>Mingalar Zay Fire Dies at last

>

မင်္ဂလာဈေးမီး မိုးရွာလို့ မိုးခိုးတိတ်ပြီ
မိုးယံမခ – ရန်ကုန်
မေ ၂၆၊ ၂၀၁၀
မေ ၂၄ မနက် ၈ နာရီခွဲက မီးလောင်မှု စတင်ဖြစ်ပွားခဲ့တဲ့ ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ အဆင်မြင့်မင်္ဂလာဈေးကြိး မီးလောင်ကျွမ်းမှုဟာ အဲဒီနေ့ည ၈ နာရီမှာ မီးညွန့်ကျိုးခဲ့ပါတယ်။ ဒီနေ့ထုတ် နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြထားတဲ့ မင်္ဂလာဈေးမီးလောင်မှုသတင်းတိုလေးမှာတော့ နေ့ခင်း ၂ နာရီ မှာ မီးညွန့်ကျိုးတယ်လို့ ဆိုထားပါတယ်။ မနေ့က တွေ့ဆုံမေးမြန်းထားသမျှကတော့ ဒီလိုပါ။
          “မနေ့က ညနေ ၆ နာရီမှာ ဈေးအပေါ်ဆုံးထပ် စားသောက်ဆိုင်ရဲ့ ခေါင်မိုးက မီးအပူရှိန်ကြောင့် ပြိုကျပြီး ဂက်စ်အိုးတွေ ထပေါက်လို့ မီးတောက်တွေ အများကြီး တွေ့ရတယ်။ မီးသတ်တွေက ကြိုးစားပမ်းစားတော့ ငြိမ်းကြပါတယ်။ မီးညွန့်က ည ၈ နာရီမှ ကျိးသွားတာ။ မီးသတ်ကားထက် လုံခြုံရေးချထားတဲ့ လုံထိန်းကားတွေက ပိုများနေတာ တွေ့ရတာပဲ”
          မင်္ဂလာဈေးအနီးရှိ ရက်ကွက်တွေမှာ နေထိုင်ခဲ့တဲ့ အိမ်ရှင်မတဥိးက မနေ့ညက မီးလောင်မှု အခြေအနေကို မျက်မြင်ကိုယ်တွေ့ပြောတာ ဖြစ်ပါတယ်။ မင်္ဂလာဈေးမီး စတင်လောင်ကျွမ်းပုံကို ပြောပြတာ ဖြစ်ပါတယ်။ အပြင်က မီးစတင် လောင်ကျွမ်းပုံကို အမျိုးမျိုး ပြောဆိုနေကြပြီး နိုင်ငံပိုင် သတင်းစာက အတိအကျထုတ်ပြန်နိုင်ခြင်း မရှိသော်လည်း ဈေးဆိုင်ပိုင်ရှင်တဦးက မီးစတင်လောင်ကျွမ်းပုံကို အခုလို ပြောပြပါတယ်။
          “ ၃ လွှာမှာ ရှိတဲ့ ဒိုရူး (Doru) အလှကန်ုဆိုင်ခန်းမှာ ၀ါယာရှော့ဖြစ်ပြီး မီးခိုးတွေ အူနေတာကို ကျနော်တို့တွေ့တော့ မနက် ၉ နာရီ ခွဲပြီ။ မိန်း ချဖို့ လျှပ်စစ်ခန်းကို သွားတော့ အခန်းသော့ကိုင်ထားတဲ့ စည်ပင်ဝန်ထမ်းမရှိလို့ မြို့နယ်လျှပ်စစ်ရုံးကို ဖုန်းဆက်ပြီး မီးဖြတ်ခိုင်းရတယ်။ ဈေးသူ ဈေးသားတွေက မီးသတ်ဗူးတွေနဲ့ မီးသတ်ဖို့ လုပ်တော့ မီးသတ်ဗူးက သိပ်မရှိဘူး။ ရပါတယ် မီးကငြိမ်းသွားမှာပါ … ကျနော်တို့ တာဝန်ယူပါတယ်ဆိုပြီး စည်ပင်ဝန်ထမ်းတွေက ပြောတယ်။ ဒီလိုနဲ့ မီးက ကြီးလာပြီး အကုန်လုံး ထွက်ပြောခဲ့ရတာပဲ”
          မေ ၂၄ က တနေကုန်လောင်ခဲ့တဲ့ မီးဟာ မေ ၂၅ ရက် မနေ့ကလည်း တနေ့လုံး မီးခိုးတွေ အူနေဆဲပါပဲ။ မီးတောက်တွေ မရှိတော့ပေမယ့် ဈေးအတွင်းပိုင်းက ငြိမ်းသတ်ဖို့ မလွယ်သေးတဲ့ အခန်းတွေထဲမှာ မီးက တငွေ့ငွေ့နဲ့ လှိုက်ပြီး လောင်နေတဲ့အတွက် နေ့ခင်း ၁၂ နာရီလောက်အထိ မီးခိုးတွေ မည်းတက်နေတာကို တွေ့နေရပါတယ်။ မွန်းလွဲပိုင်းမှာမှ မီးခိုးမဲတွေ တက်လာတာ နည်းပြီး မီးကို ရေနဲ့ ငြိမ်းသတ်ရာက တက်လာတဲ့ မီးခိုဖြူတွေ တက်လာတာ ဖြစ်တယ်လို့ မင်္ဂလာဈေးအနီးက ရပ်ကွက်သားတဦးက ပြောပါတယ်။
          ယမန်နေ့ညနေပိုင်း ၅ နာရီလောက်က စပြီး ရန်ကုန်မြို့မှာ မီုးသည်းကြီးမည်းကြီး ရွာလိုက်တဲ့အကြောင်း မင်္ဂလာဈေးအနီးမှာ နေထိုင်သူလုပ်ငန်းရှင်က အခုလို ပြောပါတယ်။
          “မနေ့ညကတည်းက ဒီလိုမိုးရွာခဲ့ရင် တညလုံး အိပ်ရေးပျက်မှာ မဟုတ်ဘူး။ ညက မီးညွန့်ကျိုးတယ် ဆိုပေမယ့် မီးခိုးတွေက တညလုံး တက်နေတာ။ ဒီနေ့လည်း တနေကုန် မီးခိုးတွေ အူနေတာပဲ။ မိုးကတော့ တော်တော် ရွာလိုက်လို့ လုံးဝမီးခိုးတိတ်သွားပြီ။ အခုမှ စိတ်အေးနိုင်တော့တယ်ဗျာ။”
(ဓာတ်ပုံများ – မေ ၂၅ ညနေ ၄ နာရီမှာ တွေ့နေရဆဲ မင်္ဂလာဈေး မီးခိုအူနေဆဲ မြင်ကွင်းနဲ့ လုံထိန်းကားများ)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts