>Po Zaw Zagawa Myay – Burmese Specialist Interview

>

မြန်မာ့အရေး လေ့လာသူ ကိုအာကြီးနဲ့ …
ဖိုးဇော် (စကားဝါမြေ)
မေ ၈၊ ၂၀၁၀
သတင်းကြေငြာသူ။       ။ မြန်မာနိုင်ငံ ဗုံးပေါက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး  နိုင်ငံရေး၊ စစ်ရေး၊ အချစ်ရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွားရေး၊ အိမ်ထောင်ရေး၊ အိမ်သာရေး၊ မိလ္လာရေး၊ နှလုံးထီရေး၊ ကုန်ဈေးနှုန်းရေး  အရေးအကုန်လုံးကိုလေ့လာသူ သုတေသီပညာရှင် ကိုအာကြီးနှင့် တွေ့ဆုံမေးမြန်ခန်း မကြာမကြာ၊ ခဏခဏ၊ ကတီးကတီး ပြန်လည်ထုတ်လွှင့်ချက်ကို ပြသမှာဖြစ်ပါတယ် ခင်ဗျာ။

အမေး။ ။ ကျမ တွေ့ဆုံမေးမြန်းမယ့်သူကတော့ နိုင်ငံရေး၊ စစ်ရေး၊ ပညာရေး၊ စီးပွားရေး၊ အိမ်ထောင်ရေး၊ လူမှုရေး၊ အိမ်သာရေး၊ မိလ္လာရေး၊ နှလုံးထီရေး၊ ဗေဒင်လက္ခဏာရေး၊ ကုန်ဈေးနှုန်းရေးများကိုလေ့လာသူ သုတေသီပညာရှင် ကိုအာကြီးပဲ ဖြစ်ပါတယ်။
အာကြီး။         ။ ကိုယ့်ကိုကိုယ် ဘွဲ့ထူးတွေများလို့ များမှန်းတောင် မသိဘူး။
အမေး။ ။ ရန်ကုန်မှာ ဗုံးပေါက်တယ်ဆိုတာ သိတယ်နော်။

အာကြီး။         ။ သိတာပေါ့ သုတေသီပညာရှင်လေ။ ကန်တော်ကြီးမှာပေါက်တာလေ၊ တော်တော်နံတယ် ဟုတ်တယ်မဟုတ်လား။
အမေး ။          ။ မှားနေတယ် ထင်တယ်။
အာကြီး ။        ။ မမှားပါဘူး၊ ယမ်းစော်နံတယ်လို့ပြောတာ၊ သုတေသီပညာရှင်ပါ။
အမေး ။          ။ ကိုအာကြီးရှင်၊ ဗုံးက ဘာကြောင့်ပေါက်တယ်လို့ယူဆပါသလဲရှင်။

အာကြီး။         ။ ရှင်းရှင်းလေးပဲ၊ ဗုံးပေါက်တာက စနက်တံဖြုတ်လိုက်လို့ပေါက်တာလေ၊ ဟုတ်တယ် မဟုတ်လား။

အမေး။ ။ မှန်လိုက်တာရှင် (သေး) သွေးထွက်အောင်ကိုမှန်တာ၊ ဒါနဲ့ ဗုံးကို ဘယ်သူသယ်လာတယ်လို့ ထင်ပါသလဲရှင်။
အာကြီး။         ။ ပုံးသယ်လာတဲ့သူက ရေထမ်းသမားပဲပေါ့။

အမေး။ ။ လက်ပစ်ဗုံးကိုပြောတာ ရေပုံးမဟုတ်ဘူးလေ၊ ဒီလိုပါ ဒီဗုံးကို ဘယ်လိုသယ်လာသလဲဆိုတာ သိချင်တာ။

အာကြီး။         ။ ရှင်းရှင်းမေးမှပေါ့၊ လက်ပစ်ဗုံးကို ဘယ်လိုသယ်လာသလဲဆိုတော့ သူက လိုင်းကားနဲ့ သယ်တာလည်း ဖြစ်နိုင်တယ်။ ကကနဲ့ သယ်တာလည်း ဖြစ်နိုင်တယ်၊ ဆိုက္ကားနဲ့ သယ်တာလည်းဖြစ်နိုင်တယ် ဟုတ်တယ် မဟုတ်လား။


အမေး။ ။ စက်ဘီးနဲ့ကော မဖြစ်နိုင်ဘူးလားရှင်။

အာကြီး။         ။ ကျနော်မေ့သွားလို့၊ ဒါလည်းဖြစ်နိုင်တယ်။

အမေး။ ။ ကိုအာကြီးရှင်၊ ဗုံးခွဲတဲ့သူ ဘယ်သူဖြစ်နိုင်သလဲ။

အာကြီး။     ။ ဗုံးခွဲတဲ့သူက … … လူပဲဖြစ်ရမယ်၊ အဲဒါ ရှူးဝါးပဲ … ခြင်လည်း မဖြစ်နိုင်ဘူး၊ ယင်လည်း မဖြစ်နိုင်ဘူး၊ ပုရွက်ဆိတ်လည်း မဟုတ်ဘူး … ခွေးလည်း မဖြစ်နိုင်ဘူး။ လူမှ လူစစ်စစ်ဗျ။

အမေး။ ။ ကိုအာကြီးက သုတေသီပညာရှင်ဆိုတော့ ဗုံးအကြောင်းကို သေသေချာချာသိမှာပေါ့၊ ဗုံးအကြောင်းကိုသိအောင် ရှင်းပြပါအုံးရှင်။

အာကြီး။         ။ သိတာပေါ့ ရေထမ်းပုံးက (၃၀၀၀)လောက်ရှိတယ်၊ ကော်ပုံးက ဈေးနည်းနည်း ချိုတယ်၊ ပုံးသေးသေးလေးကျတော့ ဆားတို့၊ အချိုမှုန့်တို့ ထည့်လို့ရတယ်။

အမေး။ ။ ဗုံးအကြောင်းကိုရှင်းပြပေးတဲ့ နိုင်ငံရေး၊ စစ်ရေး၊ ပညာရေး၊ စီးပွားရေး၊ အိမ်ထောင်ရေး၊ လူမှုရေး၊ အိမ်သာရေး၊ မိလ္လာရေး၊ နှလုံးထီရေး၊ ဗေဒင်လက္ခဏာရေး၊ ကုန်ဈေးနှုန်းရေးများကို လေ့လာသူ သုတေသီ ပညာရှင် ကိုအာရွှီးကို ကျေးဇူးတင်ပါတယ်ရှင်။


အာကြီး။         ။ ကျနော်ကလည်း ဘွဲ့ထူးတွေ အများကြီးပေးတဲ့ ညီမလေးတို့ကိုလည်း ကျေးဇူးတင်ပါတယ်… …