>
နိုင်ငံရေးနဲ့ စာပေအနုပညာ (၆၁)
ယောမင်းကြီး ဦးဘိုးလှိုင်၏ ရာဇဓမ္မ သင်္ဂဟကျမ်း
ထိန်လင်း
ဧျပီၤ ၇၊ ၂၀၁၀
ရွှေပြည်ဝန်ကြီး ဦးဘိုးလှိုင်ရဲ့ စိတ်ဓာတ်ပြတ်သားပုံနဲ့ ဘဝဖြတ်သန်းမှုအကြောင်း ပြောဆိုတဲ့အခါ သူ့ရဲ့ စာပေတွေအကြောင်း ထည့်သွင်းဖော်ပြမှ ပြည့်စုံမှာဖြစ်ပါတယ်။ အထူးသဖြင့် သက်ဦးဆံပိုင် ဘုရင်စနစ်မှာ၊ လူအများ ဗောင်းတော်ညိတ် စိတ်တော်သိ လုပ်နေကြချိန်မှာ တိုးတက်တဲ့ ခေတ်အမြင်၊ အကောင်းဘက် ပြောင်းလဲစေချင်တဲ့ စိတ်ဓာတ်တွေက အဲဒီစာပေတွေမှာ ထင်ဟပ်နေပါတယ်။
ဦးဘိုးလှိုင်နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို အတော်အတန် ပြည့်စုံတဲ့မှတ်တမ်းတွေအဖြစ် အစောဆုံးပြုစုခဲ့တာက မှော်ဘီဆရာသိန်း ဖြစ်မယ်ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ၁၉၃၇ ခုနှစ်မှာ ပထမဆုံးအကြိမ်အဖြစ် ထုတ်ဝေတဲ့ မှော်ဘီဆရာသိန်းရဲ့ ‘မြန်မာ့လွှတ်တော် ဝန်ကြီးမှူးကြီးများ’စာအုပ်မှာ ထင်ရှားသူ ပုဂ္ဂိုလ် ၆ ဦးအကြောင်း ဖော်ပြထားပြီး အဲဒီအထဲက ‘ပခန်းဝန်ကြီး ဦးရန်ဝေး’နဲ့ ‘ယောအတွင်းဝန်မင်း ခေါ် ရွှေပြည်ဝန်ကြီး ဦးဘိုးလှိုင်’တို့အကြောင်းကို အများဆုံး ဖော်ပြထားတာ တွေ့ရပါတယ်။ ဦးဘိုးလှိုင်အကြောင်း ဖော်ပြရာမှာ ခေါင်းစဉ်ငယ်ပေါင်း ၃ဝ ကျော်ခွဲပြီး ဘဝဖြတ်သန်းမှု၊ စာပေများအကြောင်း၊ စိတ်ထားနဲ့ ပညာရှိပုံအကြောင်း၊ ရာထူး ရလိုက် ဆုံးရှုံးလိုက် ဖြစ်ရပုံအကြောင်းတွေ အတော်များများကို မေးမြန်းရှာဖွေပြီး တင်ပြထားတာဖြစ်ပါတယ်။ ဒီဖော်ပြချက်တွေကို ဖတ်လိုက်ရရင် ဦးဘိုးလှိုင် ဘယ်လိုပုဂ္ဂိုလ်လဲဆိုတာ ပိုပြီး သိသွားမှာဖြစ်ပါတယ်။
ဦးဘိုးလှိုင် ပြုစုခဲ့တဲ့ စာပေကျမ်းဂန်များထဲက မြန်မာသက္ကရာဇ် ၁၂၃၄ ခုနှစ်မှာ ပြုစုတဲ့ မဟာသမ္မတ ဝိနိစ္ဆယကျမ်း၊ ၁၂၄ဝ မှာ ပြုစုတဲ့ ရာဇဓမ္မသင်္ဂဟကျမ်းတို့ဟာ နိုင်ငံရေးနဲ့ပတ်သက်တဲ့ ကျမ်းများဖြစ်ပါတယ်။ မဟာသမ္မတ ဝိနိစ္ဆယကျမ်းကို အဂ္ဂသေနာပတိ ပခန်းကြီးမြို့စား ဝန်ကြီးမင်း သတိုးမင်းကြီး မဟာမင်းလှစည်သူ တောင်းပန်ချက်အရ ဦးဘိုးလှိုင်က နေ့ချင်းပြီး ရေးသားခဲ့တာလို့ သိရပါတယ်။ ဒီကျမ်းကို ကိုယ်တိုင်ဖတ်ဖူးချင်လို့ စုံစမ်းပေမယ့် မရခဲ့တဲ့အကြောင်း ‘ယောမင်းကြီး ဦးဘိုးလှိုင် အတ္ထုပ္ပတ္တိနဲ့ ရာဇဓမ္မသင်္ဂဟကျမ်း’ စာအုပ် ပြုစုခဲ့တဲ့ ဆရာမောင်ထင်က ဆိုပါတယ်။
ဒါပေမယ့် သမိုင်းအထောက်အထားတွေကို ကြည့်ခြင်းအားဖြင့် ပုဂံမင်းကို နန်းချပြီး တက်လာတဲ့ မင်းတုန်းမင်းတရားကြီးက ပဉ္စမသင်္ဂါယနာ တင်ပြီးတဲ့အခါ ရှေးထုံးစံနဲ့အညီ မုဒ္ဓွာဘိသိက် ခံယူလိုတယ်၊ ဒီအတွက် နန်းတွင်းက မှူးကြီးမတ်ရာ သေနာပတိတို့ကလည်း ကြိုတင်ပြင်ဆင်ကြမယ်၊ ဒီတော့ ပခန်းကြီးမြို့စား ဝန်ကြီးမင်းက ဦးဘိုးလှိုင်ကို မေးမြန်းမိမယ်၊ အဲဒီကနေ ပြုစုဖြစ်သွားတယ်လို့ ဆရာက သုံးသပ်ပါတယ်။ ဒီစာတမ်းကို စီရင်တဲ့အခါ ဦးဘိုးလှိုင်က လက်ရှိစနစ်ကို ပြုပြင်သွားလိုတဲ့ စိတ်ဆန္ဒရှိလိမ့်မယ် လို့လည်း ဆရာမောင်ထင်က မှန်းဆပါတယ်။
ရာဇဓမ္မသင်္ဂဟကျမ်းကိုတော့ မြန်မာသက္ကရာဇ် ၁၂၄ဝ ပြည့်နှစ် နတ်တော်လဆန်း ၇ ရက်နေ့မှာ ရေးသားပြုစုပြီး သီပေါမင်းကို ဆက်သခဲ့တာဖြစ်ပါတယ်။ ဒီကျမ်းမှာက မင်းကောင်းမင်းမြတ်တွေဟာ ဘယ်လို ကျင့်ကြံ အုပ်စိုးခဲ့တယ်၊ ပြည့်ရှင်မင်းတွေအနေနဲ့ ဘယ်လိုကျင့်ဝတ်တွေကို လိုက်နာရမယ် ဆိုတာတွေကို ဖော်ပြထားတာမို့ ရှင်ဘုရင်အလိုကျ ရေးသားခြင်းမဟုတ်ဘူးဆိုတာ ရှင်းနေပါတယ်။ ပုဂံဝန်ထောက်ဦးတင်ကတော့ ‘သီပေါမင်းကို ဆုံးမသော ကျမ်းဖြစ်သည်’လို့ အဖြောင့်အတိုင်း ရေးသားခဲ့ပါတယ်။
ရာဇဓမ္မသင်္ဂဟကျမ်းဟာ မြန်မာ့နိုင်ငံရေး အတွေးအခေါ်ဟောင်းတွေကို တော်လှန်တဲ့ကျမ်းတစ်စောင် ဖြစ်တယ်လို့ ဆရာမောင်ထင်က သုံးသပ်ပါတယ်။ အထူးသဖြင့် မြန်မာဘုရင်စနစ်ကို ကျမ်းဂန်နဲ့အညီ ဖြစ်စေချင်တဲ့အပြင် ခေတ်နဲ့လျော်ညီအောင်လည်း ပြုပြင်ချင်တဲ့ဆန္ဒရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့် “ရှေး၌ဖြစ်ကုန်သော ဘုရားအလောင်း မင်းကောင်းမင်းမြတ်တို့သည် သတ္တဝါအပေါင်းကို စောင့်ရှောက်ကုန်သကဲ့သို့ ထို့အတူသာလျှင် ငါတို့အရှင် ဆဒ္ဒန်ဆင်မင်းသခင် မင်းတရားကြီးသည် သတ္တဝါအပေါင်းကို မိမိ၏ ရွှေရင်တော်နှစ် သားတော်စစ်ကဲ့သို့ တရားဖြင့် စောင့်ရှောက်တော်မူပါစေ”လို့ ကျမ်းရဲ့ရည်ရွယ်ချက် အနှစ်ချုပ်ကို ဆရာမောင်ထင်က ဖွင့်ဆိုပါတယ်။
ကျမ်းဦးနိဒါန်းမှာလည်း “ရေမြေသနင်း ပြည့်ရှင်မင်းတို့၏ ကျင့်ထိုက် ကျင့်ကောင်းသော တရားစုအပေါင်းကို စီရင်ရေးသား ပြဆိုပါအံ့”လို့ စတင်ခဲ့တာကို တွေ့ရပါတယ်။ ရာဇဓမ္မသင်္ဂဟကျမ်းမှာ ပထမပိုင်းနဲ့ ဒုတိယပိုင်း ဆိုပြီး အပိုင်း ၂ ခု ခွဲခြား ပြုစုထားပါတယ်။ ကျမ်းတခုလုံးကို ခြုံပြောရမယ်ဆိုရင်တော့ ဘုရားဟော ဒေသနာတော်တွေ၊ နီတိတွေကို အကိုးအကားအဖြစ်ဖော်ပြပြီးတဲ့နောက် ခေတ်သစ် ခေတ်ပြိုင် နိုင်ငံတကာက သာဓကတွေကို ယှဉ်တွဲ ဖော်ပြထားပါတယ်။ ဒါကြောင့် ရှေးအဆိုအမိန့်တွေကိုလည်း မလွတ်၊ ခေတ်ကိုလည်း ရှေ့ဆောင်တဲ့သဘောတွေ ပါဝင်နေတာကို တွေ့ရပါတယ်။ တနည်းအားဖြင့် ရှေးခေတ်အဆိုအမိန့် လမ်းညွှန်ချက်တွေက အမြဲတမ်း ခေတ်မီနေတဲ့သဘော ရှိနေပုံနဲ့၊ ကိုယ့်တိုင်းပြည်ပြင်ပမှာ ဘယ်လိုစနစ်မျိုးတွေ ရှိနေပုံကို တင်ပြထားတာ ဖြစ်ပါတယ်။
ရာဇဓမ္မသင်္ဂဟကျမ်း ပထမပိုင်းမှာ မင်းကျင့်တရားတွေကို ဖော်ပြထားပြီး အပရိဟာနိယတရား ၇ ပါး၊ သင်္ဂဟတရား ၄ ပါး၊ လောကပါလတရား စတဲ့ ကျင့်ဝတ်တွေအကြောင်း အကျယ်တဝင့် ရှင်းလင်းရေးသားပါတယ်။ ဒီလို ရှင်းလင်းတဲ့အခါ အနောက်နိုင်ငံသားတို့၏ ညီညွတ်သောအစည်းအဝေးဖြင့် အုပ်စိုးခြင်းစနစ်၊ သင်္ဂဟတရား လေးပါးကို ကျင့်သော သိုးဆောင်းနိုင်ငံ ဆိုတဲ့ ခေါင်းစဉ်တွေနဲ့ ပြင်ပကမBာက အုပ်စိုးပုံ နည်းစနစ်တွေကိုလည်း မိတ်ဆက်ပေးထားပါတယ်။ အနောက်နိုင်ငံက အုပ်ချုပ်ပုံစနစ်ကို ဖော်ပြရာမှာ မင်း၊ မိဖုရား တစ်ယောက် နှစ်ယောက်သော မှူးမတ်တို့သြဇာအာဏာနဲ့ ဘယ်လိုကိစ္စမျိုးကိုမျှ မလုပ်ဘဲ အများရဲ့ဆန္ဒနဲ့ ညှိနှိုင်းဆောင်ရွက်ပုံ၊ အာဏာ ခွဲဝေအုပ်ချုပ်ပုံတွေကို တင်ပြထားပြီး “လောကကို ကောင်းအောင် ပြုလုပ်ရာ၌ တစ်ယောက်နှစ်ယောက် ပြုလုပ်၍မကောင်း၊ အများပြုလုပ်မှ ကောင်းသည်” လို့ ဆိုထားပါတယ်။ ဒါ့အပြင် သစ္စာ၊ ဓမ္မ၊ ဓိတိ၊ စာဂ ဆိုတဲ့ ပစ္စုပ္ပန်လောက နဲ့ တမလွန်လောက ကောင်းရာကောင်းကြောင်း တရားလေးပါးအကြောင်းကိုလည်း ဖွင့်ဆိုထားပါတယ်။
ကျမ်းရဲ့ ဒုတိယပိုင်း အစမှာတော့ ပသေနဒီ ကောသလမင်းကြီးကို မြတ်စွာဘုရား ဟောကြားတဲ့ တေသကုဏ ဇာတ်တော်လာ မင်းတို့ ရှောင်သင့်တဲ့အရာ ၃ ပါးကို ဖော်ပြထားပြီး “မင်းမည်သည်ကား တိုင်းရေးပြည်မှုပြုရာ လက်မွန်အစ ပထမက သာလျှင် မဟုတ်မမှန်ချွတ်ယွင်းသော စကားကိုလည်းကောင်း၊ အမျက်ထွက်ခြင်းကိုလည်းကောင်း၊ ပွဲလမ်းသဘင် အပျော်အပါး ကာမဂုဏ်ကို ခံစား၍ တိုင်းရေးပြည်မှုကို အလေးမပြု၊ ပေါ့လျော့ခြင်းကိုလည်းကောင်း တားမြစ်ရာ၏။ ထိုတရား သုံးပါးကို စောင့်ပြီးနောက်မှ တိုင်းရေးပြည်မှုတို့ကို ပြုရာ၏” လို့ ဆိုထားပါတယ်။
မင်းတွေ သစ္စာရှိဖို့ လိုတဲ့အကြောင်း ဖော်ပြရာမှာလည်း “ကတိသစ္စာ မတည် မကြား၊ မဟုတ်မမှန်သော စကားကို ပြောဆိုတတ်သောမင်း၏ နိုင်ငံသည် မြေသြဇာ မရှိ” လို့ ဆိုထားသလို “စကားမမှန်သော မင်းဟူ၍ ယုံကြည်သူမရှိ။ မကောင်းသော ကျော်စောခြင်းဖြစ်၏။ ။ စင်စစ်မူကား တိုင်းပြည်ပျက်စီးရုံသာမက မဟုတ်မမှန်ပြောဆိုသော စေတီယမင်းကို မြေမျိုသည်။ ။ မဟုတ်မမှန် အပြောတခြား၊ အပြုတခြား မုသာဝါဒ ပြောဆိုတတ်သောသူသည် မည်သည့် မကောင်းမှု အကုသိုလ်တို့မှ ရှောင်ကြဉ်လိမ့်မည် ယုံကြည်ရန် မရှိ” ဆိုတဲ့အကြောင်းကို နိပါတ်တော်လာ ဘုရားဟောကို သက်သေထား ဖော်ပြပါတယ်။
ဒီလိုရှေးအစဉ်အလာနဲ့ ကိုးကားဖော်ပြပြီးတဲ့နောက် အနောက်နိုင်ငံသားတို့ ကတိသစ္စာ စောင့်လေ့ရှိပုံကို ဆက်လက်ဖော်ပြပါတယ်။ အထူးသဖြင့် အများက သဘောတူလို့ ချမှတ်ကတိပြုထားတဲ့ ဥပဒေစည်းမျဉ်းတွေကို ဘယ်လိုပဲဖြစ်ဖြစ် လိုက်နာကျင့်ဆောင်သင့်တယ်လို့ ညွှန်ပြထားတာဖြစ်ပါတယ်။
ရွှေပြည်ဝန်ကြီး ဦးဘိုးလှိုင်ရဲ့ ရာဇဓမ္မသင်္ဂဟကျမ်းဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၃ဝ လောက်က ပြုစုခဲ့တဲ့ကျမ်း ဖြစ်ပေမယ့် အခုထိ ခေတ်မီနေသလို နောင်နှစ်ပေါင်းများစွာအထိ ဆက်လက်ခေတ်မီနေဦးမှာ ဖြစ်ပါတယ်။ လောက ဓမ္မ ၂ ပါးစလုံး ဆက်စပ်ဖော်ပြထားတာမို့ သုတေသီများအနေနဲ့လည်း လေ့လာသင့်တဲ့ ကျမ်းဖြစ်ပါတယ်။ ဒီလို စာပေတွေကို ဖတ်ရှုရပါမှ ဦးဘိုးလှိုင်ရဲ့ ခေတ်မီတဲ့ အတွေးအခေါ်နဲ့ စိတ်စေတနာတွေကို ပိုမိုသိရှိလာမှာ ဖြစ်ပါတယ်။ ။
ထိန်လင်း (၃၊ ၁၁၊ ၂ဝဝ၉)
၂ဝဝ၉ ခုနှစ် နိုဝင်ဘာလ ၆ ရက် နော်ဝေအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ၏ ထုတ်လွှင့်ချက်အား ပြန်လည်ဖော်ပြပါသည်။