>Maung Yit – Football vs Soccer – The World & The US of A

>

ကမ္ဘာဘောလုံးနဲ့ အမေရိကန်ဘောလုံး တို့ ဆုံကြရာဝယ် …
မောင်ရစ်
ဇွန် ၁၆၊ ၂၀၁၀
ဒီနေ့နေ့ခင်းမှာ မြောက်ကိုရီးယားနဲ့ ဘရာဇီးတို့ ကမ္ဘာဖလားပွဲ ဘောလုံးကန်ကြတယ်။ ကမ္ဘာအဆင့် ၁ – ဘရာဇီးနဲ့ ကမ္ဘာအဆင့် ၁၀၀ ကျော်က မြောက်ကိုရီးယားအသင်းတို့ တောင်အာဖရိကမြေမှာ အကျိတ်အနယ် ရင်ဆိုင်တွေ့ကြ ကန်ကြတယ်။ မြောက်ကိုရီးယားဟာ ကမ္ဘာကြီးရဲ့ ကန့်လန့်ကာနောက်ကွယ်ကနေ ဘွားကနဲ ကမ္ဘာ့ဖလားစင်မြင့်ပေါ်တက်လာပြီး ဘရာဇီးအသင်းကို ရင်ဘောင်တန်း ကစားရုံသာမက ၂ ဂိုးသွင်းခံနေရာကနေ ၁ ဂိုး ပြန်သွင်းသွားလိုက်တယ်။
အကောင်းဆုံး အရှုံးသမားတွေပဲ။ အဲသည်လို ဂုဏ်ယူ ချီးကျူးခံရဖို့ မြောက်ကိုရီးယားမှာ ညူကလီးယားထိပ်ဖူးမလိုပါ။ ဘောလုံးသမားတွေပဲ လိုပါတယ်။ အင်း … ကြံကြံဖန်ဖန် လျှောက်တွေးရရင်တော့ မြောက်ကိုရီးယားတွေက ကမ္ဘာဘောလုံး (International Football) ပဲ ကန်တယ်။ အမေရိကန်ဘောလုံး (American Football)  မကန်ဘူး။ သို့သော် တချိန်ချိန်မှာတော့ သူတို့ ၂ သင်း ကန်ကြဖို့ အကြောင်းဖန်လာနိုင်ပါတယ်။ ကန်ကြရင်လည်း ကမ္ဘာ့ဘောလုံးပွဲမှာပဲ ဖြစ်လိမ့်မယ် ထင်တယ်။
ကမ္ဘာကြီးမှာ လူသန်း ၇၀၀ လောက်က ကမ္ဘာ့ဖလားဘောလုံးပွဲကို ကြည့်တယ်။ အမေရိကန်နဲ့ အခြား လူသန်းပေါင်း ၁၀၀ ကျော်က အမေရိကန်ဘောလုံးကို ကြည့်တယ်လို့ ဆိုတယ်။ ဘောလုံး ၁လုံးကို ၂ဖက်အသင်းက လူတွေ ကွင်းထဲမှာ လုယက်ပြီး ၀ိုင်းကန်တာက ကမ္ဘာ့ဘောလုံးဖြစ်ပြီး၊ ဘောလုံးတလုံးကို လက်နဲ့ပိုက်ပြီး တဖက်အသင်းထဲကို တိုးခွေ့ပြေးတာက အမေရိကန်ဘောလုံး ဖြစ်ပါတယ်။
ခြေထောက်နဲ့ ကန်တဲ့ အချိန်က နည်းပြီး ဘောလုံးကို ပစ်ပေါက်ပြီး လက်နဲ့ ပိုက်လို့ တဖက်အသင်းလူတွေ ၀ိုင်းမဖမ်းမိအောင် တိုးခွေ့လို့ တဖက်အသင်း နောက်ဆုံး စည်းအထိ ပြေးရတဲ့ အချိန်က များသော်လည်း သူတို့က သူတို့ဘောလုံးကို Football လို့ ခေါ်တယ်။ ကမ္ဘာ့ဘောလုံးကိုတော့ အမေရိကန်များက Soccer ဆောကား တဲ့ဗျား။
ကုန်ကျစာရိတ်ချင်း ယှဉ်လိုက်ရင် ကမ္ဘာ့ဘောလုံးကစားနည်းက လမ်းကျဉ်းထဲ၊ ကွင်းပြောင်ထဲ၊ ဖိနပ်မပါဘဲ – ရော်ဘာဘောလုံး၊ ပလတ်စတစ်ဘောလုံးနဲ့ ရှိတဲ့လူနဲ့ သိမ်းကျုံး ကန်လို့ ကစားလို့ရတယ်။ ပြီးတော့ တဖြေးဖြေး အဆင့်တွေ တက်သွားရုံသာ။ အမေရိကန်ဘောလုံးကတော့ သခွားသီးလိုလို ရှည်မြောမြော ဘောလုံးတခုတည်း လိုတာ မဟုတ်ဘူး၊ ကွင်းကျယ်ကျယ်မှာ တဖက်နဲ့ တဖက် ပြေးဖို့ ပစ်ဖို့၊ ဆွဲလွဲပြီး လူကို ဖမ်းဖို့၊ တွန်းဖို့ တိုက်ဖို့ ဖိဖို့ အင်အားတွေလိုတယ်၊ မြက်ခင်းပြင် လိုတယ်။ စရိတ်က တွက်လိုက်ရင် ခေါင်းကာ၊ ဒူးကာ၊ ခြေထောက်ကာ၊ ၀တ်စုံတွေ လိုတယ်။ အတော်တော့ ကြီးကျယ်သား။
ကမ္ဘာ့ဘောလုံးဆိုတာမှာ ရှေ့တန်း၊ အလယ်တန်း၊ နောက်တန်း၊ ဂိုးသမား – အဲသည် ကစားသမားတွေက တချိန်တည်းမှာ ထိုးစစ်၊ ခံစစ်တွေ အတက်အကျတွေ တလစပ်နဲ့ အင်အားတွေ အရှိန်အဟုန်တွေသုံးပြီး မိနစ် ၉၀ သတ်မှတ်ချက်အတွင်း ကစားပွဲတခုကို အပြီး ဆော့ကြရတာ ဖြစ်ပါတယ်။ အမေရိကန်ဘောလုံးကတော့ ထိုးစစ်အသင်း (Offense Team) ခံစစ်အသင်း (Defense Team) ဆိုပြီး အုပ်စု ၂ စု ကို အသင်းတခုအတွင်းမှာ ခွဲထားပြီးသား ဖြစ်တယ်။ တဖက်အသင်းနဲ့ ဆိုင်ပြီး ကစားတဲ့အခါ ကိုယ်က ထိုးစစ်တလှည့် ကစား၊ ပြီးရင် ခံစစ်တလှည့်ကစား၊ နောက်မှ အမှတ်ချင်းတွေ ယှဉ်ကြည့်ကြတာ ဖြစ်တယ်။ သူတပြန် ကိုယ်တပြန် ကိုယ် တဂိုး၊ သူ တဂိုး သွင်းလိုက်၊ ပြေးတက် ပြေးဆင်း ကစားလိုက် မဟုတ်ဘူး။ ကစားချိန်ကလည်း သူတလှည့် ထိုးလိုက်၊ ကိုယ်တလှည့် ခံလိုက်နဲ့ မိနစ် ၉၀ အထက်မှာ အသာလေးရှိတယ်။ အကြာကြီး ကစားကြတာပဲ။ ဒါကြောင့် အမေရိကန်ဘောလုံးပွဲ ကြည့်သူတွေက တညနေလုံး တီဗီရှေ့မှာ စားလိုက်၊ သောက်လိုက်နဲ့ ကြည့်လိုက်ကြရတာ ဆိုတော့ ကမ္ဘာ့ဘောလုံးကြည့်သူရဲ့ ဘီယာဗိုက်က အမေရိကန်ဘောလုံးပရိသတ် ဘီယာဗိုက်ထက် ပိုပြီး မကြီးဘူးဗျ။
ကမ္ဘာ့ဘောလုံးပွဲမှာ နောက်တန်းကလူကလည်း ဂိုးဝင်သွင်းသွားတာ ရှိသလို၊ ရှေ့တန်းကလူကလည်း ခံစစ်ဝင်ကစားနေတာ ရှိတယ်။ ဘောလုံးကို အလယ်တန်းမှာ ဖြတ်ဆို့ ပင့်ပေး၊ ပို့ပေးနေတာတွေ ရှိတယ်။ အမေရိကန်ဘောလုံးကတော့ တိုက်စစ်သမားတွေက သတ်သတ်၊ ခံစစ်သမားတွေက သတ်သတ်ထားတော့ – ထိုးစစ်ပွဲကို သီးခြား အရသာခံကြည့်၊ ပြီးတော့ ခံစစ်ပွဲကို အချိန်ယူပြီး ရင်မပြီး ကြည့်၊ ကက်ပတိန်ကလည်း ၂ဦး၊ အသင်းမန်နေဂျာကလည်း ၂ ဦး၊ ထိုးစစ်နဲ့ ခံစစ်အတွက် သတ်သတ်ထားတယ်။
စီးပွားရေး ဈေးကွက်အရ ကမ္ဘာ့ဘောလုံးပရိသတ်က ဘောကန်ဖိနပ်၊ ဘောကန် ဘောင်းဘီနဲ့ အင်္ကျီပြီးတော့ ဘောလုံးလောက် ၀ယ်စုကြတာမျိုး၊ ကစားသမားပိုစတာတွေ သိမ်းဆည်းကြတာမျိုး ရှိတယ်။ အမေရိကန်ဘောလုံးပရိသတ်ကတော့ ၀ယ်စုစရာ ကိရိယတန်ဆာပလာတွေ၊ ချပ်ဝတ်တန်ဆာတွေက များမှများ။ ဖိနပ်၊ အက်ျီ၊ ဘောင်းဘီကစပြီး ခေါင်းဆောင်းဦးထုပ်မာ၊ လက်စွတ်၊ ခြေစွတ်၊ လက်ကာ၊ ဒူးကာ၊ ရှေ့ကာ၊ နောက်ကာ၊ ပုခုံးကာ၊ ပြီးတော့ အဲတာတွေ ၀တ်လိုက်ရင် လူက ဘီလူးကြီးလောက် ဖြစ်သွားတာ၊ တယ်ပြီး ပေါ့ပါးပုံမရ။ ဆောကားဘောလုံးသမားများကို မျက်နှာအတိုင်း ပရိသတ်က မြင်ရတော့ ကိုယ့်ကစားသမားတွေ ချောတာ၊ ခေါင်းပြောင်တာ၊ ပြုံးတာ၊ မဲ့တာ၊ နာကျင်တာ၊ ၀မ်းသာတာ၊ စိတ်လှုပ်ရှားနေတာကို အတိုင်းသား မြင်ရပေမယ့် အမေရိကန်ဖွတ်ဘောကတော့ ဘာမှ အတိုင်းသားမမြင်ရတော့ ကျောနံပါတ်လောက် မြင်ပြီး အားပေးကြရတာ ဖြစ်တယ်။
ကဲဗျာ ဒီလောက် လျောက်ပြီး ရေးပြနေတာ – အမေရိကန်နဲ့ ကမ္ဘာ့ဘောလုံး ဘယ်သင်းက ဘယ်လို ကွာသလဲ ဆိုတာ ရိပ်မိသလောက်ရှိမယ် ထင်တယ်။ ကိုယ်ကိုယ်တိုင်ကတော့ သိပ်ပြီး ထဲထဲဝင်ဝင်မရှိတော့ ဟို အယ်လ်အေက ဟို ကကြီးနဲ့စပြီး ဏကြီးနဲ့ ဆုံးတဲ့ မိတ်ဆွေတယောက်လို ဘောလုံးကို စိတ်ထက်သန်ခြင်း မရှိလေတော့ သိပ်ပြီး ခံစားချက်တွေနဲ့ ရှင်းမပြတတ်တာ ခွင့်လွှတ်ပါ။
တကမ္ဘာလုံးက ရှေးအကျ          ဆုံး ဆောကားဆိုတဲ့ ဘောလုံးအားကစားကို ခုံမင်စွဲလန်း ချစ်ခင်ကြတယ်။ ကစားကြတယ်။ ဗြိတိန်က တီထွင်ပြီး ဘရာဇီးက ပြုပြင်လိုက်တယ်လို့ ဆိုရိုးရှိတယ်။ နိုင်ငံတကာက ဘောလုံးအသင်းတွေဟာ ချစ်ကြည်ရေးပွဲတွေ ဆင်နွှဲပြီး နိုင်ငံချင်းတွေ နီးစပ်အောင်လုပ်ကြတယ်။ ဘောလုံးပွဲနဲ့ ချစ်ကြည်ရေးတွေ ရှိသလို ဘောလုံးနဲ့ပဲ သတ်ကြ၊ ပုတ်ကြ၊ ရန်ဖြစ်ကြတွေ ရှိတယ်။ ဒါပေမယ့် ဘောလုံးကို ချစ်တာ၊ ဘောသမားတွေကို ချစ်တာဟာ တိုင်းပြည်တပြည်က စစ်အာဏာရှင်တွေ၊ စစ်ဗိုလ်ချုပ်တွေကို ချစ်တာထက် အဆပေါင်း သိန်းသန်းကုဋေ ကွာတယ်။
မြောက်ကိုရီးယားက နံပါတ် ၈ ဘောသမားလေးက ခြေပဂိုးကို သွင်းလိုက်ချိန်မှာ ပရိသတ်ဟာ သူနဲ့ အတူ ကခုန်နေလိုက်တာမှာ မြောက်ကိုရီးယားက လေဖြတ်နေတဲ့ အာဏာရှင်ကြီးကို မေ့သွားတယ်။ သူ့လက်ထဲက ညူလက်နက်တွေကို မေ့သွားတယ်။ အံမယ် သူကသာ မြောက်ကိုရီးယားမှာ သမ္မတဖြစ်သွားမှာဆိုရင် လူတွေက ကျေနပ်နေကြဦးမှာ။
သို့သော်လည်း အမေရိကန်ဘောလုံးက သူတို့တိုင်းပြည်သက်တမ်း နှစ် ၂၀၀ ကျော်မှာ သူတို့ချည်းသာ ၀ါသနာအတင်းပါတဲ့ ကစားနည်း ဖြစ်တယ်။ ဆင်တူတဲ့ ရပ်ဂဘီလို ကစားနည်း သြစတြေးလျမှာ ရှိလို့ ကြားဖူးတယ်။ နောက်ပြီး ထိုးစစ်တလှည့်၊ ခံစစ်တလှည့် ကစားတဲ့ ကစားနည်းဆိုလို့ အမေရိကန်ဘေ့စ်ဘောတို့၊ ဥရောပက ခရစ်ကက်တို့ ရှိတယ်လို့ ဆိုတယ်။ သို့သော် အမေရိကန်ကစားနည်းဆိုတာဟာ စည်းကမ်းနည်းလမ်းတွေများ၊ အကုန်အကျတွေ များ၊ အချိန်တွေ အတော်ကုန်၊ အင်မတန် ကြီးကျယ်ခမ်းနားအောင် ချဲ့ထားတဲ့ ကစားနည်းပါကလားလို့ အတွေးခေါင်ကြည့်ကြမယ် ဆိုရင်လည်း ရမယ် ထင်ပါရဲ့။
အင်း … နောက်ထပ် သို့သော် တလုံးတော့ ထပ်တိုးလိုက်မယ်။ နိုင်ငံတကာရဲ့ နိုင်ငံရေးစစ်မျက်နှာတွေက ကစားကွက်တွေဟာ ကမ္ဘာဘောလုံးပွဲတွေနဲ့ တူတယ်လို့ ပြောလိုက်ချင်တယ်။ အပြတ်ကို ကန်ကြတော့တာပဲ မဟုတ်လား။ နှစ်သင်းကို ရင်ဆိုင်ချပေးလိုက်လို့ကတော့ ရှုံး ရှုံး နိုင် နိုင် ကန်ကြရတာပဲလေ။ ရှုံးမှန်းသိရက်နဲ့လည်း တသင်းလုံးဟာ အနာခံပြီး ကန်ကြရတယ်။ ဒိုင်လူကြီးကို ရှေ့ထားပြီးတော့ လူချ ကစားချင်လည်း ကစားကြတယ်။ နိုင်မှန်းသိပေမယ့် သတိလက်လွတ်တဲ့အခါမှာ အောက်အသင်းကို ရှုံးချင်လည်း ရှုံးရတော့ တာပဲ ဖြစ်တယ်။
အမေရိကန်ဘောလုံးအသင်းတွေကတော့ ခံစစ်တလှည့်၊ ထိုးစစ်တလှည့်မှာ သူတို့ရဲ့ ဘောလုံးနည်းဗျူဟာတွေနဲ့ ကစားပွဲတွေကို ဆွဲဆန့်ပြီး ကစားနိုင်တယ်။ ကိုယ်က ထိုးစစ်ဆင်ပြီဟေ့ ဆိုတာနဲ့ တဖက်အသင်းဟာ ခံစစ်မပြင်ဘဲနဲ့နေရင် ကိုယ့်ဖက်က   ညှာနေမှာ မဟုတ်သလို၊ တဖက်အသင်းကို ထိုးစစ်ဆင်ခွင့်ပေးလိုက်ချိန်မှာ ကိုယ့်ဖက်က အစွမ်းကုန် ခံစစ်ကို ပြင်ပြီးတော့ ရင်ဆိုင်မှာ ဖြစ်တယ်ဆိုတာကို တွေ့နိုင်ပါတယ်။ ထင်ရှားတဲ့ ဥပမာကတော့ နိုင်းအီလဲဗင်းမှာ အာဖဂန်ကို ထိုးစစ်ဆင်ဖို့ နိုင်ငံတကာမှာ အချိန်ယူ ပြင်ဆင်ပြီးမှ ထိုးတာ ဖြစ်သလို၊ အီရတ်ကို တိုက်ဖို့အတွက်ကလည်း အချိန်ယူ ပြင်ဆင်ပြီးမှ ဘယ်သူမှ ပါပါ မပါပါ ကိုယ့်ဖာသာကိုယ် လုံတဲ့ ခံစစ်ကို ပြင်ပြီးမှ ထိုးတာ ဖြစ်တယ်လို့ ပြောချင်တာပါပဲ။ ရေရှည် တိုက်နေဖို့ကိုလည်း သူတို့ဖက်က အဆင်သင့်ပဲဆိုတာကို ဘယ်အစိုးရပြောင်းပြောင်း မူမပြောင်းဘူးဆိုတာ ထင်ရှားစေပါတယ်။
ဒီမိုကရက်နဲ့ ရီပတ်ဘလစ်ကန်တို့ ရွေးကောက်ပွဲ ကစားပွဲစဉ်တွေမှာလည်း ရှုံးတယ်၊ နိုင်တယ် ဆိုတာထက် ရေရှည်မှာ ထိုးစစ်တလှည့်၊ ခံစစ်တလှည့် အရင်းအနှီး အပြည့်အစုံ၊ ပြင်ဆင်မှု အပြည့်အစုံနဲ့ ထိုးကြ၊ တိုက်ကြ၊ ခံကြတာ ဖြစ်တယ်လို့ မြင်မိပါတယ်။ အဲဒါကို သွားပြီး အားကျမိတဲ့ ဗြိတိန်က ပွဲကြည့်ပရိသတ်ဟာ သူတို့အင်္ဂလန်ရွေးကောက်ပွဲကို အမေရိကန်ဆန်ဆန် ပွဲတော်ကြီးလို စင်မြင့်ဖျော်ဖြေပွဲလို စမ်းသတ်ပြီး လုပ်ထည့်လိုက်မိတာမှာ ညွန့်ပေါင်းအစိုးရနဲ့ လက်စသတ်လိုက်ရတာကို သင်ခန်းစာယူမိကြလိမ့်မယ် ထင်ပါရဲ့။
ကဲ … ပြောချင်တာကတော့ ကမ္ဘာ့ဘောလုံးပွဲတွေလို မိနစ် ၉၀ အတွင်းမှာ သို့မဟုတ် ပယ်နတီကစ်တွေ အတွင်းမှာ နိုင်မယ်ဆိုလို့ကတော့ ကန်ပေါ့ဗျာ။ ကိုယ့်ထိုက်နဲ့ ကိုယ့်ကံ ကန်ကြစေသတည်းပေါ့။ အင်း မိနစ် ၉၀ နဲ့ မနိုင်ဘူး ထင်ကြရင်တော့ အမေရိကန်ဘောလုံးပွဲတွေကို အတုယူပြီး ဉာဏ်များသင့် ဉာဏ်များကြရင် ကောင်းလေမလားလို့ တွေးမိကြောင်းပါ။
ဘယ် ရွေးကောက်ပွဲတွေ့တွေ့ … ဒို့ကတော့ ရှိတဲ့ ဖိနပ်စုတ်လေး စွတ်ပြီး ၀င်ကန်မှာပဲ ဆိုလို့ကတော့ မတားပေါင်ဗျာ။ ပွဲကြည့်စင် ဟိုချောင်ကနေ ပရုပ်ဆီဗူးလေး ဆောင်လို့ ကျပ်ထုပ်ထိုးပေးဖို့ အဆင်သင့်စောင့်နေရုံသာ ရှိပါတယ်။ ကျနော်တို့ မြန်မာပရိသတ်ကတော့ ဂိုးသွင်းကောင်းသူနောက် လိုက်ဖို့ အဆင်သင့်ပါတဲ့ ဗျား …။           ။