၁၀ (တနင်္ဂနွေ)နေ့ နေ့လည် (၁း၀၀) နာရီခန့်က မွေးရာပါ ခြေထောက် နှစ်ဖက်စလုံး ခွင်နေသော မောင်မင်းမြတ်ပြည့်စုံ (၂ နှစ်ခွဲ) ကလေးငယ်ကို အရိုးအကြော အထူးကု ဆရာဝန်ကြီး ဒေါက်တာ စိုင်းဇော်ဝင်းနိုင်နှင့် သုခကုသိုလ်ြဖစ်ဆေးခန်း သူနာပြုဆရာမ များက ခွင်နေသော ခြေထောက်နှစ်ဖက်အား ပြည်လည်တည့်မတ်သွားစေရန် ကလေးအား ကျောက်ပတ်တီးစီး၍ အထူးဂရုစိုက် ကုသပေးခဲ့ပါသည်။
          ထိုကြောင့် … နောင်တစ်ချိန်တွင် မောင်မင်းမြတ်ပြည့်စုံ တစ်ယောက် နိုင်ငံ၏ အနာဂတ် ခေါင်းဆောင်ကောင်း တစ်ယောက်အဖြစ် လမ်းဖြောင့်ဖြောင့် သွားနိုင်ပြီ ဖြစ်ပါကြောင်း မုဒိတာပွား နိုင်ရန် တင်ပြအပ်ပါသည်။
ရေအကျိုး (၁၀)ပါး အပြင် ဗြဟ္မစိုရ်တရားလေးပါး လက်ကိုင်ပြုထားနိုင်သော အလှူရှင်များ
          အများပြည်သူ လှူဒါန်းငွေတို့ဖြင့် အများပြည်သူအတွက် သောက်သုံးရေ ရရှိရေးအတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ကုသိုလ်ဖြစ် ရေတူးဖော်ရေးလုပ်ငန်းကို ဒေသခံ လူမှုရေးသမား များနှင့် ပူးပေါင်း အကောင်အထည်ဖော် ပေးဆပ်လျှက်ရှိရာ ယခု ဒလမြို့နယ်၊ ဗညားဒလရပ်ကွက်ရှိ မစိုးရိမ်ကျောင်းဝင်း အတွင်းတွင် အ၀ီစိရေ တူးဖော်ခဲ့ရာ ၁.၆.၂၀၁၀ (အင်္ဂါ)နေ့တွင် ရေချိုများ ထွက်ရှိ ပြီ ဖြစ်ပါသည်။
          ထွက်ရှိလာသော ရေချိုများအား အများပြည်သူ သိုလှောင်သုံးစွဲနိုင်ရန်အတွက် အုတ်ရေကန် တည်ဆောက်ပေးခြင်းကို ၁၂.၆.၂၀၁၀ (စနေ)နေ့တွင် စတင်တည်ဆောက်ခဲ့ရာ ၂၆.၆.၂၀၁၀ (စနေ) နေ့တွင် အပြီးသတ် အောင်မြင်စွာဖြင့် ဒလမြို့နယ်၊ ဗညားဒလရပ်ကွက်နှင့် အနီးပတ်ဝန်းကျင်ရှိ ပြည်သူလူထု အပေါင်းတို့အား လက်လွှဲပေးအပ်နိုင်ခဲ့ပြီ ဖြစ်ပါသည်။
          ထို့ကြောင့် အများပြည်သူအတွက် လိုအပ်သော ရေကုသိုလ်အလုပ်မျိုးကို ပြည်တွင်း ပြည်ပ အများပြည်သူ လှူဒါန်းငွေတို့ဖြင့် အကောင်အထည်ဖော်နိုင်ခဲ့ပြီ ဖြစ်ပါ၍ ရေအကျိုး (၁၀)ပါး အပြင် ပြည်တွင်းမှ ရေဒုက္ခသည်များအား လူလူချင်း စာနာစိတ်၊  မေတ္တာစိတ်၊ ကရုဏာစိတ်တို့ဖြင့် ဖေးမကူညီခဲ့ခြင်းတို့ကြောင့် ဗြဟ္မစိုရ်တရား လေးပါးကိုပါ အလှူရှင်များအနေနဲ့ လက်ကိုင်ပြု သွားပြီဖြစ်ပါကြောင်း သာဓု .. သာဓု .. သာဓု ခေါ်ဆိုလိုက်ပါသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts