>Pyi Shwe Bo

>

မပြတ်သေးတဲ့ သံယောဇဉ်
ဗုဒ္ဓေါဝါဒ ဆရာတော်
ဇွန် ၁၂၊ ၂၀၁၀

ကြိမ်လုံးကြောက်လို့ နှလုံးသား မတိမ်းမှောက်ခဲ့ပေမယ့် … ဘုန်းဘုန်းလည်း လွမ်းတတ်လာပြီ။

မွေးရပ်မြေကို ခွဲခွာခဲ့တာကြာတော့ မလွမ်းတတ် လွမ်းတတ်နဲ့ ဘယ်လိုမှမကောင်းတဲ့ တိုင်းပြည်ကို ဘယ်လိုမှလည်း မေ့မရခဲ့ဘူး။ ဒါဟာ မွေးရပ်မြေမို့ပါ။ ဒီထဲမှာ ရွှေဘိုအလွမ်းတွေကို လန်းစေဖို့ မိုးမခက ရွှေဘိုသွေးတွေကို နိုးဆွလိုက်လား မသိပါဘူး။

ဦးအောင်ကြီး ပုံတူပန်းချီကား
ဆရာ မင်းသုဝဏ်
ပြည်ရွှေဘို

မောင်လွမ်းပါတဲ့ ပြည်ရွှေဘို
မယ်လွမ်းပါတဲ့ ပြည်ရွှေဘို
တို့မြေကို တို့တတွေလွမ်းပါရဲ့
သပြေညို ရွှေဘိုနန်းကိုဖြင့်
မှန်းဆလျက်ကို။
လာမချော့လေနဲ့
ပြန်တော့မကွဲ့ ပြည်ရွှေဘို
နေညိုတဲ့ အချိန်လေး
သို့ပေမယ့်လေ
ငယ်ပေါင်းသဟာဆွေရဲ့
ပြန်မလေ ဘယ်လိုခဲ့ပေမယ့်
စိတ်ဆွဲရာ ကိုယ်မပါလို့
သပြေညို ရွှေဘိုနန်းကိုဖြင့်
နေညိုမှာ ဖေငိုလို့ လွမ်းရတယ်
(ကွယ်) … တမ်းတလို့ ဆွေး။

(အဝေးရောက်မင်း ဦးအောင်ကြီး)
(1853-1942)

အဝိဇဟိတ မစွန့်၊ မမေ့အပ်သောနေရာ ၄ ခု။ အဲဒီအထဲမှာ မိမိမွေးခဲ့သောနေရာကို မမေ့ကောင်းဘူးလို့ မြတ်စွာဘုရားရှင်က ဟောခဲ့ပါတယ်။ လူသားမှန်သမျှ အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံရပ်ခြားကို ရေကြည်ရာ မျက်နုရာရှာမွေးရင်း နိုင်ငံခြားတိုင်းပြည်တွေကို မြန်မာတွေ အများကြီး ရောက်နေကြပါပြီ။ ဘယ်လိုပင် အနိဋ္ဌာရုံ မကောင်းဆိုးဝါးတွေရှိစေဦး၊ ကိုယ်ရွာ ကိုယ်ဒေသ ကိုယ့်မြို့ကို သတိရနေမည်ဆိုတာ အမှန်ပါ။ ရွာကို သတိရချိန် ရွှေဘိုသား ဦးအောင်ကြီးက ပြည်ရွှေဘို ဆိုတဲ့ကဗျာနှင့် ဆရာကြီး မင်းသုဝဏ်ရဲ့ သပြေညို ကဗျာတွေကို မိုးမခ အင်တာနက် စာမျက်နှာဖတ်လိုက်ရတော့ ဘုန်းကြီးဆိုပေမယ့် လွမ်းတာကတော့ လွမ်းတာပေါ့ဗျာ။

မွေးရပ်မြေကို မလွှဲသာလို့ ခွဲခွာရတဲ့အထဲမှာ ဘုန်းဘုန်းတွေက ရှေ့တန်းကလို့ ပြောရမှာပါ။ ကိုးနှစ် ဆယ်နှစ် အရွယ်ကတည်းက ရွာဦးကျောင်းဆရာတော်က သံယောဇဉ်မထားတတ်အောင်နှင့် သံယောဇဉ်ပါ ဖြတ်တောက် တဲ့အလေ့အကျင့် ပိဋကတ် သင်ရိုးညွန်းတမ်းအတိုင်း ကြီးပြင်းလာခဲ့ရတော့ ချစ်လည်း မချစ်တတ်၊ သံယောဇဉ် လည်းမထားတတ်ဘူး။ အမှတ်တမဲ့ပဲနေတတ်တဲ့ အကျင့်ဓလေ့တွေက ရနေပြီ။ ငယ်ငယ်က အမေပြောသလို ငါ့သားက ဘုန်းကြီးဖြစ်မှာတဲ့၊ အမေပြောသလိုပါပဲ သာသနာ့ဝန်ထမ်း ရှင်ရဟန်းဘဝကို ရလာတယ်။ ဝတ်ခါစမှာ ဘာမှမသိတော့ ပြည်တွင်းမှာ နေလို့ရတယ်၊ သိလာတာတွေ များတော့ ပြည်တွင်းမှာ မနေနိုင်။ ဒီထဲမှာ ပြည်ပမှာ တက္ကသိုလ်သွားတက်လိုက်တဲ့အချိန်မှာ စဉ်းစားမိတယ်၊ ကျောင်းပြီးသွားရင်လည်း ပြည်တွင်းမှာ သာသနာပြုတာ ဖြစ်ပေမယ့် ပေါ်လစီနှင့် မကိုက်ဘူးဆိုရင် ဘာမှ မတတ်နိုင်။ ကိုယ်က ဘယ်လောက်ကောင်းစေ သူတို့ မကောင်းတော့ ကိုယ်က ပြောင်းပြီး နေရတာပေါ့ဗျာ။

ဝန်ကြီးချုပ် ဦးနုက မြန်မာနိုင်ငံသမိုင်းမှာ နိုင်ငံရေးရှုထောင့်က လိုအပ်တွေ ရှိကောင်းရှိမယ်။ မြတ်စွာဘုရား သာသနာတော်ကို စေတနာ သဒ္ဓါတရားအပြည့်နှင့် သာသနာပြုသွားကတော့ အလွန် လေးစားစရာ ကောင်းတယ်။ အခုလို စစ်အစိုးရက ဘုန်းကြီးများကို ဖိနှိပ်တာတွေ ထင်ရှားလေ။ ဦးနုကြီးရဲ့လုပ်ရပ်တွေက ပိုပြီးကြည်ညိုစရာဖြစ်လာပါတယ်။ ဗိုလ်ချုပ်သန်းရွှေ ဦးဆောင်တဲ့ စစ်ခေါင်းဆောင်တွေက ရဟန်းသံဃာတွေကို ရက်စက်စွာ သတ်ဖြတ်မှုကြောင့် နိုင်ငံခြားတိုင်းပြည်တွေမှာ ပိုပြီးများလာခဲ့တယ်။ ဆရာဘုန်းကြီးက သံယောဇဉ် ပြတ်အောင် သင်ပေးခဲ့ပေမယ့် တချို့အရာတွေက မပြတ်တပြတ်ဖြစ်နေတာ။ သန်းရွှေ ဖြတ်လိုက်မှပဲ လုံးဝ ပြတ်သွားခဲ့တယ် ထင်ရတာပါ။ တကယ်တော့ ပုထုဇဉ်သဘာဝမို့ “လူတွေ ရေသောက်စရာ မရှိဘူး၊ မန္တလေးမှာ အပူကြောင့် လူတွေ သေတာများတယ်လို့ကြားရတော့ ဘယ်လိုအိပ်နိုင်ပါလဲ” မပြတ်သေးတဲ့ သံယောဇဉ်တွေကို ထပ်ပြောရဦးမှာပါ။

အခုချိန်ဆိုရင် ဒို့ ရွှေဘိုမှာ “သူခေါင်းမှာတဲ့ သပြေညို၊ င့ါခေါင်းမှာတဲ့ သပြေညို တို့ပြေမှာ တို့မေကမ်းပါတဲ့ သပြေညို ရွှေဘိုပန်းဟာက လန်းလျက်ပါကို” ဆရာကြီး မင်းသုဝဏ်က ရွှေဘိုက သပြေပန်းတွေက အမြဲ လန်းနေတယ်ဆိုတာ ရေးထားခဲ့တယ်။ မိုးတွေသည်းမှ သပြေတွေဟာ ဝေဆာတော့ မဟုတ်ပါဘူး။ တကယ်တော့ ရွှေဘိုဟာ (ဦး)အောင်ဇေယျနယ်မြေမို့ မတရားမူကို တော်လှန်၊ အမှန်ကို ခြေစုံရပ်ပြီး “ရောင်နီမှာ အောင်စည် ရွမ်းရအောင် သပြေညို ရွှေဘိုပန်းရယ်နဲ့ လှမ်းကြစို့လေး” ဘယ်လိုပင် ချိုးနှိပ်ပြီး မိုးမရွာ၊ ရေမပေး၊ အလေးမထားစေဦး၊ တို့ကတော့ နေညိုရင် ရွှေဘိုကို သတိရတာတော့ အမှန်ပါ။

“တို့မြေကို တို့တတွေလွမ်းပါရဲ့ သပြေညို ရွှေဘိုနန်းကိုဖြင့် မှန်းဆလျက်ကို” ဦးအောင်ကြီးရဲ့ ကဗျာလေးပါ။ လက်ရှိ ရွှေဘိုသွားရင်တော့ ထောင်ကြီးကိုလည်း နေရာပြောင်း၊ နန်းတော်ကြီးကလည်း ကမောက်ကမတွေ ဖြစ်လို့ သမိုင်းအစစ်မှန်ကိုတော့ ဘယ်မေ့ပစ်လို့ရမှာလဲ၊ “စိတ်ဆွဲရာ ကိုယ်မပါလို့ သပြေညို ရွှေဘိုနန်းကိုဖြင့် နေညိုမှာ ဖေငိုလို့ လွမ်းရတယ်ကွယ် တမ်းတလို့ ဆွေး” ကိုယ်ဖြစ်ချင်ရာ မဖြစ်နိုင်တာမို့ ရွှေဘိုကို ဦးအောင်ဇေယျ တခေါက်လောက် ပြန်လည်ကာရောက်ရင်ဖြင့် ထောင်းလမောင်းထနေသည့် မတရားမူတွေကို ဝါးရင်းတုတ်နှင့် ရိုက်သတ်မှာပါပဲ။

ပန်းတမျှ လှစေချင်၊ ရွံ့ညွန်မှာ မြုတ်လို့၊ ပါးပြင် သနပ်ခါးတွေက ဆွမ်းခံဝင် ကပ္ပိယ တသိုက်ကို၊ ဟယ့် ဘုန်းကြီးကျောင်းသားတဲ့၊ ကောက်စိုက်တဲ့ အမကြီးတွေက မေဆွိရဲ့ မနှင့်မောင် သီချင်းဆိုတော့ ကိုရင်လည်း တုံ့ဆိုင်း၊ ကပ္ပိယလည်း မြောင်ထဲ ချောကျ၊ သဘောကျတဲ့ ရှင်အဂ္ဂ၊ သပြေပန်းတွေ လက်မှာခဲလို့၊ ရောင်နီသန်းရင် ရွာဦးစေတီမှာ ဗျစ်တောက်ဗျစ်တောက်နဲ့ အူဝဲတို့သားအမိ ဆုတောင်းအသံကို နားဝင်ချို ရင်ဖိုပြီး စာအံကျောင်းမတတ်တဲ့ အဂ္ဂ၊ ဘုန်းကြီးကြိမ်လုံး ကြောက်လို့ အဂ္ဂ နှလုံးသား မတိမ်းမှောက်ခဲ့ပါဘူး။

ကြိမ်လုံး မရှိ၊ ဗျောသံ စည်သံမကြားတဲ့ စနိုးတောမှာ ငါတော့ ပျော်တယ်မဟုတ်၊ ဒါပေမယ့် ဘာမဟုတ်တဲ့ ကောင်တွေနှင့် အဖက်လုပ်ပြီး ကြံ့ဖွတ်လုပ်ချင်တဲ့ စိတ်ဓာတ်တွေကို ဗျောတီးပြီး အဆုံးသတ်သင့်ပါပြီ၊ အဂ္ဂရေ။
လယ်ကွင်းတွေမှာ ဖြတ်၊ ယာခင်းတွေကို ကျော်လွှားလို့ မော်တော်ကား မရှိ၊ မီးဆိုတာလည်း နတ္ထိ၊ ဖုန်း အင်တာနက် စစ်အစိုးရအဆက်ဆက် မျှော်လင့်ချက်တောင် မရှိပါဘူး၊ သပြေတွေလည်းညိုပြီမို့ တိုတိုပြောရရင် …

မွေးရပ်မြေကို ဘယ်သူ မလွမ်းဘဲ ရှိပါ့မလဲ၊
ရွှေဘိုဟာ ထွေးခံတလုံး မဟုတ်၊
ငါးမည်ရ ဋ္ဌာနေမှာ တန်းစီကာ ထမ်းကြဖို့၊

သတ္တိဗျတ္တိသမိုင်း မရိုင်းရအောင်
တက်နေတဲ့ အရိုင်းအစိုင်းတွေကို
ဝါးရင်းတုတ်နဲ့ နှုတ်ဆက်ချင်ရဲ့။

သို့ပေမယ့် …
ဘုရားသားတော်မို့ လက်ဆွဲနှုတ်ဆက်
တရားဖက်၍ အစဉ်အဆက်
နှစ်သက်ခဲ့တာ အမှန်ပေါ့၊

ဘာသာဋီကာ ကျမ်းပြုအကျော် ဂန္ဓာရုံဆရာတော်
ဝိပဿနာ အကျော်အမော် မဟာစည်ဆရာတော်
အင်းကြင်းတောရပျော်တဲ့ ဝေဘူဆရာတော်
သြော် … … ရွှေဘိုသား
ဒီဆရာတော်ကြီးတွေက “အောင်စည်တီးပြီး” အောင်တော်မူသွားကြပြီ။

တို့မှာတော့ အကျင့်ပျက်တဲ့ မင်းစရိုက်ဆိုးထဲမှာ
ရေ မီး ဗလာ၊ စားစရာ မရှာသာ၊
လုပ်အားပေးက အခါခါ၊
ထပ်ခါထပ်ခါ အနိုင်ကျင့်ရင်
မတတ်သာတဲ့ အခါ ငါ့လက်သမိုင်းမှာ
အရိုင်းတွေတွက် ထိုက်တန်တော့မယ်။

ဗုဒ္ဓေါဝါဒ ဆရာတော်
အမေရိက
shwebofive@gmail.com
Tell: 270 904 1142
မေလ (၂၄) ၂၀၁၀

မိုးမခ အင်တာနက်စာမျက်နှာမှ ဓာတ်ပုံနှင့် ကဗျာများ ကူးယူပါသည်။ ရွှေဘို အောင်မြေကို ဖော်ပြတဲ့ ဒကာတော် မောင်ရစ်လည်း အောင်သပြေပန်းတွေနဲ့ အညာမြေကို လွမ်းမလွမ်းမသိ၊ ဘုန်းကြီးကတော့ လွမ်းရပြီ၊၊

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts