>e-Book by Aung Way – Spirits of 1988 Revolution Spirits – marking 20th anniversary of NLD Election Victory

>

မိုးမခနဲ့ မြန်မာအိုင်အက်စ်ပီက အောင်ဝေး၏ အရေးတော်ပုံရင်ခုန်သူများ ရေဒီယိုဆောင်းပါးများကို အခမဲ့ အီးဘုတ် ထုတ်၊

အင်န်အယ်ဒီ၏ ၁၉၉၀ ရွေးကောက်ပွဲ အောင်ပွဲ အနှစ် ၂၀ အထိမ်းအမှတ်ဟု မိုးမခက ဆို

မိုးမခ
မေ ၂၂၊ ၂၀၁၀
၂၀၀၇ သံဃာ့အရေးအခင်းနောက်ပိုင်းမှာ ပြည်ပသို့ ထွက်ခွာလာရသူ စာရေးဆရာ ကဗျာဆရာ အောင်ဝေးက ၎င်းခေတ္တခိုလှုံရာ ထိုင်းနိုင်ငံ၊ ပြီးတော့ ရွှေ့ပြောင်းနေထိုင်ရာ အမေရိကန်ပြည်ထောင်စုမှာ နေထိုင်စဉ်တလျောက်လုံး အဆက်မပြတ် စာတွေ၊ ကဗျာတွေ ရေးတဲ့သူ တဦးဖြစ်ပါတယ်။ ၎င်းပင်တိုင်အစီအစဉ်အဖြစ် တင်ဆက်နေတဲ့ အာရ်အက်အေ မြန်မာပိုင်း ရေဒီယိုရဲ့ စီးရီး “အရေးတော်ပုံရင်ခုန်သူများ ဆောင်းပါး ၂၄ ပုဒ်” ကို မိုးမခက အွန်လိုင်းစာမျက်နှာမှာ ထပ်ဆင့် ဖြန့်ချိပေးခဲ့ပါတယ်။ အခုတော့ အဲသည်ဆောင်းပါးပေါင်းချုပ်ကို အီးဘုတ်အဖြစ်နဲ့ မြန်မာအိုင်အက်စ်ပီ – မြန်မာအင်တာနက်မော်ကွန်းတိုက် အဖွဲ့က စီစဉ်ပြီး အခမဲ့ တင်ဆက်လိုက်ပါပြီ။
မိုးမခမီဒီယာ အဖွဲ့အနေနဲ့ အောင်ဝေးရဲ့ “အရေးတော်ပုံရင်ခုန်သူများ” ကို အီး-ဘုတ်အဖြစ်နဲ့ ပြည်တွင်းပြည်ပက စာဖတ်ပရိသတ်လက်ထဲအရောက် အခမဲ့ ဖြန့်ချိခွင့်ရတဲ့အတွက် များစွာ ၀မ်းသာမိပါတယ်။ မူလ ရေဒီယိုအစီအစဉ်ဌာနဖြစ်တဲ့ အာရ်အက်ဖ်အေ မြန်မာပိုင်းကိုလည်း သည်လို အသံလွှင့်ပေးတာကို ကျေးဇူးတင်ပါတယ်။ စာမူတွေကို ခွင့်ပြုပေးသူ စာရေးဆရာ ကဗျာဆရာ အောင်ဝေးကိုလည်း ကျေးဇူးတ်ပါတယ်။ စာအုပ်ရဲ့ သရုပ်ဖော်ပုံတွေ မေတ္တာဖြင့် ရေးဆွဲပေးသူ ပန်းချီ အောင်လတ်ကိုလည်း သည်နေရာက မှတ်တမ်း တင်လိုက်ပါတယ်။
အမှတ်တရအနေနဲ့ ဒီစာအုပ်ကလေးကို အီးဘုတ်လုပ်ဖြစ်တဲ့ နေရာမှာ ၁၉၈၈ – ၈ လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးမှာ ပါဝင်ကြသူတွေ ဖြစ်တဲ့ စာပေနဲ့ အနုပညာနယ်ထဲက သက်ဝါကြီးသူတွေ၊ ခေတ်ပြိုင်တွေအကြောင်းကို အောင်ဝေးက ၎င်းရှုထောင့်က ချယ်မှုန်းပြထားတာမို့ သမိုင်းမှတ်တိုင်လည်းဖြစ်၊ ရသမှတ်တမ်းလည်း ဖြစ်ပါတယ်။ နောက်ပြီး တိုက်တိုက်ဆိုင်ဆိုင် ၂၀၁၀ မေလ ၂၇ ရက်မှာ ၁၉၈၈ အရေးတော်ပုံရဲ့ ရလဒ်ကြီးတခုဖြစ်တဲ့ မြန်မာပြည်၏ ၁၉၉၀ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲ ကျင်းပခဲ့တာ အနှစ် ၂၀ မြောက်လည်း ဖြစ်နေပါတယ်။ ပြည်သူလူထုရဲ့ ပါတီ – ၉၀ ရွေးကောက်ပွဲ အနိုင်ရ ပါတီ – အင်န်အယ်ဒီပါတီဟာ အဲသည် ရွေးကောက်ပွဲကို မဲအများဆုံး အနိုင်ရခဲ့တာ အနှစ် ၂၀ ရှိခဲ့ပေမယ့် စစ်အာဏာရှင်တွေဟာ ယခုထက်ထိ တိုင်းပြည်အာဏာကို စွန့်လွှတ်ဖို့ ငြင်းဆန်နေခဲ့တာလည်း ယခု အချိန်ထိပါပဲ။
အဲဒါကြောင့် ယခု အောင်ဝေးရဲ့ “အရေးတော်ပုံရင်ခုန်သူများ” ဆောင်းပါးစုစည်းမှုကို အီး-ဘုတ် အနေနဲ့ ထုတ်ဝေတဲ့နေရာမယ် – ယခု အင်န်အယ်ဒီရဲ့ ၁၉၉၀ ရွေးကောက်ပွဲ အောင်ပွဲ အနှစ် ၂၀ အထိမ်းအမှတ်အဖြစ် အလေးပြုတဲ့ အထိမ်းအမှတ်အဖြစ် မိုးမခက ဖြန့်ချိလိုက်ပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts