>Daung Ni – Daw Aung San Suu Kyi – 65

>

ဆူးမစူးတဲ့ စု
ဒေါင်းနီ
ဇွန် ၁၂၊ ၂၀၁၀

သက္ကရာဇ်တွေ တစတစကြွေ
ဆူးထောင်တွေ တဖြည်းဖြည်းရစ်
မျှော်လင့်ချက်တွေ တငွေ့ငွေ့ဆင်း
သင်းကွဲလေရိုင်းကြမ်းတွေ
အကြိမ်ကြိမ်ဖြိုလှဲချမရတဲ့ ကောင်းကင်သစ်ပင်၊

ဒုက္ခမီးလှိုင်းဆိုးကြီးတွေ
ခဏခဏ ဝါးမြိုချေမရတဲ့ ဂန္ထဝင်ပန်းပွင့်၊

စူးရှပြင်းထန် စစ်အာဏာသံတွေ
အခါခါဖုံးလွှမ်းမရတဲ့ အပြုံးကြယ်စင်
သောကပင့်သက် နင့်နင့်ကြိတ်ရှိုက်
ဝေးလွင့်ရဲဘော်တွေကို နှုတ်မဆက်လိုက်ရတဲ့ အလင်းရှင်၊

ပိတ်လှောင်နှောင်တည်း တားဆီးမှုတွေ
အလီလီဖဲ့စားချိုးမရတဲ့ သစ္စာဓားတလက်၊

မနက်ဖြန်များစွာ …
တိုက်ပွဲဖော် အားမြှင့်ထပ်ဆင့်တိုး
ကမ်းလင့်ကြိုဆိုသူတွေနဲ့
ကျွမ်းရင့်ညှိုးငယ်သူတွေနဲ့
လမ်းသစ်တိုးဖွင့်သူတွေနဲ့
တမ်းတအာခံ ပုန်ကန်သူတွေနဲ့၊

ယတြာ မန္တာန် မမန်းမှုတ်
ကမ္ဘာ့သမိုင်းစာမျက်နှာ လှုပ်နှိုး
ဒဏ်ရာဝေဒနာ ဆုပ်ကိုင်ထားကာ
ကတိမေတ္တာ ရင်တွင်းလမ်းခင်း
အကျဉ်းစံ ရူးသွပ်ကြေ အမှောင်တိုက်မှာ
ခေါင်းအစ ခြေအဆုံး သွေးချင်းဖုံးပစေ
ဘယ်တော့မှ
ဒူးမထောက် အလံမလှဲခဲ့သူ (အမေ)။ ။

ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ၆၅ နှစ်မြောက် မွေးနေ့အမှတ်တရ

ပန်းချီ – သန်းဌေးမောင်