>Mar Mar Aye – 330

>“ပြောပြစရာတွေလည် တပုံကြီးရှိသေးတယ်” အမှတ် (၃၃၀)

ပန်းတွေနဲ့ ဝေပါစေ
မာမာအေး
မေ ၂၃၊ ၂၀၁၀
မာအေးချစ်တဲ့ သောတရှင်တွေ၊ ဂီတဝါသနာရှင်တွေ အားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရော စိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ – အရင်တပတ်က ဂီတစာဆို သက်တော်ရှည်ကြီး ဦးဘသိန်း နဲ့ သီချင်းတွေ အကြောင်းကို ဆက်ပြီး ပြောနေကာမှ ဖြတ်ပြီးတော့ ပြောရဦးမယ့်ကိန်း ဆိုက်လာပြန်ပြီ သောတရှင်တို့ရေ။ ဦးဘသိန်းကြီး ရောက်တဲ့ တနေရာကနေပြီးတော့ ငါ့အစီအစဉ် လုပ်နေရင်းက ဖြတ်လိုက် ဆက်လိုက် သိပ်လုပ်တဲ့ ကောင်မလေး လို့ လှမ်းပြီး အပြစ်တင်မယ် မထင်ပါဘူးရှင်။

သြော – သုမောင် ကိစ္စ၊ မာအေးရဲ့ ဂီတမောင် ကောင်ကလေး ‘ဗလ’ ကိစ္စပါလား လို့ အကြင်နာတရား ပွားများမယ့် အခြေအနေမို့လား။

‘အန်တီရေ – ကိုသုမောင် တယောက် ဒီလို ဒီအကြောင်းပဲ’ တဲ့။ သူ ပျောက်သွားရှာတဲ့ နာရီပိုင်းကလေး အတွင်းမှာပဲ တူတော်မောင် ကိုစုတ်ဖွားဆီက ဖုန်းသတင်း ရခဲ့ပါတယ်။ အင်း – ရင်တွင်းမှာ နောက်ဆုံး ဗမာလက်သံ လက်ကျန် ကလေးတယောက် ကွယ်ပျောက်ရှာပြန်ပြီကော လို့ မောလိုက်တာလေ။ ဒီဘက်ကို မပြန်ခင် ခရီးနှင်တုန်းက အအေးမိလက်စနဲ့ အခါမဟုတ် မိုးအေးလေကလေးက သုတ်လေတော့ ရွှေဘုတ်လို အီနေတဲ့ အချိန်ကိုး။ ခုနစ်စဉ်အလွမ်း ထပ်တိုးမိတာပေါ့။ မတိုး ခံနိုင်ရိုးလားရှင့် ဥရောပ မသွားခင်မှာ သူပို့ထားတဲ့ စာဟောင်းလေး BBC က ပို့ပေးထားတာကို ပြန်ဖတ်တဲ့ အထဲမှာ “အင်္ဂလန်က လန်ဒန် ချစ်သူ့တံတားပေါ် လမ်းလျှောက်ချင်လို့ပါ၊ ကြုံရင် ကျနော့်ကို သတိရလိုက်ပါ” လို့ ပူဆာထားတာနဲ့ ဒီတခေါက် U.K ကို ရောက်တဲ့အခါ လာမယ့်နှစ် သင်္ကြန်မှာ ‘သုမောင်’ ကို ဖိတ်ပေးပါဘုရား လို့ သားရဟန်းကို လျှောက်ထားခဲ့တာ တလတောင် မကြာသေးဘူး။ အဲဒါကြောင့် လွဲပြီ ဗလရေ လို့ ဖြေမပျော်နိုင် ဖြစ်သွားရတာပါ။

မာအေးထက် ရှစ်နှစ် ကိုးနှစ်လောက် ငယ်တဲ့ မောင်ကလေး သုမောင်ကို သူ့အဖေ စာရေးဆရာကြီး သာဓု တည်ထောင်ထားတဲ့ နတ်စင် ဘောက်ထော် အရပ်က ရုပ်ရှင်ခြံကြီးထဲမှာ မကြာခဏ အသံသွင်းဖို့ သွားခဲ့တဲ့သူ မာအေးက ပြောရင် ဒီကလေး ငယ်စဉ်ကတည်းက ရင်းလာခဲ့တာပေါ့ လို့ပဲ ပြောရမှာပါ။ သူ ကြီးပြင်းလာတော့ ဖအေ့ အသိုင်းအ၀ိုင်း၊ စာရေးတဲ့အပိုင်း၊ သရုပ်ဆောင်တဲ့ အပိုင်း နဲ့ ဇာတ်ဝင်ခန်းတွေကို ပံ့ပိုးတဲ့ ဂီတအပိုင်း စသဖြင့် တဆင့်ပြီးတဆင့် ရင့်လာ တင့်လာ မြင့်လာတဲ့ အနုပညာသမား ဖြစ်လာခဲ့တာပါပဲ။ သာမန် ကြည့်ရင် မုဆိုးနားနီး မုဆိုး တိုးပြီးမဆန်းပါဘူး လို့ ထင်ကြမှာပေါ့ရှင်။ မာအေးတော့ အဲဒီလို မမြင်ပါဘူး။ စာရေးဆရာ သားသမီးတိုင်း စာရေးဆရာ မဖြစ်လာတတ်ဘူး။ အဆိုတော့် သားသမီးတိုင်းလည်း အဆိုတော် မဖြစ်တတ်ပါဘူး။ သူ့မှာ ကိုယ်ပိုင် ဗီဇ မပါခဲ့ရင်၊ ဗီဇ ပါရင်တောင် မကြိုးစားခဲ့ရင် ဘယ်နေရာမှာမှ အရာထင်မှာမှ မဟုတ်တာရှင်။ သူက ဆက်နွယ်တဲ့ အနုပညာ လက်တိုင်းမှာ လက်မ ထောင်နိုင်တဲ့ အနေအထား ရောက်ခဲ့တာပါ။

တေးဂီတဘက်မှာ ရုပ်ရှင်သီချင်းက စခဲ့တာ ဖြစ်ပါတယ်။ ကက်ဆက်ခေတ်၊ CD ခေတ် နောက်ဆုံးပေါ် ဂီတ ခေတ်တွေ အထိ အောင်မြင်လာတာပါပဲ။ ဦးလေး ကိုသာဓုရဲ့ သားသမီးတွေထဲမှာ ရုပ်ရှင် ဒါရိုက်တာ စာရေးဆရာ မောင်ဝဏ္ဏ နဲ့ အခု ပြောနေတဲ့ ‘သုမောင်’ လို့ ကျော်ခဲ့တဲ့ ‘ဗလ’ တို့ နှစ်ဦးက ရင်းနှီးကြပါတယ်။ အလုပ် တူတာ စိတ်တူတာလေးတွေ ရှိလို့ပေါ့လေ။ ကျန်တဲ့သူတွေနဲ့ မရင်းတာ အသက်ကလည်း ကွာ၊ အလုပ်ထဲမှာလည်း သိပ် မတွေ့လာလို့ ဖြစ်မှာပါ။ ဗလကတော့ ခရီးသွားအတူတူ၊ စင်ပေါ်တက်အတူတူတွေ ရှိခဲ့တော့ မောင်ရင်းတမျှ ခင်ခဲ့ကြတာရှင့်။ သူ့ကို မကြိုက်တာ တခုပဲ ရှိပါတယ်။ သူ့ဘ၀ စောစောကြီးက ထွက်သွားရအောင် ဖြစ်စေတဲ့ ‘သုရာ’ သုံးတဲ့ ပြဿနာပါ။ ဒီ ‘သုရာ’ က သုမောင်ကို ဒုက္ခပေးမှာ မြင်လို့ မကြိုက်ခဲ့တာပါ။ ကိုယ်တိုင် ကြုံတဲ့ အဖြစ်ကလေးတွေ နောက်တပတ်မှ ပြောရဦးမယ်။ သူလည်း သီချင်းတွေ အများကြီး ဆိုသွားတဲ့ အဆိုတော်ကောင်း တဦး ဖြစ်ပါတယ်။ မြန်မာသံ အတိအကျ အသံထွက်နိုင်တဲ့ ယောက်ျား အဆိုတော် နောက်ဆုံး တယောက် ဖြစ်လေမှာလား လို့ မာအေး ခံစားမိနေပါတယ်။ မာအေးတို့ ဂီတ လောကမှာ ‘စာပေါင်ပဲ့’တယ် လို့ ပြောရမယ့် သူက ခပ်ရှားရှား ဆိုတော့ သိပ် နှမျောမိတာ အမှန်ပါပဲ။ ကိုယ်ကလည်း ပြန်နိုင်သေးတာ မဟုတ်တော့ ကျန်နေသေးတဲ့ ဆရာသမားတွေ မြန်မာသံ အဆိုတော်တွေ မွေးကြပါဦး လို့ တောင်းဆိုရမလို ဖြစ်နေပြီရှင်။

‘သုမောင်’ နဲ့ မာအေး တခါမှ တွဲမဆိုဖြစ်ခဲ့ဘူး။ စင်ပေါ်မှာလည်း ‘ချစ်မိုးကြီး’ ကို တယောက်တမျိုး ဆိုဖြစ်တာပဲ သတိရလာတယ်။ တို့ဗမာသီချင်း အကြောင်း ပြောဖြစ်တုန်းက ‘သုမောင်’ ဆိုထားတဲ့ မူကို ပိုကြိုက်တယ် လို့ ပြောခဲ့ပါတယ်။ စန္ဒရားလှထွတ် ရေးပေးတဲ့ သီချင်းတွေတိုင်း ‘သုမောင်’ဟာ အောင်မြင် ကျော်ကြားအောင် ဆိုခဲ့နိုင်တာ သေချာပါတယ်ရှင်။ သူ့ရဲ့ ကိုယ်ပိုင် သီချင်းထဲမှာ အကောင်းဆုံး လို့ ပြောကြတဲ့ သီချင်းလေး တပုဒ်နဲ့ နှုတ်ဆက်လိုက်တော့မယ်။ ဘ၀ ဘ၀တိုင်း ကိုယ့်မောင် ‘ပန်းတွေနဲ့ဝေ’ ပါစေသတည်း။


(မူရင်း – ဘီဘီစီ မြန်မာပိုင်း အသံလွှင့်ဌာန BBCburmese.com)