>
ဆန်ဖရန်ဘေးဧရိယာမြန်မာမိသားစုများ ဈေးရောင်းအလှူပွဲက နာရေးကူညီမှုအသင်း(ရန်ကုန်) ရေကုသိုလ်လုပ်ငန်းများသို့ လှူမည်
ဆိုင်ခန်းပေါင်း ၃၀ နီးပါးနှင့် ဧည့်ပရိသတ် တထောင်နီးပါး လာရောက်ကြသည်ဟု ဆိုသည်။ စုဆောင်းရရှိသော အလှူငွေများကို နာရေးကူညီမှုအသင်း၏ ရေအလှူလုပ်ငန်းများသို့ လှူဒါန်းမည် ဖြစ်သည်။ အလှူငွေ ခန့်မှန်းခြေ အမေရိကန် ဒေါ်လာ ၁ သောင်းကျော် ရရှိသည်ဟု ရန်ပုံငွေပွဲ စီစဉ်သူတဦးက မိုးမခသို့ ပြောကြားသည်။ ထိုနေ့က ဆံသလုပ်ငန်းက ရရှိသည့် လုပ်အားခငွေကို လှူဒါန်းမည်ဟု ရည်ရွယ်ထားသော ချစ်မမလှရိပ်မြုံက အလှူငွေ အမေရိကန်ဒေါ်လာ ၁ ထောင် ၁ ရာ ကျော် လှူမည်ဟု သိရသည်။ အလှူပွဲတော်အမှတ်တရ ၀တ်ဆင်ရန် တီရှပ်များကိုလည်း ရောင်းချခဲ့သည်ကို တွေ့ရသည်။
ဆန်ဖရန်ဘေးဧရိယာ၏ လူမှုရေး၊ ဘာသာရေး ပွဲတော်များတွင် အစဉ်အမြဲ အားပေးကူညီလျက်ရှိသည့် မေတ္တာနန္ဒ ၀ိဟာရကျောင်းတိုက်က သံဃာတော်များ၊ ဓမ္မမိတ်ဆွေများ၊ ဝေယျာဝစ္စကုသိုလ်ယူသော ဖရီးမောင့်မြို့က စေတနာရှင် မြန်မာလူငယ်များနှင့် ကုသိုလ်ရှင် မြန်မာမိသားစု အားလုံး၏ ၀ိုင်းဝန်းဆောင်ရွက်မှုနှင့် စေတနာ၊ မေတ္တာတို့ဖြင့် ယခု ဈေးရောင်းအလှူပွဲတော် စည်ကားစွာ ကျင်းပနိုင်ခဲ့ခြင်း ဖြစ်သည်ဟု ပရိသတ်တဦးက မိုးမခသို့ ပြောကြားသည်။