>electric fun

>

မီးလား…သူဖျားနေတယ်….
နီဇူလိုင်
ဇွန် ၁ဝ၊ ၂ဝ၁ဝ
(http://nijuly.blogspot.com မှ ယူသည်။)


မီးလား…သူနေမကောင်းဘူးကွယ်

မီးလား…သူဖျားနေတယ်

မီးလား….နာမကျန်းသည် ..

အို…နှင်းဆီ..

မီးလား…စီးပွားပျက်အောင်လုပ်တဲ့

အရက်သမားပထွေး

နံဘေးအပေါင်ဆိုင်က

အချောင်နှိုက်နေကျ….တရုပ်သူဌေးလက်

မီးကို….၀ကွက်အပ်လိုက်ပီတဲ့။

မီး…ရေ

မီး…ရေ

မီး..ရေ

မီးလား…သူမလာနိုင်တော့ဘူးကွယ်။ ။

အသက်၄၀ကျော်မှ သူငယ်ပြန်နေတယ် မထင်ကြပါနဲ့နော်း)

ဒီညမှာ.. ကိုယ်တို့ဆီ.. မီးလာရမယ့် အလှည့်က ညနေ ၆ နာရီကနေ ည ၁၂ နာရီ အထိ တဲ့။ ပြောမယ့်သာ ပြောတာပါ အလှည့် ကျပေမယ့်လဲ မီးက လာချင်မှ လာတာလေ။ ဒီတော့

…..လာရင်.. လာတယ်လို့ မှတ်။ မလာရင်.. မလာဘူးလို့ မှတ်။ တရား အားထုတ်ပြီးသား ရတယ်။

ကဲ.. ဒီညတော့ မီးနဲ့မှ ဖြစ်မယ့် အလုပ်ကလေးတွေ လုပ်ဖို့ ဇွဲ ကောင်းကောင်းနဲ့ စောင့်နေတာ။

မီး…. လာပါဘီ။ ည ၁၂ နာရီ ထိုးဘို့ ၁၅မိနစ် အလို။

မီးနဲ့ လုပ်ရမယ့် အလုပ်ကလေးတွေ စမယ်။

ဟော… မီးပြတ်သွားပါဘီ။ ည ၁၂ နာရီ ထိုးဖို့ ၁၀ မိနစ် အလို။ အနိစ္စ …. အမြဲမရှိ။

တော်တော် နောက်တဲ့သူတွေ။ တနေ့လုံး မီးကို တွေ့ဖို့ စောင့်လိုက်ရတာ။ ၅ မိနစ်ဘဲ မြင်လိုက်ရတယ်။

အဲဒါ မြန်မာ တပြည်လုံးရဲ့  လျှပ်စစ်မီးကို စောင့်ရတဲ့ အခြေအနေ။

အင်းလေ …. လုံးဝ မီးမလာရင်လဲ မီတာ ထိန်းသိမ်း စောင့်ရှောက်ခ ၁၀၀၀ ကျပ်ကို တောင်းရမှာ အားနာလို့ ထင်ပါရဲ့ ။ (တကယ်တော့ … အားနာရမှန်းတောင် သိတတ်ပါ့မလား)

သိပ်မကြာခင်က ကွယ်လွန်သွားတဲ့ ဆရာအီကြာကွေးကို သတိရလိုက်တာ။ သူ့ဇာတ်လိုက်ကျော် ကိုငှက်ရိုးက အဲဒီ ခေတ်က မီတာ စောင့်ရှောက်ခ ၁ ကျပ်ကို အသားလွတ် ပေးရတယ် ထင်လို့

့….

“ဘယ်ကောင်မှ ငါ့မီတာပုံးကို လာမစောင့်ရှောက်ဘဲနဲ့ .. ၁ ကျပ် မပေးနိုင်ဘူး။ ငါ့ဖာသာ စောင့်မယ်´´

ဆိုပြီး တညလုံး မအိပ်ဘဲ တုတ်ကြီးတချောင်းကိုင်ပြီး ငုတ်တုပ် ထိုင်စောင့်တဲ့ ဇာတ်လမ်းလေး။

ဂုရုကွေးရေ…။ ခုတော့ မီတာ ထိန်းသိမ်း စောင့်ရှောက်ခက ၁၀၀၀ ကျပ် ဖြစ်နေပေါ့။ သုံးစွဲတဲ့ ယူနစ်က ၁ ယူနစ် ၂ ယူနစ် ထက်မပို။ (မီးမှ မလာတာ) လစဉ် .. မီတာ သုံးစွဲခက ၅၀ကျပ်. . ၁၀၀ ကျပ်ထက် မပို။ စောင့်ရှောက်ခက မီးလာလာ .. မလာလာ။ ပုံမှန် ၁၀၀၀ ကျပ်။ ဂုရုကွေးကြီး ရှိရင်… ဘယ်လို သရော်စာတွေ ထွက်လာမယ် မသိ။

ကိုယ်ကတော့ အလကားအလုပ်မလုပ်နိုင်ဘဲစောင့်ရှောက်ခပေးနေရတဲ့ မီတာပုံး ကိုဘဲ ရိုက်ခွဲပစ်ချင်သလိုလို။

“ရော့ဟေ့ … နင်တို့ မီးကို မယူတော့ဘူး။ ဖယောင်းတိုင် ၀ယ်ထွန်းပြီး နေတာကမှ လင်းသေးတယ်´´ လို့ဘဲ အော်ရ ကောင်းမလား။

ဒါမှမဟုတ်… မီတာပုံးတွေမှာ ဒီကဗျာလေးကို … ကပ်ထားရ ကောင်းမလား။

“လျှပ်စစ်´´

တစ်သိန်းတန်.. မီတာပုံး
ရော့… သုံးတော့ပေး။

မယူတော့လည်း…မီးမလာ
ယူပြန်တော့လည်း…မီးမလာ
တစ်ထောင်သာ.. စောင့်ရှောက်ခပေး
မင့်အမေ့လင်…. တိုင်တွင်ပင် ချိတ်ခဲ့တော့ဟေး….။ ။