>Burmese Regime building separate electrical grids to this nuclear plant – source told

>

မြန်မာစစ်အစိုးရ၏ နူကလီးယားစက်ရုံများအတွက် သီးခြားလျှပ်စစ်လိုင်း တည်ဆောက်

မိုးမခအထောက်တော် ၀၀၂
မေ ၂၇၊ ၂၀၁၀
မြန်မာစစ်အစိုးရ၏ ယူရေနီယံနှင့် နူကလီးယား ဆက်စပ်စက်ရုံများ ဆောက်လုပ်နေသည်ဟု နိုင်ငံတကာ သတင်းဌာနများက ထုတ်ဖော် ပြောဆိုနေသည့်ကြားမှပင် ၎င်းစက်ရုံများအတွက် သုံးစွဲရန် သီးခြား လျှပ်စစ် ဓာတ်အားလိုင်းများ တည်ဆောက်နေသည့်သတင်းများ ထပ်မံ ထွက်ပေါ်လာသည်။
ယခင်မိုးမခသတင်းတွင် တင်ပြခဲ့သလို သာမန်မြို့ပြနှင့် စက်မှုဇုံ ဓာတ်အားလိုင်းများကို ၎င်းနူကလီးယားစက်ရုံများသို့ ပေးပို့ သုံးစွဲခြင်းမလုပ်ဘဲနှင့် သီးခြား အင်အားတောင့်တင်းသော ဓာတ်အားလိုင်း စီမံကိန်း ပြုလုပ်နေခြင်း ဖြစ်သည်ဟု ရန်ကုန်ရှိ အမည်မဖော်လိုသော လျှပ်စစ် အင်ဂျင်နီယာအဖွဲ့ တခုက ထုတ်ဖော်ပြောသည်။
ထိုစက်ရုံများကို စစ်အစိုးရ၏ ကာကွယ်ရေး ပစ္စည်း စက်ရုံများအဖြစ် စစ်အစိုးရ အင်ဂျင်နီယာများက ဆောက်လုပ်ပြီး လျှပ်စစ်ဓာတ်အားလိုင်းများကို မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်း (MPPE) က တာဝန်ယူ တည်ဆောက်နေကြသည်ဟု ဆိုသည်။
စီမံကိန်းများ တည်ရှိရာဒေသမှာ မြန်မာနိုင်ငံအလယ်ပိုင်း ပခုက္ကူမြို့၏ အနောက်နှင့် မြောက်ဖက်တွင် တည်ရှိပြီး မုံရွာအနီး ညောင်ပင်ကြီးမှ ချောင်းကူအထိ ၂၃၀ ကေဗီအေလိုင်း မိုင် ၆၀၊ ချောင်းကူမှ ကျောမြို့သို့ ၆၆ ကေဗီအေလိုင်း ၅၂ မိုင်၊ ပေါက်မြို့သို့ ၆၆ ကေဗီအေလိုင် ၈ မိုင် တည်ဆောက်ရန် ချမှတ်ထားသည်ဟု သိရသည်။
ယခင်အပတ်က ပြည်တွင်းဂျာနယ်များတွင် စစ်အစိုးရက မုတ္တမကမ်းလွန်မှ ၂၄ လက်မပိုက်လိုင်းများဖြင့် ဖော်ထုတ်သွယ်တန်းရရှိနေသော ဓာတ်ငွေ့လိုင်းများဖြင့် စမ်းသပ်ဓာတ်ငွေ့မောင်း လျှ့ပ်စစ်ဓာတ်အားများ ထုတ်လွှင့်ပေးမည်ဟု ဆိုထားရာ အဆိုပါ ဓာတ်ငွေ့ပိုက်လိုင်းများကို စမ်းသပ်ပြီးပါက ၎င်းတို့၏ နူကလီးယား လက်နက်စက်ရုံများသို့ ဆက်လက် သွယ်တန်းဦးမည်လား ဟု မေးခွန်း ထုတ်နေကြသည်။
(ဓာတ်ပုံ – အီလဲဗင်းမီဒီယာ သတင်းပါ ဓာတ်အားလိုင်း ဓာတ်ပုံ)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts