>2010 Citizen of Burma Award – working committee published financial report

>

 ၂၀၁၀ ခုနှစ် အတွက် ပြည်သူ့ဂုဏ်ရည် ချီးမြှင့်ဂုဏ်ပြုခြင်း အစီအစဉ်၏ ငွေစာရင်းရှင်းတမ်း ထုတ်ပြန်
မိုးမခအထောက်တော် ၀၀၂
မေ ၂၁၊ ၂၀၁၀
ယခုနှစ်အတွက် အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည့် ပြည်သူ့ဂုဏ်ရည် ဆုပေးခြင်းနှင့် ဂုဏ်ပြု အခမ်းအနား စီစဉ် ဆောင်ရွက်မှု အားလုံး အတွက် ငွေစာရင်း ရှင်းတမ်းကို ၂၀၁၀ ဖြစ်မြောက်ရေး ကော်မတီက ထုတ်ပြန်လိုက်သည်။
စုစုပေါင်း အလှူငွေ အမေရိကန်ဒေါ်လာ – ၁,၅၆၀၉.၉၁ (တသောင်းခွဲ ခြောက်ရာ့ကိုး ဒေါ်လာနဲ့ ၉၁ ဆင့်) ရပြီး ဆုချီးမြှင့်ခြင်း အလှူအဖြစ် ဒေါ်လာ ၁,၁၀၀.၀၀ (တသောင်း တထောင် ဒေါ်လာ) သုံးစွဲခဲ့ပြီး အခမ်းအနား အစီအစဉ် အရပ်ရပ် အတွက် အထွေထွေ ကုန်ကျစာရိတ် – ဒေါ်လာ ၁၉၉၂.၈၄ (၁၉၉၂ ဒေါ်လာ ၈၄ ဆင့်) သုံးစွဲခဲ့သည်ဟု ဆိုသည်။ လက်ကျန်ငွေ ၂၆၁၇.၀၇ ဒေါ်လာ ( ၂၆၁၇ ဒေါ်လာနဲ့ ၀၇ ဆင့်) ကို လာမည့် ၂၀၁၁ နှစ်သစ်တွင် ကျင်းပမည့် ပြည်သူ့ဂုဏ်ရည် ဖြစ်မြောက်ရေး အဖွဲ့သို့ လွှဲပြောင်းပေးမည်ဟု ပဏာမ သဘောတူထားကြောင်း ရေးသားထားသည်။


အိမ်ရှင် အယ်လ်အေမြို့ခံ စေတနာရှင်များ၊ လုပ်အားပေးများသာမက မြို့နယ်အသီးသီးက ၀ိုင်းဝန်းကြသူ အလှူရှင်များ၊ ဖြစ်မြောက်ရေး အဖွဲ့ဝင်များ၏ တန်ဖိုးဖြတ်၍ မရသည့် ထည့်ဝင်မှုများ၊ ဆောင်ရွက်မှုများ၊ ကူညီ အားပေးမှုများကြောင့် ယခုကဲ့သို့ အခမ်းအနားကို ကောင်းမွန်စွာ ကျင်းပနိုင်ခြင်း ဖြစ်ကြောင်း၊ သို့ဖြစ်သည့် အတွက် အထွေထွေ ကုန်ကျစာရိတ်ကို မကုန်မဖြစ် ကုန်ကျရသည့် စာရိတ် ဒေါ်လာ ၂ ထောင်နီးပါးဖြင့် သုံးစွဲနိုင်ခဲ့ခြင်း ဖြစ်ကြောင်း၊ အချိန်တိုတိုအတွင်း စနစ်တကျ သပ်သပ်ရပ်ရပ် ဆောင်ရွက်နိုင်ခဲ့သည့် အတွက် ၀မ်းမြောက်ကြောင်း၊ လိုအပ်ချက် အားနည်းချက်များကို လက်ခံပြုပြင်ပြီး ပိုမို တိုးတက်အောင် ပြင်ဆင်သွားမည် ဖြစ်ကြောင်း ဖြစ်မြောက်ရေး အဖွဲ့ဝင် တဦး ဖြစ်သူ ကိုကျော်ဝဏ္ဏက မိုးမခသို့ ပြောကြားသည်။
“ဥပမာဆိုရင် ၀စ်တီးယားကောလိပ်က ဆရာတွေ၊ ဆရာမတွေက ခမ်းမနဲ့ သက်ဆိုင်တဲ့ အာမခံကြေးတွေ စာရိတ်တွေကို လှူဒါန်းတယ်။ ညနေစာ အကျွေးအမွေးကို ရွှေတြိဂံ စားသောက်ဆိုင်က လှူတယ်။ အိုရီဂွန်က မြန်မာလူငယ်တွေက ကား ၂ စီးနဲ့ လာတာကို ဧည့်ခံဖို့၊ နေရာချထားဖို့အတွက် အားလုံးက ၀ိုင်းဝန်း ကြိုဆိုကြတယ်။ ဦးဂုဏိသရရဲ့ ဘုန်းတော်ကြီးကျောင်းမှာ တည်းခိုခွင့်ရကြတယ်။ ပြောရမယ် ဆိုရင် အများကြီးပဲ။ ဒါတွေက တန်ဖိုး ဖြတ်လို့ မရဘူး။ ဧည့်သည်တွေအတွက် တအိမ် တမျိုး ဟင်းတွေ၊ ထမင်းတွေ၊ စားစရာတွေ ချက်ပြုတ် ဝေငှပြီး ဧည့်ခံကြတယ်။ သောကြာ၊ စနေ၊ တနင်္ဂနွေ ၃ ရက်မှာ မြန်မာပြည်သားချင်း ရိုင်းပင်း ကူညီကြတာကို မြင်ရတာ ၀မ်းသားစရာပါ။ တန်ဖိုးဖြတ်လို့ မရပါဘူး” ဟု ဖြစ်မြောက်ရေး အဖွဲ့ဝင်တဦးဖြစ်သူ မေရီလန်း ထရိုင်စတိတ်က ကိုနေလင်းကလည်း မှတ်ချက်ပေးသည်။
“နောက်ပြီးတော့ ပေးတဲ့ ဂုဏ်ပြုဆုငွေက အလွန်သန့်ရှင်းပါတယ်။ ပြည်ပရောက် မြန်မာတွေက ၀ိုင်းပြီးတော့ တကျပ် တပြား ထည့်ဝင်ကြတာ ဖြစ်ပါတယ်။ တဦးတည်းကနေ ဒေါ်လာ ၁ ထောင်၊ ၂ ထောင် ထည့်ပြီးတော့ လုပ်ရတာမျိုး မဟုတ်ဘူး။ မြန်မာတွေက တယောက်တလက်နဲ့ ခု ဂဏန်း၊ ဆယ်ဂဏန်း လှူကြတာကို စုပေါင်းပြီးတော့ မြန်မာပြည်တွင်းက ပြည်သူ့ဂုဏ်ရည်တွေကို ဂုဏ်ပြု အလှူ လုပ်ရတာပါ။ မြန်မာတွေ အများကြီး ၀ိုင်းပြီး စုလို့ ရတဲ့ ဂုဏ်ပြုငွေပါ။ အလွန် ဂုဏ်ယူပါတယ်။ ပြည်တွင်းက ပြည်သူ့ဂုဏ်ရည် ဆုရှင် ကိုကျော်သူနဲ့ နောက်ဆုံး ဆန်ကာတင် ၄ ဦးကိုပါ ကျနော်တို့ အလေးပြုခွင့် ရတာကို ၀မ်းသာလှပါပြီ။ သူတို့ကလည်း မွန်မွန်မြတ်မြတ် လက်ခံတယ် ဆိုတော့ ကျနော်တို့တတွေကော၊ အလှူရှင်တွေကောက ပြောမပြတတ်အောင် ၀မ်းသာတယ်” ဟု နယူးယောက်က ဖြစ်မြောက်ရေး အဖွဲ့ဝင် တဦးဖြစ်သူ ကိုဝေလကလည်း မိုးမခသို့ ၎င်းအမြင်ကို ပြောကြားသည်။
“ပြည်သူ့ဂုဏ်ရည် ဆုကို ဒေါ်လာ ၇ ထောင်၊ ပြီးတော့ ကျန်တဲ့ ၄ ဦးကို ဒေါ်လာ ၁ ထောင်စီ ဂုဏ်ပြု လှူဒါန်းတယ် ဆိုတော့ ကျမတို့က အရမ်း ကျေနပ်တာပေါ့နော်။ အားလုံးကို ရစေချင်တော့ အဲသလို ဖြစ်မြောက်ရေးအဖွဲ့က စီစဉ်လိုက်တာကို သဘောအရမ်း တူပါတယ်။ ပြီးတော့ ကျမတို့ မြို့က အခု စီးပွားရေး နည်းနည်း ကြပ်တယ် မဟုတ်လား။ တအိမ်တက်ဆင်း အလှူခံရတာပါ။ ပြည်သူ့ဂုဏ်ရည် အတွက် ၅၀၀ ပြည့်အောင်လည်း လုပ်ကြရတယ်။ နောက်ပြီးတော့ ကျမတို့မြို့က ပြည်တွင်းက အန်အယ်ဒီကို ကူညီဖို့၊ နယ်စပ်က ဘ၀တူ ဒုက္ခသည်တွေကို တတ်နိုင်သလောက် ကူဖို့လည်း အမြဲ လုပ်နေကြတာ ဆိုတော့ အခုလိုမျိုး ငွေတွေကို စနစ်တကျ လှူဒါန်းတယ် ဆိုတာကို ဂုဏ်ယူပါတယ်” ဟု ဘတ်ဖဲလိုးမြို့နယ်က ၀ိုင်းဝန်းသူ အလှူရှင်တဦးဖြစ်သူ မသီကလည်း ပြောကြားသွားပါသည်။
ယခုလက်ရှိ ၂၀၁၀ ပြည်သူ့ဂုဏ်ရည် ချီးမြှင့်ဂုဏ်ပြု အခမ်းအနား ရုပ်သံ မှတ်တမ်းကို ယူကျုဗီဒီယို ၀က်ဆိုက်တွင် ၁၀ မိနစ် စာ အပိုင်းငယ်များနဲ့ တင်ဆက်ထားသည်ကို တွေ့နိုင်သည်။ မိုးမခက တင်ဆင်ထားတာကို သည်နေရာမှာ ကြည့်နိုင်သည်။ နေ့စဉ် ဆက်လက် တင်ဆက်ပေးမည်ဟု ဆိုသည်။ ယခု မိနစ် ၄၀ နီးပါးစာ အပိုင်း ၄ ပိုင်း တင်ထားသည်။
၎င်းတို့ ထုတ်ပြန်ချက်မှာ အောက်ပါအတိုင်းဖြစ်သည်။

ပြည်သူ့ဂုဏ်ရည် (Citizen of Burma )
www.citizenofburma.org – P.O Box 1276, Baldwin Park, CA 91706, U. S. A

၂၀၁၀ ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုချီးမြှင့်ခြင်း အစီအစဉ် ငွေစာရင်းရှင်းတမ်း
သတင်းထုတ်ပြန်ချက် ၁၂/ ၂၀၁၀ – နေ့စွဲ မေ ၂၀၊ ၂၀၁၀
၂၀၁၀ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်မိတ်ဆွေများနှင့် နိုင်ငံတကာရောက် မြန်မာမိသားစုများ စုပေါင်း ချီးမြှင့်ကြသည့် ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုချီးမြှင့်ခြင်း အစီအစဉ်ကို ဧပြီလ စတုတ္ထပတ်မှာ အားလုံး အောင်မြင်စွာ ကျင်းခဲ့ပြီး ဖြစ်ပါသည်။ ထို ၂၀၁၀ ပြည်သူ့ဂုဏ်ရည် အစီအစဉ်ကို အနယ်နယ်အရပ်ရပ်က ပြည်သူ့ဂုဏ်ရည်မိတ်ဆွေများ၊ နိုင်ငံတကာက မြန်မာမိသားစုများအားလုံး၏ စေတနာဝန်ထမ်း လုပ်အားဒါန၊ အလှူဒါနများဖြင့် အောင်မြင်စွာ ကျင်းပနိုင်ခြင်း ဖြစ်ကြောင်း မှတ်တမ်းတင်အပ်ပါသည်။
သို့ဖြစ်ပါ၍ လာမည့် ၂၀၁၁ နှစ်သစ်အတွက် ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုချီးမြှင့်ခြင်း အစီအစဉ်များ စတင်အကောင်အထည်ဖော်ခြင်း မပြုမီတွင် အများပြည်သူသို့ အောက်ပါအတိုင်း လက်ခံရရှိသော အလှူငွေများနှင့် သုံးစွဲမှုများ၊ လှူဒါန်းမှုများကို စာရင်းအတိအကျဖြင့် အသိပေးတင်ပြအပ်ပါသည်။
မြို့နယ်များအလိုက် အလှူငွေ လက်ခံရရှိမှုများ – (၀င်ငွေ)
၁။ လော့စ်အိန်ဂျလိစ် ဒေါ်လာ ၆၁၉၀.၀၀
၂။ ဆန်ဖရန်စစ္စကို ဒေါ်လာ ၂၀၀၈.၀၀
၃။ နယူးယောက် ဒေါ်လာ ၁၂၉၈.၉၁
၎။ မေရီလန်း ထရိုင်စတိတ် ဒေါ်လာ ၁၁၁၇.၀၀
၅။ အိုရီဂွန် ဒေါ်လာ ၁၁၀၆.၀၀
၆။ ဘော်စတွန် ဒေါ်လာ ၁၁၀၀.၀၀
၇။ အယ်ဘနီ ဒေါ်လာ ၆၆၅.၀၀
၈။ ဆီယယ်တဲ ဒေါ်လာ ၆၀၅.၀၀
၉။ ဖီးနစ်စ် ဒေါ်လာ ၅၂၀.၀၀
၁၀။ ဘတ်ဖဲလိုး ဒေါ်လာ ၅၀၀.၀၀
၁၁။ ဖို့တ်ဝိန်း ဒေါ်လာ ၅၀၀.၀၀
(အွန်လိုင်း အလှူခံရငွေ ဒေါ်လာ ၂၀၀.၀၀ အပါအ၀င် ဖြစ်ပါတယ်။)
စုစုပေါင်း – ဒေါ်လာ ၁,၅၆၀၉.၉၁ (၀င်ငွေ)
ဂုဏ်ပြုဆု ချီးမြှင့်ခြင်း အလှူငွေများ (ထွက်ငွေ)
၁။ ပြည်သူ့ဂုဏ်ရည် ဆု ဒေါ်လာ – ၇၀၀၀.၀၀
၂။ ပြည်သူ့ဂုဏ်ရည် နောက်ဆုံးဆန်ကာတင် ဂုဏ်ပြု အလှူ တဦးလျင် ဒေါ်လာ ၁ ထောင်နှုန်း (၄ ဦး )
ဒေါ်လာ – ၄၀၀၀.၀၀
စုစုပေါင်း – ဒေါ်လာ ၁,၁၀၀၀.၀၀ (ထွက်ငွေ)
အခမ်းအနားဖြစ်မြောက်ရေး ကုန်ကျငွေများ (ထွက်ငွေ)
၁။ စာပို့ခများ ဒေါ်လာ ၅၃၂.၄၇
၂။ ပုံနှိပ်ခများ ဒေါ်လာ ၈၄၈.၆၂
၃။ အခမ်းအနားသုံး ပုံနှိပ်ခ ဒေါ်လာ ၄၅၄.၆၇
၎။ ကျွေးမွေးဧည့်ခံစာရိတ် ဒေါ်လာ ၁၅၇.၀၈
စုစုပေါင်း – ဒေါ်လာ ၁၉၉၂.၈၄ (ထွက်ငွေ)
ထွက်ငွေ စုစုပေါင်း – ဒေါ်လာ – ၁,၂၉၉၂.၈၄
နောက်ဆုံး လက်ကျန်ငွေ ( ၀င်ငွေ – ထွက်ငွေ) = ၂၆၁၇.၀၇ (အမေရိကန်ဒေါ်လာ)
အထက်ပါ စာရင်းရှင်းတမ်းကို စနစ်တကျ စစ်ဆးအတည်ပြုပေးသော ပြည်သူ့ဂုဏ်ရည် ဖြစ်မြောက်ရေးအဖွဲ့၏ စေတနာဝန်ထမ်း စာရင်းကိုင်၊ စာရင်းစစ် ၂ ဦး ဖြစ်ကြသော မတင်မိုးအေး (မေရီလန်း) နှင့် မမေခရမ်း (ခေါ်) Violet Htoon (ကယ်လီဖိုးနီးယား) တို့ကို ကျေးဇူးတင်ကြောင်း မှတ်တမ်းပြုပါသည်။ လာမည့် နှစ်သစ် ၂၀၁၁ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုချီးမြှင့်ခြင်း အစီအစဉ်ကို ဆက်လက်သယ်ဆောင်မည့် ဖြစ်မြောက်ရေးအဖွဲ့သို့ အထက်ပါလက်ကျန်ငွေကို လွှဲပြောင်းပေးအပ်မည်ဟု ပဏာမ သဘောတူထားပါကြောင်း တင်ပြအပ်ပါသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts