>
မိုးခပန်းချီပြပွဲ၊ အနုပညာရှင်များ ၀ိုင်းဝန်းကြ၊ ကျော်သူပန်းချီကားများ တင်ဆက်
မိုးမခ (ဘားမားပါပါရာဇီ၊ ကျော်သူ တို့က မျှဝေသည်)
ရန်ကုန် ဇွန် ၁၂၊ ၂၀၁၀
ယနေ့နံနက် ၉ နာရီအချိန်တွင် ရန်ကုန်မြို့၊ဗဟန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်း၊ ပုလဲကွန်ဒိုမီနီယံ တိုက် စီ၊ အခန်းအမှတ် (၀၇ /၀၉)၊အဆောက်အဦးအမှတ်(စီ)ရှိ မိုးခပန်းချီပြခန်း၌ မိုးခပန်းချီပြပွဲအမည်ဖြင့် ပန်းချီအနုပညာရှင် ၅၅ ဦး၏ ပန်းချီအနုပညာလက်ရာများကို ခင်းကျင်းပြသခဲ့ပါသည်။
ပြပွဲကိုဦးစီးကျင်းပပေးခဲ့သူမှာ မိုးခပန်းချီပြခန်း ပိုင်ရှင် ဦးဘိုဘိုဦးနှင့် ဦးဆန်နီငြိမ်းတို့ ဖြစ်ကြောင်း သိရှိရပါသည်။ပြပွဲကို ဇွန်လ ၁၂ရက်နေ့ မှ ဇူလိုင်လ ၂ ရက်နေ့အထိ နံနက် ၉ နာရီမှ ညနေ ၅ နာရီ အထိ ခင်းကျင်းပြသသွားမည်ဖြစ်ပါသည်။
ယနေ့ပန်းချီပြပွဲဖွင့်လှစ်ခြင်းအခမ်းအနားသို့ စာပေအနုပညာရှင်များ၊ ပန်းချီအနုပညာရှင်များ၊ သရုပ်ဆောင် အနုပညာရှင်အချို့လည်း တက်ရောက် ကြည့်ရှု အားပေးခဲ့ကြပါသည်။ စာရေးဆရာအဏ္ဏ၀ါစိုးမိုး၊ စာရေးဆရာမဒေါ်သန်းမြင့်အောင်၊ ရုပ်ရှင်သရုပ်ဆောင်၊ ဒါရိုက်တာ အကယ်ဒမီဆုရှင်၊ နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဌ ဦးကျော်သူ နှင့် ဇနီး ဒေါ်ရွှေဇီးကွက်၊ ပန်းချီ ဖေစိုးအောင်၊ သီချင်းနှင့် ကဗျာဆရာ သော်ဒီဝေ၊ မကြာသေးမီ အချိန်က ရမည်းသင်းအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့သော ကဗျာဆရာ ကိုစောဝေ စသည့် အနုပညာရှင်ပေါင်းများစွာ တက်ရောက်အားပေးကြည့်ရှုခဲ့ကြပါသည်။
ကိုကျော်သူက ယင်းအနုပညာ ပန်းချီပြပွဲသည် မတွေ့ဆုံခဲ့ပြီဖြစ်သော အနုပညာ မောင်နှမများ၊ အနုပညာ သွေးသောက်များ တွေ့ဆုံခွင့်ရသည့် ပွဲတစ်ပွဲလည်း ဖြစ်ကြောင်း၊ မကြာမီကမှ ပြင်ပလောကသို့ ရောက်ရှိလာသော ကဗျာဆရာ ကိုစောဝေနှင့် အနုပညာ လောကသို့ ခြေတစ်လှမ်း လှမ်းလိုက်သော ကျော်သူတို့ တွေ့ဆုံခွင့် ရရှိခဲ့သည့် ပွဲတစ်ပွဲလည်း ဖြစ်ကြောင်း ထုတ်ဖော် ရေးသားထားသည်။
ကိုကျော်သူက ၎င်း၏ဆောင်ပုဒ် ဖြစ်သည့် “အနုပညာကို စတေးပြီး ငြိမ်းချမ်းရေးကို ရအောင် လုပ်ယူရမည် …” ဆိုသည်ကို ထုတ်ဖော်ဖွဲ့ဆိုသည့် ပန်းချီကား (၃) ကားကိုလည်း ပြသထားသည်။ ၂၀၀၇ စက်တင်ဘာ သံဃာအရေးတော်ပုံအပြီး ၎င်း၏ အနုပညာလုပ်ငန်းများအားလုံးကို စစ်အစိုးရက ပိတ်ပင်ထားခဲ့ပြီးနောက်ပိုင်း ယခုပြပွဲတွင် ကိုကျော်သူ၏ အနုပညာများကို အများပြည်သူသို့ ထုတ်ဖော်ပြသမှုဖြစ်သည်။ ၎င်း၏ ပန်းချီအနုပညာများကို ၎င်း၏ နေအိမ်တွင် ၂၀၀၉ ခုနှစ်က မိတ်ဆွေများကို ဖိတ်ကြားပြီး ပြသခဲ့ဖူးသည်။