>On Aung San Suu Kyi 65, BAWA to honor Ma Phyu Phyu Thin, NLD Woman Leader

>

ဆန်ဖရန်ဘေးဧရိယာ အမျိုးသမီးအဖွဲ့ (BAWA)က ဒေါ်အောင်ဆန်းစုကြည် ၆၅ မွေးနေ့ – အင်န်အယ်ဒီလူငယ်ခေါင်းဆောင် ဖြူဖြူသင်းကို ဂုဏ်ပြုမည်

မိုးမခအထောက်တော် ၀၀၂
ဇွန် ၁၃၊ ၂၀၁၀
လာမည့် စနေနေ့တွင် ကျရောက်မည့် မြန်မာပြည်၏ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၆၅ နှစ်ပြည့် မွေးနေ့ကို ပြည်တွင်း ပြည်ပရှိ ဒီမိုကရေစီအင်အားစုများက နေရာ ဒေသ အသီးသီးတွင် စုဝေးကျင်းပကြမည် ဖြစ်ရာ ဆန်ဖရန်ဘေးဧရိယာအခြေစိုက် အမေရိကန်မြန်မာအမျိုးသမီးများမဟာမိတ်အဖွဲ့ – (Burmese American Women’s Alliance) ကလည်း နှစ်စဉ်မပျက် မွေးနေ့ပွဲ ကျင်းပကြမည် ဆိုသည်။ ဖိတ်စာကို သည်မှာ ကြည့်ပါ။
ထူးခြားချက်တခုအနေဖြင့် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အင်န်အယ်ဒီပါတီက အမျိုးသမီး လူငယ်ခေါင်းဆောင်တဦးဖြစ်သော HIV / AIDS ဝေဒနာသည်များ မိသားစုများကို စောင့်ရှောက်သူ စေတနာ မေတ္တာရှင်တဦးအဖြစ် ထင်ရှားသည့် မဖြူဖြူသင်းကို (BAWA) အမျိုးသမီးအဖွဲ့က မွေးနေ့အထိမ်းအမှတ် အမှတ်တရ ဂုဏ်ပြုကြမည်ဟု ဆုံးဖြတ်ထားကြောင်း ၎င်းအဖွဲ့ဦးဆောင်သူများက မိုးမခသို့ ပြောကြားသည်။
အခမ်းအနားတွင် မြန်မာကလေးငယ်များနှင့် မြန်မာအနုပညာရှင်တို့က တင်ဆက်မှုများ ပြုလုပ်ခြင်း၊ ဆန်ဖရန်ဘေးဧရိယာရှိ မြန်မာလူမှုရေး စွမ်းဆောင်သူ ရွေးချယ် ဂုဏ်ပြုခြင်း၊ မြန်မာအစားအသောက်များကို မေတ္တာဖြင့် ဧည့်ခံခြင်းတို့ စီစဉ်ထားကြောင်း၊ မြန်မာပြည်၏ အောင်ဆန်းစုကြည်နှင့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် လူ့အခွင့်အရေးစွမ်းဆောင်သူတဦးကိုလည်း ဂုဏ်ပြုကြမည် ဖြစ်ရာ ယခုနှစ်၊ ပထမဦးဆုံးအဖြစ် အင်န်အယ်ဒီပါတီ၏ လူငယ်ခေါင်းဆောင်၊ HIV/ AIDS လူနာများအတွက် စေတနာ မေတ္တာရှင် မဖြူဖြူသင်းကို ရွေးချယ်ဂုဏ်ပြုမည် ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ အခမ်းအနားကို ပန်းခြံတွင် ကျယ်ဝန်းလွတ်လပ်စွာ စီစဉ်ထားပြီး ၀ိုင်းဝန်းကမကထ ပြုလုပ်ကြသော မိတ်ဆွေ အဖွဲ့အစည်းများ၊ မိသားစုများ၊ အသိုင်းအ၀ိုင်းများ၏ လှူဒါန်းသော အလှူငွေများ၊ ဧည့်ပရိသတ်များ၏ စေတနာအလျောက် ၀ိုင်းဝန်းမှုများဖြင့် ယခုလက်ရှိ မဖြူဖြူသင်း ဆောင်ရွက်နေသော စေတနာဝန်ထမ်းလုပ်ငန်းများသို့ အားပေးလှူဒါန်းမှု ပြုမည်ဟု ဆိုသည်။
ဇွန်လ ၇ ရက်နေ့ ခေတ်ပြိုင် အင်တာနက်သတင်းစာတွင် မဖြူဖြူသင်းက ၎င်းရင်ဆိုင်နေရသော အခက်အခဲများကို ပြောကြားရာတွင် –
 “HIV လူနာတွေအတွက် အရေးပေါ် ငွေကြေးလိုအပ်နေပါတယ်။ ဒါကြောင့် နိုင်ငံတကာက ဖြစ်စေ၊ တရားမ၀င် ငွေကြေးဖြစ်စေ၊ ဘယ်အဖွဲ့အစည်းက လှူလှူ အားလုံးကို လက်ခံမယ်။ ဒီနည်းပဲ ရှိတော့တယ်။ အဲလိုလုပ်လို့ ပြဿနာ တစုံတရာ ရှိလာရင် ကျမ ဖြေရှင်းမယ်။ HIV လူနာတွေကို ART ဆေးဖြန့်ဝေလို့ ထောင်ချမယ်ဆိုလည်း ကျမခံမယ်” ဟု ဆိုသည်။ ဇွန်လဆန်း မင်္ဂလာဈေး ဆေးဆိုင်များ မီးလောင်ပြီးနောက်ပိုင်း ဝေဒနာသည်များအတွက် ဆေးများ ၀ယ်ယူရရှိရန် အခက်အခဲများစွာ ရင်ဆိုင်နေရသည်ဟု သတင်းများတွင် ဆိုထားသည်။
သို့ဖြစ်သည့်အတွက် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့နှင့် အတူ အင်န်အယ်ဒီပါတီ၏ လူငယ် အမျိုးသမီးခေါင်းဆောင် မဖြူဖြူသင်းအား BAWA အဖွဲ့မှ ဂုဏ်ပြုရန် ကြိုးပမ်းခြင်း၊ ရန်ပုံငွေရှာပြီး အလှူပြုလုပ်ရန် ရည်ရွယ်ခြင်းမှာ အချိန်အခါ၊ အခြေအနေနှင့် လွန်စွာ သင့်မြတ်လှသည်ဟု မိုးမခပရိသတ်တဦးက ပြောကြားသည်။
ဆန်ဖရန်ဘေးဧရိယာတွင် ရပ်တည်နေသည့် မိုးမခမီဒီယာအဖွဲ့ကလည်း အထက်ပါ ဒေါ်အောင်ဆန်းစုကြည် ၆၅ နှစ်ပြည့် မွေးနေ့ပွဲ အထိမ်းအမှတ် မဖြူဖြူသင်းကို ဂုဏ်ပြုရန် အစီအစဉ်တွင် ၀ိုင်းဝန်းသည့် အနေဖြင့် မိုးမခအင်တာနက်စာမျက်နှာတွင် ဖော်ပြလျက်ရှိသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်သည့် သရုပ်ဖော်ပုံများ၊ ကာတွန်းများ၊ ပန်းချီများ၊ ဓာတ်ပုံများကို ပြပွဲတခုအဖြစ် စီစဉ်ပြီး ဧည့်ပရိသတ်တို့ကို ဧည့်ခံမည်ဟု စီစဉ်ထားပါသည်။
“မြန်မာပြည်သူတွေက ဒီမိုကရေစီခေါင်းဆောင်ရဲ့ မွေးနေ့ပွဲမှာ အမှတ်တရ စုဝေး ဂုဏ်ပြုကြတယ်။ မြန်မာအနုပညာရှင်တွေကလည်း သူတို့တတ်စွမ်းတဲ့ အနုပညာနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုကြတယ်။ စစ်အစိုးရနဲ့ အလိုတော်ရိတွေ ခြိန်းခြောက်ဖိနှိပ်လို့ သူတို့အလိုကျ ဆိုရ၊ ကရ၊ ဖျော်ဖြေရ၊ စာတွေ ကဗျာတွေ ဆက်သရ၊ လက်ဆောင်တွေ ဆုတောင်းတွေ ပသရတာတွေထက် အခုလိုမျိုး သူရဲကောင်းတဦး၊ ခေါင်းဆောင်တဦးကို အလေးဂရုပြု ဂုဏ်ယူကြရတာလောက် ၀မ်းမြောက် အားရဖြစ်ရတာ အခြားမရှိနိုင်ပါ” ဟု မိုးမခစာနယ်ဇင်းအဖွဲ့က ယူဆပါသည်။
ယမန်နှစ်က ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက အင်းစိန်ထောင်တွင်း ချုပ်နှောင်ထား၍ မတရားစီရင်ရန် ကြိုးစားခဲ့ပြီး ယခုနှစ်တွင်လည်း အတိုက်အခံခေါင်းဆောင်မှာ နေအိမ်အကျယ်ချုပ် ကျခံနေရဆဲ ဖြစ်သည်။
မဖြူဖြူသင်းကို ၂၀၁၀ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆု နောက်ဆုံး ဆန်ကာတင် ၅ ဦးအတွင်း စာရင်းဝင်အဖြစ် ဖော်ပြခဲ့ပြီး ထိုအခမ်းအနားတွင် အောက်ပါအတိုင်း ဖြူဖြူသင်း ရုပ်ပုံလွှာကို ဖတ်ကြား ဂုဏ်ပြုခဲ့သည်။
မဖြူဖြူသင်းဟာ ရန်ကုန် ဇာတိ ဖြစ်ပြီး ၁၉၇၂ ခုနှစ်မှာ မွေးဖွား ခဲ့ ပါတယ်။ ရန်ကုန် တက္ကသိုလ်မှာ သမိုင်း ဘာသာ အဓိကဖြင့် ပညာ သင်ကြားခဲ့ပါတယ်။       အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူငယ် အဖြစ် ပါတီ လုပ်ငန်းများ ဆောင်ရွက် နေစဉ် ၂၀၀၂ ခုနှစ်မှာ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်း စုကြည်ရဲ့ ညွှန်ကြားချက် နဲ့ လူငယ် ၂၀ ဦး စိစစ်ရွေး ချယ်ရာမှာ တဦး အဖြစ် ပါဝင်ခဲ့ပြီး UNDP ရုံးက HIV ကာကွယ် တားဆီးရေးနဲ့ ပြုစု စောင့်ရှောက် ရေးသင်တန်းကို တက်ရောက်ခဲ့ပါတယ်။
အဲဒီကနေစပြီး HIV/AIDS ကူညီကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကို စတင်လုပ်ဆောင် ခဲ့ပါတယ်။ ၄င်းတို့ အဖွဲ့ စတင် တည်ထောင်စဉ် ကပင် အဖွဲ့ ချုပ်လူငယ်များ နဲ့ စတင်ခဲ့သဖြင့် အာဏာပိုင်များရဲ့ နှောင့်ယှက်မှု များကို အမြဲလိုလို ကြုံတွေ့ ခဲ့ရပြီး ဖမ်းဆီးခံရမှု များပင် ရှိခဲ့ပါတယ်။ NGO တွေက နိုင်ငံရေးနဲ့ မပတ်သက်ရဘူး ဆိုတဲ့ အတွက်ကြောင့် လဲ ဘယ် NGO ကမှ သူတို့ကို မကူညီရဲ ကြပါဘူး။ မဖြူဖြူသင်း ခေတ္တတိမ်းရှောင်နေစဉ်အတွင်း သူမရဲ့ ဖခင်ဆုံးပါးသွားခဲ့ပါတယ်။ ဖခင်ကြီးရဲ့ နောက်ဆုံး ခရီး ကို ပင် လိုက်ပါ ပို့ဆောင် ပေးနိုင်ခြင်း မရှိခဲ့ပါ။  
လုပ်ငန်း စတင်တဲ့အချိန်က ရောဂါသည်များကို အားပေးမှုအပိုင်းသာ လုပ်ပေးနိုင်ခဲ့ပေမယ့်လို့ အခုဆိုရင် လူနာ များကို အေ အာ ဗွီ ဆေးများ တိုက်ကျွေးနိုင်ခဲ့ပြီလို့ သိရပါတယ်။ တနိုင်ငံလုံး အတိုင်းတာဖြင့် ယခုအချိန်မှာ လူနာပေါင်း လေးထောင်ကျော်ရှိနေပြီိး အခက်အခဲပေါင်းများစွာကို နေ့စဉ်နှင့်အမျှ ရင်ဆိုင်ဖြေရှင်းနေရပါတယ်။ လူနာများအားတတ်နိုင်သလောက် ကူညီဆောင်ရွက် ပေးနေရာမှာ သူမ ရဲ့ မိသားစုများကပါ ကူညီပေး ခဲ့ကြပါတယ်။ 
ကုလသမဂ္ဂ (UN AIDS) က ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းများအရ မြန်မာပြည်မှာ အိတ်ခ်ျအိုင်ဗွီ ရောဂါပိုး ကူးစက်ခံရသူ (၃) သိန်း (၆) သောင်းကျော်ရှိပြီး အေအိုင်ဒီအက်စ် ရောဂါတိုက်ဖျက်ရေး လုပ်ငန်းများအတွက် ကျန်းမာရေး ဝန်ကြီးဌာနရဲ့ အသုံးစရိတ်ကတော့ တနှစ်အတွက် အမေရိကန် ဒေါ်လာတသိန်း ဝန်းကျင်သာ ရှိတယ်လို့ဆိုပါတယ်။ အဲဒီပမာဏကနေ လူတဦးချင်းစီ ပျမ်းမျှရရှိမယ့် ကျန်းမာရေး စောင့်ရှောက်မှုနှုန်းကတော့  အိမ်နီးချင်း ထိုင်းနိုင်ငံမှာ အစိုးရက နိုင်ငံသားတဦးအတွက် အကုန်အကျခံတဲ့ ပမာဏထက် အဆပေါင်း (၂၅ဝ) ခန့် လျှော့နည်းတယ်လို့ ကမ္ဘာကုလ သမဂ္ဂအဖွဲ့ကြီးရဲ့ စာရင်းဇယားများက ဆိုပါတယ်။  
မြန်မာနိုင်ငံမှာ ခုခံအားကျဆင်းမှုရောဂါနှင့် ပတ်သက်ပြ်ီး ကာကွယ်တားဆီးရေး လုပ်ငန်းများကို လုပ်ဆောင်ရာမှာ အန်ဂျီအိုများအနေနဲ့ အိတ်ခ်ျအိုင်ဗီ/ အေအိုင်ဒီအက်စ်နဲ့ ပတ်သက်ပြီး အသိပညာပေး ဟောပြောပွဲ ကျင်းပမယ်ဆိုရင် အစိုးရထံသို့ ခွင့်ပြုချက်အဆင့်ဆင့်တင်ရခြင်း ၊ လူဦးရေ ကန့်သတ်ပေးခြင်း၊ နေရာဒေသ ကန့်သတ်မှုများရှိနေခြင်း တို့အပြင် နယ်ဒေသများသို့ သွားရောက်ပညာပေးမယ် ဆိုပါက သွားရောက်ခွင့်ကို အဆင့်ဆင့် တောင်း ခံရခြင်း တို့ကြောင့် NGO, INGO အများစုတို့မှာ အကန့်အသတ်တွေများပြားလာခဲ့ပါတယ် ။
အဲဒီလိုအဖြစ်အပျက်တွေကြောင့် AIDS ကာကွယ်တားဆီးရေး လုပ်ငန်းတွေပါ အားနည်းလာခဲ့ရတဲ့ အခြေအနေမျိုးဆိုက်ရောက် ခဲ့ရပါတယ်။ မဖြူဖြူသင်းလို မေတ္တာ၊ကရုဏာအပြည့်နဲ့ အပင်ပန်း၊ အဆင်းရဲခံပြီး၊ ကျယ်ပြန့်ထိရောက်စွာ စေတနာ့ဝန်ထမ်း လုပ်ဆောင်နိုင်ခြင်းကတော့ သူမရဲ့ ထင်ရှားတဲ့ အရည်အချင်းတခု ဖြစ်ပါတယ်။ 
မဖြူဖြူသင်းဟာ ၂ဝဝ၂ ခုနှစ်မှစ၍ တောင်ဒဂုံမြို့နယ် ရပ်ကွက်(၁၈) နဲ့ (၂၀) ရှိ ကယ်ဆယ်ရေးဂေဟာ (၂) ခုကို ဦးဆောင် တာဝန်ယူခဲ့သူ ဖြစ်ပြီး ယခုအချိန်ထိ အဆိုပါ ဂေဟာများဟာ နိုင်ငံတဝှမ်းမှ ဝေဒနာရှင် ငါးထောင်ကျော်ကို အခမဲ့ ဆေးဝါး အကူအညီ ပေးနိုင်ခဲ့ပြီ လို့သိရပါတယ်။ တိုင်းနဲ့ပြည်နယ်အသီးသီးကိုသွား ရောက်ပြီးတော့လဲ ပညာပေး အစီအစဉ်များကို ဆောင်ရွက်နေတာဖြစ်ပါတယ်။  
မဖြူဖြူသင်းဟာ HIV/AIDS ကာကွယ်တားဆီးရေးနဲ့၊ ရောဂါဝေဒနာသည်များပြုစုစောင့်ေ ရှာက်ရေး၊ လုပ်ငန်းထဲမှာ သူမဘဝကိုမြှပ်နှံလုပ်ကိုင်နေတာ ပါ။ မိသားစု၊ အပေါင်းအသင်းများကို လျစ်လျှူရူပြီး သူမ ရဲ့လူနာများနဲ့သာ သူမ ရဲ့အချိန်တွေကို ကုန်ဆုံးစေသူ ဖြစ်ပါတယ်။ မိုးလင်းလို့ အိပ် ယာထတာနဲ့ မဖြူဖြူသင်းရဲ့ အိမ်ရှေ့မှာ လူနာတွေတန်းစီနေပြီး မအိပ်ခင်အချိန်ထိ သူမရဲ့ လူနာများကို အားပေးနှစ်သိမ့် ဆွေးနွေးမှုပေးနေခဲ့ပါတယ်။  
မဖြူဖြူသင်းရဲ့လုပ်ဆောင်ချက်များဟာ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများရဲ့ ကူညီပံ့ပိုးမှု မရရှိတဲ့အပြင် ၄င်းရဲ့လှုပ်ရှားမှုများကို တချိန်လုံးစောင့်ကြည့်ခံနေခဲ့ ရပါတယ်။ ဒါ့အပြင်ဆေးဝါးနဲ့ ကာကွယ် ကုသရေး အထောက်အကူပစ္စည်းများ မလောက်ငှတဲ့ အခက်အခဲများကြားထဲကနေ တည်တည် ငြိမ်ငြိမ်ဖြင့် အကူအညီ လိုအပ်နေတဲ့ ရောဂါဝေဒနာသည်များကို နေ့ညမရွေး ပြုစုစောင့်ရှောက် နေခဲ့တာဖြစ်ပါတယ်။ 
မျက်မြင် ကူညီပေးသူတယောက်ရဲ့ ပြောကြားချက်မှာတော့ သူမ လူနာတစ်ယောက်ကို ဆေးသွင်းပေးနေစဉ် လူနာမှာ သွေးများရွှဲအိုင်နေပြီး၊ သူမရဲ့ လက်မှာလည်း သွေးများ ရွှဲအိုင်နေခဲ့ပြီးဖြစ်ပါတယ်။ အဲဒီလိုသာဆိုရင် သာမန်လူများအနေနဲ့ ကြောက်လန့်တကြား ထွက်ပြေးပြီးလောက်ပါပြီ။ ဒါပေမဲ့ မဖြူဖြူသင်းကတော့ လူနာကိုမကြောက်နဲ့၊ ဒါကဘာမှမဖြစ်ဘူးဆိုပြီး နှစ်သိမ့်ဆွေးနွေး ပေးနေပါတယ်။ ဒီသွေးမှတဆင့် ကူးစက်နိုင်တာကို သိလျက်နှင့် မဖြူဖြူသင်းရဲ့ ကြီးမားတဲ့ မေတ္တာစေတနာကို အထင်အရှားတွေ့နိုင်တဲ့ ဖြစ်ရပ်တခုပါ။
ဝေဒနာကြောင့် ဘယ်လောက်ပဲ အမောဖောက်နေပါစေ၊ “အမရဲ့မျက်နှာ၊ အမပြောတဲ့နှစ်သိမ့်စကားတွေကို ကြားတာနဲ့ ရောဂါတဝက် သက်သာတယ်” လို့ အားကိုးတကြီး ပြောကြတဲ့ လူနာပေါင်း များစွာ ရှိပါတယ်။ လူနာများဟာ သူမအိမ်ကို တံခါးမရှိ ဓားမရှိ ဝင်ထွက်စားသောက်၊ နေထိုင်ကြပြီး လမ်းစရိတ်လိုကိစ္စများမှအစ ဖြေရှင်းပေးနေရ တာကို တွေ့နိုင်ပါတယ်။  
ယဉ်ကျေးမှုအရ မပွင့်လင်းသော၊ အသိပညာနောက်ကျနေသော၊ လွဲမှားသောအမြင်များဖြင့် ပတ်ဝန်းကျင်မှလက်မခံဘဲ AIDSရောဂါသည်တွေကို ခွဲခြားဆက်ဆံမှုတွေရှိသော လူနေမှု အသိုင်းအဝိုင်းမှာ အခုလို မကြောက်မရွံ့ ဖောက်ထွက်ပြီး အကူအညီလိုအပ်နေသူတွေရဲ့ရှေ့  ကနေ မားမားမတ်မတ် ရပ်တည်ကာ ကျန်းမာရေးအသိ ကျယ်ပြန့် ပွင့်လင်းလာအောင် အန္တရာယ်နဲ့ စွန့်စားရတဲ့ ကူညီပေးမှုပါ။
အေ ကိုက်မယ်လို့ နောက်ပြောင်ခဲ့ရင် “မဖြူရှိတယ် မကြောက်ဘူး” ဆိုတဲ့ စကား က သူမအပေါ် ချစ်ခင်လေးစားမှုနဲ့ အားထားယုံကြည်မှုကို ဖော်ပြနေခြင်းပဲ ဖြစ်ပါတယ်။  
မဖြူဖြူသင်းဟာ တုနိုင်းမရတဲ့ မေတ္တာရှင်တစ်ယောက်ဖြစ်ပြီး ရန်သူမိတ်ဆွေမရွေး ကူညီတတ် ခြင်းကြောင့် ဝေဒနာသည်တွေရဲ့ ဂရုဏာရှင်ဖြစ်တယ်ဆိုတာအားလုံးက အသိအမှတ်ပြု လေးစားခြင်း ခံခဲ့ရသူဖြစ်ပါတယ်။  
လက်ရှိ အကြပ်အတည်းအမျိုးမျိုးကြားကနေ ရုန်းကန်ရင်ဆိုင်ရင်း လုပ်ကိုင်နိုင်ခဲ့တာကြောင့်မို့ အခုလက်ရှိကာလမှာ ရောဂါဝေဒနာရှင်များသာမကဘဲ ပြည်သူတစ်ရပ်လုံးကပါ ယုံကြည်လေးစား လာခြင်းတို့ကို မျက်ဝါးထင်ထင် တွေ့မြင်ရပါတယ်။ ဒါဟာ တိုင်းပြည်ရဲ့ အနာဂတ်လူငယ်များအတွက် အများအကျိုးဆောင်ရွက်ရတဲ့ လုပ်ငန်းတွေကို စိတ်ပါဝင်စားလာစေရန် စံနမူကောင်းတရပ်ပဲ ဖြစ်ပါတော့တယ်။