>
ကိုလုပ်ရှူရဲ့ မေတ္တာစာ – ဟယ်လရီနဲ့ အိုဘားမား ပြိုင်ခဲ့ကြစဉ်က …
ကိုလုပ်ရှူ
ဧြ့ပီ ၆၊ ၂၀၁၀
အကိုတို့ မိုးမခစာသမားတွေထံ
စာရေးလိုက်ပါတယ်။ သတိရတာလေး တခု ပြောချင်လို့ပါ။ ၂၀၀၈ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ အိုဘားမားနဲ့ ဟယ်လာရီကလင်တန်တို့ သမ္မတလောင်းဖြစ်ရန် အရင်ဆုံး ပါတီဝင်မဲဆန္ဒနယ်တွေမှာ အရွေးပြိုင်ကြပါတယ်။ အဲသည်မှာ တယောက်နဲ့ တယောက် အပြိုင်အဆိုင် ဝေဖန်ပြောဆိုသံတွေ မိုးမွှန်ခဲ့ကြပါတယ်။ ဒါပေမယ့် အများစုက အိုဘားမားကို ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတလောင်းအဖြစ် ရွေးချယ်လိုက်ပြီလို့ ဆိုလိုက်တဲ့အခါ ဟယ်လရီကလင်တန်ဟာ အားမတန်လို့ မာန်လျှော့ရပါတယ်။
နောက်ဆုံး မိန့်ခွန်းမှာ သူမရဲ့ သဘောထားနဲ့ ရပ်တည်ချက်ကို အကောင်းဆုံး အရှုံးသမားအနေနဲ့ ပြောဆိုတင်ပြသွားခဲ့ပေမယ့် ပါတီနဲ့ ပါတီဝင်မဲဆန္ဒရှင်တွေကို မျက်ရည်ခံထိုးပြီး ပြစ်တင်ပြောဆိုခြင်း မရှိခဲ့ပါဘူး။ နောက်ပိုင်း ပြိုင်ဖက် ရစ်ပတ်ဘလစ်ကန်ပါတီနဲ့ သူမပါတီဖက်က အိုဘားမားတို့ အပြိုင်အရွေးခံကြတဲ့အခါ အိုဘားမားဖက်က ရပ်တည် မဲဆွယ်ပေးခဲ့တယ်။ အမေရိကန်ပြည်သူတွေကို ပါတီကို ထောက်ခံကြဖို့၊ ပါတီရဲ့သမ္မတလောင်းကို မဲပေးကြဖို့ ဟောပြောခဲ့ပါတယ်။ နောက်ပိုင်း သမ္မတကြီးအိုဘားမားဖြစ်လာတော့ သူမကို နိုင်ငံခြားရေးအတွင်းဝန် ခန့်အပ်တဲ့အခါမှာလည်း ဂုဏ်ယူစွာ လက်ခံရယူပြီး တာဝန်ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။
ကျနော် သဘောပေါက်မိတာက – သူတို့နိုင်ငံရေးဆိုတာ ဒီလိုပါလား ဆိုတာပါ။ ကိုယ့်ရဲ့ အယူဝါဒ သဘောတရားတခုအတွက် အခြေအတင်ဖြစ်ကြ ငြင်းခုံကြရတဲ့ အချိန်တွေရှိမယ်။ အဆုံးအဖြတ် ရလဒ်ထွက်လာတဲ့ အချိန်ရှိမယ်။ အဲသည်နောက် အများဆုံးဖြတ်ကြတဲ့၊ ကောင်းမယ်ထင်တဲ့လမ်းကို ရွေးကြရတဲ့အတိုင်း လိုက်ပါ ဆောင်ရွက်ထမ်းဆောင်ကြရတဲ့ အချိန်တွေ ရှိမယ်။ အဲသလို မြင်မိပါတယ်။ ရှေ့ကို ကိုယ့်ပါတီအသိုင်းအ၀ိုင်းနဲ့ ဆက်လျောက်ကြ၊ ချီတက်ကြရတာပါလားပေါ့။
ကိုယ့်အဖွဲ့အစည်းအတွင်းမှာ ကိုယ်တင်ပြတာတွေ အရေးနိမ့်တဲ့အခါရှိမယ်။ မှားတဲ့အခါ ရှိမယ်။ သို့သော် ကိုယ့်ထာဝရမိတ်ဆွေ ပါတီ၊ အသိုင်းအ၀ိုင်း၊ ပါတီဝင်၊ ထောက်ခံသူ လူထုနဲ့အတူ ကိုယ်က ဆက်လက်တွဲပြီး ချီတက်ကြရတာပါပဲ။ မိတ်ဆွေတွေနဲ့ သဘောထားမတိုက်ဆိုင်တိုင်း အချင်းချင်းကို ကျောခိုင်းပြီး ရန်သူဆီ ပြေးလို့ ဒူးထောက်ပြနေတာမျိုး မမြင်ချင်ပါဘူး။
စဉ်းစားတတ်မယ်ဆိုရင် သဘောပေါက်ကြမယ် ထင်ပါတယ်။