>Shwedagon Pagoda – Kason Full Moon Festival with less audience

>

ရွှေတိဂုံ ကဆုန်ညောင်ရေသွမ်းပွဲတော် ယခင်နှစ်ကထက် စည်ကားမှုနည်းပါး

မိုးယံမခ၊ ဓာတ်ပုံသတင်း
ဧပြီ ၂၈၊ ၂၀၁၀
ရန်ကုန်မြို့ရဲ့ ကျက်သရေဆောင် ရွှေတိဂုံရင်ပြင်တော်မှာ ယမန်နေ့ နေ့ခင်းပိုင်းကစပြီး ညောင်ရေသွန်းကြတဲ့ ဘုရားဖူးတွေနဲ့ စည်ကားခဲ့ပါတယ်။ ရင်ပြင်တော်ပေါ်မှာ မဟာဗောဓိညောင်ပင်များကို အရှေ့တောင်ထောင့်၊ အနောက်တောင်ထောင့်၊ အနောက်မြောက်ထောင့်တို့မှာ စိုက်ပျိုးပူဇော်ထားရှိပါတယ်။ အရှေ့တောင်ထောင့်မှာ ရှိတဲ့ မဟာဗောဓိ ညောင်ပင်မှာ ညောင်ရေသွန်းတဲ့သူတွေ ပိုမိုများပြားပါတယ်။

 

ကဆုန်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တိုင်းအတွက် အထွတ်အမြတ်ထားရာ နေ့တနေ့ပါ။ ဘုရားဖြစ်ဖို့ ဗျာဒိတ်ရတဲ့နေ့၊ ဖွားတော်မူတဲ့နေ့၊ ဘုရားအဖြစ်ရောက်တဲ့နေ့၊ မဟာဗောဓိပင် ပေါက်ခဲ့တဲ့နေ့၊ ပရိနိဗ္ဗာန် စံတဲ့နေ့၊ စတဲ့ အလေးအမြတ် ပြုစရာ ဂုဏ်အင်တွေ ရှိခဲ့ပါတယ်။ ဒါကြောင့်မို့ ကဆုန်လပြည့်နေ့ရောက်တိုင်း ဗုဒ္ဓဘာသာဝင်တွေဟာ မဟာဗောဓိညောင်ပင်ကို ညောင်ရေသွန်းခြင်းဖြင့် ကောင်းမှုကုသိုလ်အကျိုး ခံစားရတယ်လို့ ယုံကြည်ကြပါတယ်။

         “ဒီနေ့ မနက်ပိုင်းက ညောင်ရေသွန်းတဲ့သူ တော်တော်နည်းတယ်။ နေ့ခင်းပိုင်း ၃ နာရီကျော်မှ ပိုများလာတာ။ ဒီနှစ်က  ရာသီဥတု အရမ်းပူလို့ အပြင်သိပ်မထွက်ချင်ကြတာလဲ ရှိမယ်။ သင်္ကြန်တုံးက ဗုံးကွဲတဲ့ အရှိန်နဲ့ မထွက်ကြတာလဲ ဖြစ်မှာပေါ့။ မနှစ်ကလောက်တော့ မစည်တာ အမှန်ပဲ။”

          ဆိုပြီး ရင်ပြင်တော်ရဲ့ အရှေ့တောင်ထောင့်က မဟာဗောဓိညောင်ပင်မှာ ညောင်ရေသွန်းဖို့ ရေရောင်းရတဲ့ ဘုရားအကျိုးဆောင်တဦးက ပြောပါတယ်။

          
         “ဒီနေ့က ကဆုန်လပြည့်နေ့ဖြစ်ပြီး နေ့ခင်းဘက်မှ ဘုရားကို သွားတဲ့အခါ အော်ဒါရတယ်။ လူတွေက စီးပွားရေးကြပ်တယ် မဟုတ်လား လိုင်းကားပဲ တိုးစီးကြတာပေါ့။ နေ့ကြီး ရက်ကြီးမို့လို့ ကောင်းကောင်းသုံးမယ်၊ တက္ကစီ စီးမယ် ဆိုတဲ့သူ နဲတယ် ဗျ။” ဆိုပြီး ပြောတာကတော့ ဘုရားကို ဧည့်သည်လာပို့တဲ့ တက္ကစီဒရိုင်ဘာတယောက်ရဲ့ စကားသံပါ။

          သင်္ကြန်မှာ ဗုံးကွဲခဲ့တာကြောင့် အများစုဟာ လူစည်ကားရာ နေရာတွေကို သွားရမှာ စိုးရိမ်နေကြပြီး အကြမ်းဖက်မှုတရားခံ ဖော်ထုတ်ရေးနဲ့ ပတ်သက်လို့ တက္ကစီဆရာက အခုလို ဆက်ပြောပါတယ်။
“ကျနော်ကြည့်ဖူးတဲ့ ပေါ်လစီကားတခုထဲမှာ မင်းသား နိုင်းနိုင်းတို့က အင်တာပို (Interpol) ဆိုပြီး နိုင်ငံခြားနဲ့ ပူးပေါင်းပြီး မှုခင်းတရားခံဖော်ထုတ်တာတွေ ရိုက်ပြတာပဲ။ အရင် အက်စ်တူး – ဦးတင်ဦးရဲ့သမီး ဂျပန်က ပါဆယ်ဗုံး ထိတော့ ဂျပန်က တရားခံဖော်ထုတ်ဖို့ မြန်မာထောက်လှမ်းရေးနဲ့ ပူးပေါင်းမယ် ပြောတော့လည်း သူတို့ စစ်အစိုးရက လက်မခံခဲ့ဘူးလို့ ကြားတာပဲဗျ။ ဗုံးကွဲတိုင်း တရားခံမပေါ်တော့ လူတွေက ကြောက်ပြီး အပြင်သိပ်မထွက်ကြတာလဲ သဘာဝကျပါတယ်”

ဗုဒ္ဓဘာသာဝင်များအဖို့ မြတ်စွာဘုရားကိုယ်စား မဟာဗောဓိပင်ကို စိုက်ပျိုးပူဇော်ကြတယ်လို့ အဆိုရှိပါတယ်။ အဲဒီလို ပူဇော်ခြင်းအားဖြင့် ရရှိလာတဲ့ အကျိုးကျေးဇူးတွေကို ကဆုန်ညောင်ရေသွန်းပွဲတော်ကို ကြွလာတဲ့ သံဃာတော်တပါးက အခုလို မိန့်ဆိုခဲ့ပါတယ်။

“မဟာဗောဓိပင်ကို စိုက်ပျိုးခြင်းအားဖြင့် မဟာဗောဒိပင်ကို ညောင်ရေသွန်းခြင်းအားဖြင့် တရားတော်မှာတော့ နတ်စည်းစိမ်ခံရမယ်၊ စကြာ်မင်း ဖြစ်မယ်၊ အပယ်တံခါးပိတ်မယ် ဆိုတာတွေ ရှိပါတယ်။ ဘုန်းကြီးအနေနဲ့ကတော့ ရန်သူမျိုး ၅ ပါး စက်ကွင်းက လွတ်ကင်းတယ် ဆိုရင်ပဲ ကျေနပ်ပါတယ် ဒကာကြီးရာ …”


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts