>Tender for Electrical Project Related to Nuclear Plant in Burma won by Thai & Singapore Companies

>

ပခုက္ကူအနီးက အနုမြူစက်ရုံပို့် ဓာတ်အားလိုင်းများအတွက် စင်္ကာပူနဲ့ ထိုင်းကုမ္ပဏီများက တင်ဒါများ ရရှိခဲ့

မိုးမခအထောက်တော် ၀၀၂
ဇွန် ၁၀၊ ၂၀၁၀
မိုးမခတွင် မေလ ၂၇ က တင်ဆက်ခဲ့သည့် သတင်း၏ အဆက်အဖြစ် သိရှိရသည်မှာ ပခုက္ကူမြို့အနီးရှိ ကျော၊ ပေါက်နှင့် မြိုင်မြို့များရှိ အနုမြူဆက်စပ်စက်ရုံ စီမံကိန်းနှင့် ဓာတ်အားလိုင်းတို့အတွက် စက်မှုပစ္စည်းများ တင်သွင်းရန် တင်ဒါများကို စစ်အစိုးရက ခေါ်ယူခဲ့ရာ ၂၀၀၉ ဇွန်လတွင် ထိုင်းနှင့် စင်္ကာပူအခြေစိုက် ကုမ္ပဏီများက အနိုင်ရခဲ့ကြသည်ဟု ဆိုသည်။
          ဓာတ်အားပေးစီမံကိန်းတွင် အဆိုပါ စက်မှုပစ္စည်းများကို သုံးစွဲပြီး မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်းက ကျောနှင့် ပေါက်မြို့အရောက် ဓာတ်အားလိုင်းများကို သွယ်တန်းခြင်း ဖြစ်ပြီး၊ ကျောနှင့် ပေါက်မြို့မှ လျို့ဝှက်စက်ရုံနေရာအထိကို စစ်တပ်က ဆက်လက်တာဝန်ယူ ဆောက်လုပ်သည်ဟု သတင်းများက ဆိုသည်။
          ပြည်တွင်းရှိ အင်ဂျင်နီယာအဖွဲ့တခု၏ ခန့်မှန်းချက်အရ မြိုင်မြို့အနီးမှ ယူရေနီယံသိုက်ကို လှိုင်ခေါင်းများဖြင့် သယ်ယူပြီးနောက် ကျောနှင့် ပေါက်မြို့အနီး ၃ မိုင်မှ ၅ မိုင် ပတ်လည်အတွင်းရှိ စက်ရုံများတွင် ထုတ်လုပ်မည် ဖြစ်သည်ဟု ပြောကြားကြသည်။
          “အချိန်အခါနဲ့ အခြေအနေကို တွက်ကြည့်ရင် ၂၀၁၀ မှာ ရွေးကောက်ပွဲလုပ်ပြီး အာဏာအပြောင်းအလွဲတခု လုပ်မယ်လို့ဆိုတယ်။ နိုင်ငံပိုင် ပစ္စည်းတွေနဲ့ လုပ်ငန်းတွေကို ပုဂ္ဂလိကလို့ ဆိုတဲ့ စစ်အာဏာရှင် အသိုင်းအ၀ိုင်းကို လွှဲနေပြီ။ ဘဏ်လုပ်ငန်း၊ ဆက်သွယ်ရေး၊ ကြည်း ရေ လေ ခရီးသွားလုပ်ငန်းတွေကိုလည်း သူတို့ယူထားတယ်။ အနုမြူဆက်စပ်လုပ်ငန်းကို သူတို့စစ်အာဏာပိုင်တွေ လက်ထဲမှာ အပြီးဆုပ်ကိုင် ထိန်းချုပ်ထားနိုင်အောင် ခုချိန်မှ မလုပ်ရင် ဘယ်အချိန်မှာ လုပ်မှာလဲ။ နောက်အစိုးရဆိုတာက အဲသည် ဗျူဟာကျတဲ့ အချက်အချာတွေကို လက်လှမ်းမမီမှတော့ ဘယ်လိုမျိုး ဖြေရှင်းပေးနိုင်မလဲ။ အမြဲတမ်း စစ်အာဏာရှင်တွေကို အားကိုးနေရတဲ့ ရုပ်သေးအစိုးရတခု ဖြစ်လာတော့မယ်လို့ ပြောချင်တယ်”
          ဟု သတင်းကို ထင်မြင်ချက်ပေးသူ လျှပ်စစ်အင်ဂျင်နီယာတဦးက မိုးမခသို့ ပြောသည်။