>Rangoon Street Journalist – View from Rangoon – April 4th Week

>

ရန်ကုန်ရှုခင်း ဧပြီလ စတုတ္ထပတ်
လမ်းလျှောက်ဂျာနယ်လစ်၊ ရန်ကုန်
ဧပြီ ၂၆၊ ၂၀၁၀
ဗုံးလန့်တဲ့ ရန်ကုန် သို့မဟုတ် ဗုံးနိုင်ငံရေး
သင်္ကြန် အကြတ်နေ့ ရန်ကုန်ကန်တော်ကြီးစောင်း မှာပေါက်ခဲ့တဲ့ ဗုံးကြောင့် နောက်ပိုင်းရက်တွေမှာ မကြာခဏ ဗုံးလန့်နေတာ ကြားသိနေရပါတယ်။ သင်္ကြန်အကြတ်နေ့ နောက်တရက်ကျော် ၁၇ရက်နေ့ ည၁၀နာရီ ၀န်းကျင်မှာ အထက် ပန်းဆိုးတန်းလမ်းနဲ့ ဒေါ်သိန်းတင်လမ်းဒေါင့်မှာ ဖွင့်လှစ်ထားတဲ့ ရွှေလီလှိုင်း အသားကင်ဆိုင်မှာ ဗုံးပေါက်တယ်ဆိုတဲ့ သတင်းထွက်ပေါ်ခဲ့ပါသေးတယ်။ အဲဒီလို သတင်းထွက်ပေါ်ပြီး နောက်တပတ် အင်္ဂါ ၂၀ ရက်နေ့ နေ့ခင်းမှာလည်း  ယုဇနပလာဇာမှာ ဗုံးပေါက်တယ်ဆိုတဲ့ သတင်းထွက်ပေါ်လာ ပါသေးတယ်။ မီဒီယာမှ သတင်းထောက်တွေ အဆိုပါ ဗုံးသတင်းကြားလို့ ပလာဇာကို ဖုန်းဆက်လှမ်း မေးကြရပါတယ်။ မဟုတ်မှန်းသိတော့မှ စိတ်အေးသွားကြပါတယ်။ အဲဒီနောက် ယခုရက်ပိုင်း အတွင်းမှာလည်း စီးတီးမတ်ရဲ့ ကုန်တိုက်ဖြစ်တဲ့ ကိုးမိုင်အိုးရှင်းမှာ ဗုံးပေါက်တယ်ဆိုတဲ့ သတင်းထပ်ထွက်လာပါ သေးတယ်။
ရန်ကုန်တစ်မြို့ထည်းတင် ဗုံးလန့်တာမဟုတ်ပါဘူး။ စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော်မှာလည်း ယခုရက်ပိုင်း ဗုံးလန့်တယ်လို့ နေပြည်တော်က လာတဲ့ သတင်းတွေအရ သိရှိရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကတင်ပဲ နေပြည်တော် ဟိုတယ်ဇုန်က မြတ်တော်ဝင် ဟိုတယ်မှာ ဗုံးတွေ့တယ်ဆိုတဲ့ သတင်းထွက်ပေါ်ခဲ့ပြီး ဟိုလှမ်းမေး၊ ဒီလှမ်းမေးနဲ့ ဟုတ်မဟုတ် အတည်ပြုကြ မေးကြရတယ်လို့ ကြားသိရပါတယ်။
သင်္ကြန်အကြတ်နေ့မှာ ပေါက်ခဲ့တဲ့ ဗုံးရဲ့ လက်သည်ဟာ ဘယ်သူဆိုတာကို ဖေါက်တဲ့သူ၊ အဖွဲ့အစည်းက မကြေညာသလို လုံခြုံရေးတာဝန်ယူထားတဲ့ နအဖ အစိုးရကလည်း ဘာအချက်အလက်တခုမှ ထုတ်ပြန်ကြေညာတာ မလုပ်သေးပါဘူး။ ဗုံးခွဲသူကို သတင်းပေးနိုင်ရင် ဆုငွေ ၁၀ သိန်းပေးမယ်လို့ ရန်ကုန်မှာ ကြေညာချက် ထုတ်ထားပါတယ်။ ဘယ်သူဘယ်ဝါ ဆိုတာ အတိအကျ မသိသေးတဲ့ သဘောလည်း ဖြစ်နိုင်သလို ဘယ်အဖွဲ့လက်ချက်ဆိုတာ ခန့်မှန်းနိုင်ပေမယ့် လက်ရဖမ်းဆီးနိုင်ခြင်း မရှိလို့ ယခုလို ကြေညာတာလည်း ဖြစ်ပါလိမ့်မယ်။
ယခု ဗုံးကွဲတဲ့ အဖြစ်အပျက်ကို လက်ရှိ နိုင်ငံရေး အခြေအနေနဲ့ဆက်စပ်ပြီး စဉ်းစားပြီးဗုံးရဲ့ နောက်ကွယ်မှာ နအဖ အစိုးရဖြစ်နိုင်တယ်လို့ မှန်းဆတာမျိုးလည်း ရှိပါတယ်။ ဗုံးကွဲမှုတွေ၊  ဗုံးလန့်မှုတွေကို အကြောင်းပြပြီး နိုင်ငံရေး အတိုက်အခံ တွေထဲက တချို့ကို ဖမ်းဆီးထောင်ချချင်တာ၊ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းချင်တဲ့ရည်ရွယ်ချက်မျိုး ရှိလိမ့်မယ်လို့ ယူဆကြပါတယ်။ အဲဒီအယူအဆ အတိုင်းဆိုရင်တော့ ယခုဗုံးလန့်တာ တွေဟာလည်း နအဖအစိုးရက နောက်ကွယ်မှာ စီစဉ်ပြီးထုတ်လွှင့်တဲ့ သတင်းတွေဖြစ်လိမ့်မယ် လို့ဆိုရမယ့် သဘောဖြစ်နေပါတယ်။
အပူဆုံးနှစ် တစ်နှစ်
အယ်နီညိုအကျိုးသက်ရောက်မှု ရှိမယ့် နှစ်တနှစ်လို့ မိုးလေ၀သ ပညာရှင်တွေက ယခုနွေရာသီကို ကြိုတင်ခန့်မှန်းခဲ့ သလိုပဲ ယခုနှစ် နွေရာသီဟာ ပိုမိုပူပြင်းပြီး ရန်ကုန်မှာ မိုးတပေါက်မှ မရွာသေးပါဘူး။ ပိတောက်လည်း ယခုထိ များများစားစား မပွင့်သေးပါဘူး။ မြန်မာပြည် အထက်ပိုင်း ဒေသတွေမှာ ဧပြီလရဲ့  ပျှမ်းမျှအပူချိန် ထက် ၃၊ ၄ဒီဂရီ စင်တီဂရိတ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့ တနသာင်္ရီတိုင်းတွေမှာ ၆၊ ဒီဂရီစင်တီ ဂရိတ်အထိ မြင့်တက်လျက်ရှိပြီး ကချင်ပြည်နယ်သာ ပျှမ်းမျှအပူချိန်အောက် လျော့နည်းနေတယ်လို့ မိုးလေ၀သ သတင်းထုတ်ပြန်ချက် အရသိရပါတယ်။
ရန်ကုန်မြို့နေ လူထုအနေနဲ့ နံနက်ခင်းနှောင်းပိုင်းနဲ့ မွန်းလွဲပိုင်းတွေမှာ မထွက်လို့ ဖြစ်တဲ့ကိစ္စဆို အပြင်မထွက်ကြပဲ နေနည်းနည်းစောင်းတဲ့ ၄နာရီ ၅နာရီလောက်မှ သွားလာလှုပ်ရှားကြပါတယ်။ သို့ပေမယ့် လမ်းဘေးဈေးရောင်းရသူ၊ ဆောက်လုပ်ရေး လုပ်သား၊ ပို့ဆောင်ရေး လုပ်သားတွေဖြစ်တဲ့ ကားသမားတွေကတော့ နေဘယ်လောက်ပူပူ သွားကြရလာကြရတာပါ။
နေ့လည်နေ့ခင်းတွေမှာ ဆိုရင် လေအေးပေးစနစ် ရှိတဲ့ ကုန်တိုက်လို ရှော့ပင်းစင်တာလို ကော်ဖီဆိုင်လိုနေရာတွေမှာ လူအ၀င်များတာ တွေ့ရပါတယ်။ စီးတီးမတ်ရဲ့ အိုးရှင်းလိုနေရာမျိုး၊ စိန်ဂေဟာလို ရှော့ပင်းစင်တာမျိုးနဲ့ ဂျေဒိုးနတ်လို ကော်ဖီဆိုင်တွေမှာ အပူဒဏ်သက်သာအောင် ရှောင်ရင်းနားရင်း ထိုင်နေကြတာပါ။
ကိုယ့်အိမ်ကိုယ့်ရာမှာတော့ အဲယားကွန်းတပ်ဆင်နိုင်တောင်မှပဲ လျှပ်စစ်မီးမလာတဲ့ အချိန်ကများနေတာမို့လို့ သက်တောင့်သက်သာ မနေနိုင်ကြပါဘူး။ ဒီကြားထဲ ရန်ကုန်မှာသုံးရေလုံလောက်ဖို့အတွက် နေ့စဉ် ဂရုစိုက်ဖြည့်နေကြရပါတယ်။ ညသန်းကောင် မီးလာရင် ညသန်းကောင်ထပြီး ရေစုပ်တင်ကြရ၊ စောင့်ပြီးဖြည့် နေကြရတဲ့ အနေအထားဖြစ်ပါတယ်။
ရန်ကုန်မြို့လည်မြို့နယ်တွေမှာ ကြံ့ဖွံ့အလံထူပြီး တူးဖေါ်ထားတဲ့ စက်ရေတွင်းတွေကိုတော့ ယခုအထိ သုံးစွဲဖို့ အခွင့်အလမ်းမပေါ်သေးပါဘူး။ အခွင့်အလမ်းမပေါ်သေးတာကိုပဲ ကျေးဇူးတင်ရမှာပါ။ ကြံ့ဖွံ့ရဲ့ စက်ရေတွင်းကိုသုံးစွဲရမယ်ဆို ရေအရည်အသွေးမကောင်းတာ ပထမအချက်နဲ့ ကိုယ့်အိမ်ကို ကိုယ့်အစီအစဉ်နဲ့ သယ်ယူသုံးစွဲရမယ့် အချက်ကြောင့် အဲဒီလို အခွင့်အလမ်းမျိုးမပေါ်ပါစေနဲ့ လို့ရန်ကုန်မြို့ခံတွေက ဆုတောင်းနေကြ ပါတယ်။
ယခင်လတွေတုန်းက ထီးမဆောင်းသူ လူငယ် အမျိုးသားတွေတောင်မှ ယခုသီတင်းပတ်တွေ မှာတော့ နေ့ခင်းဘက် အပြင်ထွက်ရင် နေအပူရှိန်ဒဏ်မခံနိုင်လို့ ထီးဆောင်းပြီး သွားလာကြတာ မြင်တွေ့ နေကြရပါတယ်။ ရန်ကုန်မြို့မှာ တနေရာမှ တနေရာသွားလိုရင် ယခင်လတွေက တိုက်ရိပ်ကိုခိုပြီး သွားလာနိုင်ခဲ့ ပေမယ့်အခုလမှာတော့ တိုက်ရိပ်ခိုဖို့ရာ ပိုခက်ခဲလာသလို နံနက်ခင်း ၉နာရီကနေ နေပူဒဏ်စပြီး ပြင်းထန်လာလိုက်တာ ညနေ ၅နာရီ အထိဖြစ်တယ် လို့မြို့ခံတွေကပြောကြပါတယ်။
နအဖ အစိုးရရဲ့ ၀ါဒဖြန့်ချိရေး ကျဆုံးလုနီးပါး အခြေအနေရောက်
သင်္ကြန်ဗုံးကွဲပြီးနောက်မှာ အစိုးရရဲ့ သတင်းစာတွေ၊ ရုပ်သံလိုင်းတွေကနေ ဗုံးဖေါက်ခွဲတဲ့ လက်သည်တရားခံကို စွပ်စွဲချက်အမျိုးစုံ တိုက်ခိုက်တဲ့ စကားလုံးများစွာနဲ့ ၀ါဒဖြန့်ရှုတ်ချနေတာ တွေ့ရပါတယ်။ ဗုံးခွဲတဲ့လုပ်ရပ်ဟာ ဘယ်သူမှ လက်မခံကြတာ အမှန်ပါပဲ။ ဒိထက် အရေးကြီးတာက ဗုံးကွဲတဲ့ အဖြစ်အပျက်နဲ့ ပတ်သက်ပြီး စုံစမ်းသိရှိ ရတဲ့အချက်အလက်တွေကို လူထုကို မှန်မှန်ကန်ကန် အသိပေးဖို့ပဲ ဖြစ်ပါတယ်။ မြန်မာပြည်လူထုဟာ စစ်အစိုးရကို နကိုကတည်းက ယုံကြည်မှု မရှိတာကြောင့် ယခုအဖြစ်အပျက်မှာလည်း အမှန်က ဘာလဲဆိုတာကို သိရှိလိုတာကြောင့်  အစိုးရမီဒီယာထက် ပြင်ပသတင်းမီဒီယာ တွေကိုစောင့်နားထောင်ကြပြီး မှန်းဆတွေးတော နေကြတာကိုတွေ့ရပါတယ်။
စစ်အစိုးရအနေနဲ့ ဒဏ်ရာရသူများထဲမှ အမျိုးသားနှစ်ဦး ထပ်မံသေဆုံးတယ် ဆိုတဲ့အချက်ကို ယနေ့ထုတ် (ဧပြီ ၂၄ရက်) သတင်းစာကျမှ ထုတ်ပြန်ကြေငြာပါတယ်။ တနေ့က ထွက်တဲ့ လျှပ်တပြက်မှာနဲ့ မနေ့က ထွက်ရှိတဲ့ The Voice ဂျာနယ်တွေမှာ ဒဏ်ရာရသူများထဲမှ နောက်ထပ်သေဆုံးမှု ရှိတယ်ဆိုတာဖေါ်ပြပြီးမှ အစိုးရသတင်းစာက နောက်ကလိုက်ကြေငြာတာပါ။
သေဆုံးတဲ့ စာရင်းကိုလည်း အစိုးရက ၈ဦးထဲ ဖေါ်ပြပေမယ့် အမှန်တကယ် သေဆုံးတာ ၂၀ ဦးအထိရှိတယ်လို့ ရဲနဲ့ နီးစပ်တဲ့ သတင်းရပ်ကွက်က ဆိုပါတယ်။ ယခုဗုံးကွဲမှုသတင်းကို ဂျာနယ်တွေမှာ ဖေါ်ပြဖြစ်အောင် စိစစ်ရေးက အားပေးအားမြှောက်ပြုနေသည့်တိုင် သတင်းအချက်အလက် မှန်ကန်တိကျစွာဖေါ်ပြခွင့် ရှိဖို့မလွယ်လှသေးပါဘူး။
ဒါကြောင့်လူထုက အစိုးရမီဒီယာ တွေဖြစ်တဲ့ ရုပ်သံနဲ့ သတင်းစာကို အတည်မယူကြတာ ဖြစ်ပါတယ်။ ရန်ကုန်မြို့ပုဂ္ဂလိက ဆေးခန်းတစ်ခန်းမှာ အလုပ်လုပ်နေတဲ့ သူနာပြုဆရာမ တဦးက ဗုံးကွဲတဲ့ဖြစ်ရပ်မှာ လူ၁၀၀ကျော် သေတယ်လို့ သူကြားရတဲ့အကြောင်း ပြောပါတယ်။ ဘယ်ကနေသိရတာလဲလို့ သူ့ကိုမေးမြန်းကြည့်တဲ့အခါ ဒီဗီဘီမှာ ကြေညာတယ်လို့ပြောပါတယ်။ သေဆုံးတဲ့အရေအတွက်ကို  နာရေးကူညီမှု အသင်းကကူညီပို့ဆောင်ပေးရတာကနေ သိရတယ်လို့ အဆိုပါ သူနာပြုဆရာမလေးက ဖြည့်စွက် ပြောဆိုပါတယ်။ အဆိုပါ အဖြစ်အပျက်ကိုကြည့်ရင် နအဖ အစိုးရရဲ့ ၀ါဒဖြန့် မီဒီယာ ကိုပြည်သူတွေ အနေနဲ့ ယုံကြည်မှုမရှိကြတော့တဲ့ လက္ခဏာရပ်တွေကို မြင်နိုင်ပါတယ်။
အခြားရှုထောင့် တခုကနေ ကြည့်မယ် ဆိုရင်နအဖ ၀ါဒဖြန့်ချိရေးဟာ စစ်တပ်အတွက်နဲ့ အစိုးရ၀န်ထမ်းတွေကိုသာ ရည်ရွယ်တယ်ဆိုရင်လည်း အဲဒါဟာ အောင်မြင်မှု ပြည့်ပြည့်၀၀ရတယ်လို့ မဆိုနိုင်ပါဘူး။ ဘာလို့လဲဆိုရင် ၀န်ထမ်းအများစုဟာ နအဖရဲ့ ၀ါဒဖြန့်ချိရေးကို ယုံကြည်မှု ရှိနေလို့မဟုတ်ပဲ ဘ၀ရပ်တည်ရေး၊ ရာထူးအနေအထား တည်မြဲရေးအတွက်သာ အထက်က ပြောတာကို နားထောင် နေတဲ့သဘောပါ။ ၀န်ထမ်းတွေ အပါအ၀င် စစ်တပ်ထဲက အရာရှိ အရာခံ တပ်သားတွေအဆုံး လှိုင်းတိုရေဒီယိုနဲ့ ပြည်ပကထုတ်လွှင့်တဲ့ မြန်မာပိုင်း ရေဒီယိုသတင်းတွေကို နေ့စဉ်နားထောင်နေကြလို့ အစိုးရအပြောနဲ့ အဖြစ်မှန်ကွာဟချက်ကို အမြဲသိရှိနေကြလို့ပါပဲ။
လူထုအနေနဲ့ကတော့ အစိုးရထုတ်ပြောတာရဲ့ ပြောင်းပြန်အဓိပ္ပါယ်မျိုး၊ အရေအတွက်ကို ၂ဆတိုးပြီး နားလည်သဘော ပေါက်တာမျိုးဖြစ်နေတဲ့သဘောပါ။ နအဖ အစိုးရက ယခုဗုံးကွဲတဲ့ အဖြစ်ကို နာရီပိုင်းအတွင်း ရုပ်သံနဲ့ အက်ဖ်အမ်မှာ ကြေညာပေးခဲ့တာဟာ နအဖရဲ့ သတင်းထုတ်ပြန်ရေး လုပ်နည်းလုပ်ဟန် ပြောင်းလဲသွားတယ် လို့ယူဆရင်လည်း ယူဆ အဲလိုမှမဟုတ်ရင်တော့ ဒီဗုံးပေါက်ကွဲမှုရဲ့ နောက်ကွယ်မှာ အခြားနိုင်ငံရေး လျှို့ဝှက်ချက်ရှိနေတယ်လို့ပဲ ပြောရတော့မယ့် သဘောဖြစ်ပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts