>Burmese Families from 12 America Cities in solidarity to award "Citizen of Burma"

>

Home အပြည်ပြည်ဆိုင်ရာ မြန်မာမိသားစုများရဲ့ ပြည်သူ့ဂုဏ်ရည်အစီအစဉ် ပူးပေါင်းသည့် မြို့ ၁၂ မြို့ ရှိပြီ
မိုးမခအထောက်တော် ၀၀၂
ဧပြီ ၈၊ ၂၀၁၀
မတ်လ ၂၃ ရက်နေ့က စတင်အသိပေးပြီး ဖိတ်ခေါ်ခဲ့သော ပြည်ပရောက်မြန်မာမိသားစုများ စုစည်းသည့် ပြည်သူ့ဂုဏ်ရည် အစီအစဉ်ဖြင့် ပြည်တွင်းရှိ လူမှုလုပ်ငန်း စေတနာ့ဝန်ထမ်းစွမ်းဆောင်သူများမှ ၂၀၀၉ ခုနှစ်အတွက် စိတ်ဝင်စားသူပရိသတ်၏ မဲအများဆုံး ရရှိသူ တဦးအား (အဖွဲ့အား) ရွေးချယ် ဂုဏ်ပြုမည့် အစီအစဉ်အတွက် ၀ိုင်းဝန်းကြမည့် မြန်မာ့မိသားစုများကိုယ်စားပြု မြို့စာရင်းများမှာ ယခု ၁၂ မြို့အထိ ရှိလာပြီ ဖြစ်ကြောင်း ထုတ်ပြန်ထားသည်ကို တွေ့ရသည်။
နောက်တိုးမြို့များမှာ – အယ်ဘနီမြို့၊ စင်စင်နတီမြို့နှင့် ၃မြို့တွဲ အိုရီဂွန်ပြည်နယ် အဖြစ် ၃ မြို့နယ် ဖြစ်ရာ ယခု မြန်မာများနေထိုင်ရာ အမေရိကန်ရှိမြို့ ၁၂ မြို့၏ အမည်ကို ပြည်သူ့ဂုဏ်ရည် အစီအစဉ်အဖြစ် ကြေငြာနိုင်ပြီ ဖြစ်သည်ဟု ဆိုသည်။
ဧပြီလ ၉ ရက်သည် အမည်စာရင်းတင်သွင်းခြင်း၏ နောက်ဆုံးနေ့ ဖြစ်သည်။ ယခုအပတ်အတွင်း ထပ်မံတင်သွင်းကြသော လူများ၊ ပုဂ္ဂိုလ်များ ဆက်လက် ရရှိနေသည်ဟု ဆိုသည်။ လာမည့် စနေ၊ တနင်္ဂနွေတွင် မြို့အလိုက် ဖြစ်မြောက်ရေး ကိုယ်စားလှယ်များနဲ့ စေတနာရှင်များထံ အမည်စာရင်း ဆန်ကာတင်သမျှကို တင်ပို့ပေးပြီး အတိုက်ဆိုင်ဆုံး လူ ၅ ဦး ကို ဧပြီ ၁၂ ရက်နေ့တွင် ထုတ်ပြန်မည် ဖြစ်သည်။ ဧပြီ ၁၂ မှ ၂၁ အတွင်း အင်တာနက်မဲစနစ်ဖြင့် ပရိသတ်ဆန္ဒအရှိဆုံး တဦးကို ရွေးချယ်ရန် ၀က်ဆိုက်မှာ စီစဉ်ပေးထားမည် ဖြစ်သည်။ ဖြစ်မြောက်ရေးကော်မီတီဝင်များက ၂၂ နှင့် ၂၃ ဧပြီများတွင် နောက်ဆုံး ဆုံးဖြတ်ချက်ကို အတည်ပြုပေးပြီး ဧပြီ ၂၄၊ အယ်လေမြို့ရှိ မြန်မာမိသားစုများက အခမ်းအနားဖြင့် ဂုဏ်ပြုဆုရသူကို ကြေငြာမည် ဖြစ်သည်။
          မြို့အသီးသီးရှိ ဖြစ်မြောက်ရေးကိုယ်စားလှယ်များက အမည်စာရင်းတင်သွင်းမှုများကို ကောက်ခံခြင်း၊ ပြန်ကြားပေးခြင်းနှင့် ဆုချီးမြှင့်နိုင်ရန် အလှူငွေများ လိုက်လံကောက်ခံခြင်းများ ပြုလုပ်လျက် ရှိသည်။
          “ ၂၀၀၉ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည် ချီးမြှင့်ဂုဏ်ပြုတဲ့ အစီအစဉ်ကို ဧပြီလထဲမှာ အချိန်တိုတို အတွင်း စီစဉ်ရတဲ့အတွက်  အားလုံးက အကောင်းဆုံဖြစ်အောင် အတော်ကို ၀ိုင်းဝန်းစီစဉ်နေရပါတယ်။ မြို့နယ်တွေနဲ့ ပ၇ိသတ်တွေက စိတ်ဝင်စားမှုက အတော်ကို အားရစရာ ကောင်းပါတယ်။ တင်ဆက်ရမယ့် ဂုဏ်ယူဖွယ်ရာ မြန်မာများတွေ အများအပြားရှိနေတာကို တွေ့ရတယ်။ ၂၀၁၀ အတွက် ပြည်သူ့ဂုဏ်ရည်အခမ်းအနား ကျင်းပရန်ကို ယခုထက် ပိုမိုလုံလောက်သော အချိန်များ ပိုမိုကောင်းမွန်သော ပြင်ဆင်မှုများနဲ့ ဆောင်ရွက်နိုင်မယ် မျှော်လင့်ပါတယ်။ အခုတောင် ၂၀၁၀ အတွက် ပြည်သူ့ဂုဏ်ရည်အစီအစဉ်အတွက် အခမ်းအနားစီစဉ်လိုတဲ့ မြို့တွေထဲမှာ မိတ်ဆွေ ဆန်ဖရန်စစ္စကိုမြို့နဲ့ နယူးယောက်တို့ က ရှေ့ဆုံးက ရှိနေပုံပဲ …” ဟု စီစဉ်သူမိတ်ဆွေက မိုးမခသို့ ပြောကြားသည်။
          “အခုအချိန်မှာ ပြောချင်တဲ့အချက်ကတော့ ပြည်ပရောက် မြန်မာမိသားစုတွေက ပြည်တွင်းမှာ ရှိနေတဲ့ မြန်မာလူမှုလုပ်ငန်း၊ စေတနာ့ဝန်ထမ်းစွမ်းဆောင်သူတွေကို မြန်မာတွေ အချင်းချင်းက အခုလိုမျိုး လူသိရှင်ကြား စနစ်တကျ၊ စည်းကမ်းတကျ ပြင်ဆင်စည်းရုံးပြီး ခေါင်းစဉ်အမည်တခုသတ်မှဆတ်ပြီး နှစ်စဉ် ဂုဏ်ပြုကြမယ့် အစီအစဉ်ကတော့ ဒီဖက်ခေတ်မှာ ပထမဦးဆုံးလောက် ဖြစ်မယ် ထင်ပါတယ်။ တတ်နိုင်သလောက် စုနိုင်သလောက် တယောက်တလက် ၀ိုင်းလှူကြတာရဲ့ အလှူပမာဏကို စာရင်းနဲ့ တင်ပြမှာ ဖြစ်ပါတယ်။ အွန်လိုင်းပေါ်က လှူတဲ့ မြန်မာတွေကို အလှူခံဖြတ်ပိုင်းနဲ့ အမှတ်တရပို့စကဒ်လေးတွေ ပြန်ပို့ပေးနေပါတယ်။” လို့ ၎င်းက ဖြည့်စွက် ပြောကြားသည်။
          http://www.CitizenOfBurma.org ကို သွားရောက် ကြည့်ရှူနိုင်သည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts