>Maung Ye – 2010 Election and New Pages for Burma’s Politics – Questions

>

၂၀၁၀ ရွေးကောက်ပွဲနဲ့ ဗမာ့နိုင်ငံရေး စာမျက်နှာသစ် (မေးခွန်းများ)
မောင်ရဲ
မတ် ၂၁၊ ၂၀၁၀
      နအဖက ရွေးကောက်ပွဲဆိုင်ရာဥပဒေတွေ ထုတ်ပြန်လာပြီးတဲ့နောက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့်တကွ ပြည်တွင်းနိုင်ငံရေးအင်အားစုများအကြား ပါတီမှတ်ပုံတင်ရေး မတင်ရေးကိစ္စက အခြေအတင်ဆွေးနွေးစရာတွေ ဖြစ်လာနေပါတယ်။  ရတဲ့အချိန်တို အတွင်းမှာ မှန်ကန်တဲ့ဆုံးဖြတတ်ချက်တွေချရပါတော့မယ်။

      အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွင်းမှာ အဖွဲ့ချုပ်ဥက္ကဋ္ဌနဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်အချို့၊ ဗဟိုအလုပ် ကော်မတီဝင်အချို့က ပါတီမှတ်ပုံတင်ရေးကို ဆန္ဒရှိကြတယ်၊ ထည့်သွင်း စဉ်းစားနေကြတယ်လို့ သတင်းများကြားသိနေရပြီး ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွှတ်မြောက်လာချိန်မှာ ပါတီတခုအဆင်သင့်ရှိနေစေဖို့ဆိုတဲ့ ဓါတ်ပြားဟောင်းကြီး ဖွင့်နေကြပြန်ပါပြီ။ 
      ဒေါ်အောင်ဆန်းစုကြည်ကို ဗမာပြည်သူအားလုံးက လူထုခေါင်းဆောင်အဖြစ် သက်မှတ်ထားပြီးသားပါ။  နဝတ-နအဖတင် မကပါဘူး ဗမာ့နိုင်ငံရေး ပြဿနာကို အမှန်တကယ်ဖြေရှင်းချင်သူများ အားလုံးက အလေးထား ဆွေးနွေး နေရာပေးရမယ့် ခေါင်းဆောင်ဆိုတာကို သိချပ်ဖို့လိုပါတယ်။  အတွေးချော် လမ်းမှားလို့မရတဲ့ ဒီလိုအချိန် အခါမှာ ပြည်တွင်းပြည်ပက ဒီမိုကရေစီလိုလားသူများအကြား စိုးရိမ်မှုတွေ တိုးလို့လာနေတာသာ တွေ့ရပါတယ်။ ဒါပေမယ့် ဘာဖြစ်လာရင်၊ ဘယ်လိုလုပ်ကြမယ်ဆိုတဲ့ ပြင်ဆင် သံတွေပျောက်နေတာတွေ့ရပါတယ်။
      အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သူ့ပါတီအရေးကိစ္စကို ဒီမိုကရေစီနည်းလမ်းတကျ လုပ်ကိုင်ဆောင်ရွက် သွားပါ့မယ် လို့ဆိုပါတယ်။  တကယ်လို့ အဖွဲ့ချုပ်ကို ပါတီမှတ်ပုံတင်ပြီး ၂၀၁၀ ရွေးကောက်ပွဲဝင်မယ်လို့ အဖွဲ့ချုပ် ဗဟိုဦးစီးအဖွဲ့သစ်က ဆုံးဖြတ်လိုက်တယ်ဆိုကြပါစို့ ကျနော်တို့ ပြည်တွင်းပြည်ပက ဒီမိုကရေစီလိုလားသူများက မဲပေးသူများ၊ ထောက်ခံ ပံပိုးပေးကြရသူများ ဖြစ်ကြတာနဲ့အညီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဒီဆုံးဖြတ်ချက် အပေါ်မှာ ဘယ်လိုသဘောထား တုံ့ပြန်ကြမှာလဲ။ 
      သေချာပေါက်နီးပါး ဖြစ်နိုင်တာကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သာ ၂၀၁၀ ရွေးကောက်ပွဲကို ဝင်ခဲ့ရင် ဒီမတရားတဲ့ ရွေးကောက်ပွဲဟာ နိုင်ငံတကာမိသားစုက အစဉ်တစိုက် တောင်းဆိုနေတဲ့ အားလုံးပါဝင်တဲ့ အများလက်ခံနိုင်တဲ့ ရွေးကောက်ပွဲတခု အလွယ်တကူဖြစ်သွားနိုင်တာပါ။  ဒီကတဆင့် ဖြစ်ပေါ်လာတဲ့ တရားဝင်မှုအပေါ် မေးခွန်း ထုတ်ရန်ခက်မယ့် ဒီမိုကရေစီမကျတဲ့အစိုးရတရပ်အပေါ် ဘယ်လို ဆန့်ကျင်သွားကြမလဲ။  အလေးအနက် စဉ်းစားကြ ဖို့လိုပါတယ်။
      အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သာ ၂၀၁၀ ရွေးကောက်ပွဲကိုဝင်ခဲ့ရင် ကျနော်တို့အားလုံးလည်း မလွှဲမရှောင်သာဘဲ ဒီလမ်းကြောင်းကို လိုက်လျှောက်ရတဲ့ဖြစ် ရောက်လာပါတော့မယ်။   ဒီလိုသဘောထားကို ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ အတွင်းရေးမှုး ဦးအေးသာအောင်ကလည်း သဘောထားထုတ်ပြန်ထားပြီးသားဖြစ်ပါတယ်။ 
      ကုန်ခဲ့တဲ့အနှစ် နှစ်ဆယ်ကလိုပဲ ဒီမိုကရေစီတိုက်ပွဲရဲ့ ဦးဆောင်အလံကိုင်ပါတီ၊ ဒီမိုကရေစီလိုလားတဲ့ ဗမာပြည်သူပြည်သားများကို ကိုယ်စားပြုတဲ့သင်္ကေတ အဖြစ်ဆက်လက် လက်ခံထားနိုင်ပါသေးရဲ့လား။  အဖွဲ့ချုပ်လိုပဲ ရွေးကောက်ပွဲကိုဝင်ကြမယ့် အခြားပါတီတွေ၊ တသီးပုဂ္ဂလတွေ အပေါ်မှာရော ဘယ်လို သဘောထားကြမှာလဲ။  ဘယ် အဖွဲ့ကို ဒီမိုကရေစီတိုက်ပွဲရဲ့ ဦးဆောင်ပါတီအဖြစ်ရွေးချယ်ပြီး ပြည်သူလူထုက ထောက်ခံလာအောင် ဝိုင်းဝန်း ပံပိုးပေး ကြမှာလဲ။
      ၁၉၉၀ ရွေးကောက်ပွဲတုန်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဒီမိုကရေစီတိုက်ပွဲရဲ့ ဦးဆောင်အလံကိုင်ပါတီအဖြစ် ရွေးချယ်ပြီး အဖွဲ့ချုပ်လူငယ်၊ ကျောင်းသားသမဂ္ဂများနှင့် လူ့ဘောင်သစ်ပါတီဝင်များရဲ့ သုံးချောင်းထောက် လူငယ်လှုပ်ရှားမှု့များနဲ့ မဲမကွဲရေး ဆောင်ရွက်ခဲ့ကြတယ်။  ဒီလှုပ်ရှားမှုက အတိုင်းအတာတခု အထိတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးအပေါ် အထောက်အကူ ဖြစ်စေခဲ့ပါတယ်။ 
ဒီတခါကော အဖွဲ့ချုပ်ကိုပဲ ရွေးချယ်ကြမှာလား။  ဒေါ်အောင်ဆန်းစုကြည် ပါဝင်ဦးဆောင်ခြင်းမရှိတဲ့ အဖွဲ့ချုပ်နဲ့ ဘယ်အတိုင်းအတာအထိ လက်တွဲလို့ရမလဲ။
      ပြီးခဲ့တဲ့ အနှစ် နှစ်ဆယ်ကိုပြန်လည် ဝေဘန်ဆန်းစစ်ပြီး ရှေ့လျှောက်ရမယ့်လမ်းမှာ လမ်းပိတ် ထိုင်မယ့်သူ၊ ပွဲလန်းတုန်း ဖျာဝင်ခင်းဖို့ ကြံနေကြတဲ့သူတွေကိုမရွေးပဲ၊ ပြည်သူကိုအမှန်တကယ် မျက်နှာပြုမယ့်သူတွေဖြစ်ပါမှ နှောင်မှာပေါ် ပေါက်လာမယ့် လွှတ်တော်တွင်း၊ လွှတ်တော်ပြင်ပတိုက်ပွဲတွေကို ဦးဆောင်နိုင်ကြမှာပါ။  ဒီတိုက်ပွဲက ရေရှည်တိုက်ပွဲပါ။  ပြည်သူအပေါ်သစ္စာမရှိတဲ့သူတွေဟာ စစ်အုပ်စုက ဝယ်တဲ့နောက် အလွယ်တကူပါသွားမှာပါ
      ၁၉၉၀ ရွေးကောက်ပွဲမှာ ပါတီတခုကိုတည်းကို မဲပေးခဲ့တဲ့အတွက် နဝတ-နအဖရဲ့ ခွဲခြားဖမ်းဆီးမှု့များရဲ့ အောက်မှာ ဗမာပြည်သူလူထုအတွက် အကျိုးမဖြစ်စေခဲ့တာ၊ ဒီမိုကရေစီတိုက်ပွဲ အနှစ် နှစ်ဆယ်ကျော် ကြာခဲ့ရတာက သက်သေပါ။  ရွေးကောက်ပွဲလမ်းကြောင်းကို လိုက်လျှောက်ရတော့မယ်ဆိုခဲ့ရင် ပါတီကိုရွေးတာထက် လူကိုအဓိက ရွေးတဲ့ ရွေးကောက်ပွဲဖြစ်သင့်သလား၊ မဲမကွဲအောင် ပါတီတခုတည်းကိုပဲ ပေးသင့်သလား မသေချာပေမယ့်၊  သေချာတာတခုကတော့ ဗမာလူမျိုးဟာ အမှားတခုကို နှစ်ခါမှားမိမှာ သေမတတ် ကြောက်တတ်တာပါ။
      တကယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပါတီမှတ်ပုံမတင်ဘူးဆိုပါစို့ နအဖက အဖွဲ့ချုပ်ကို ဖျက်ဖို့ ကျိုးစားမှာ၊ ခေါင်းဆောင်အများစုကို ဖမ်းဆီးထောင်ချမှာ မြေကြီးလက်ခတ် မလွှဲပါဘူး။  ဒါပေမယ့် အရင်တုန်းကလိုပဲ အကုန်မဖမ်းဘဲ လိုအပ်သလောက်ပဲ ဖမ်းပြီး နအဖကြိုးဆွဲရာကမယ့် ရုပ်သေး-အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပါတီ မှတ်ပုံတင်ခိုင်းပြီး ရွေးကောက်ပွဲဝင်ခိုင်းတာမျိုးလည်း ဖြစ်လာနိုင်ပါတယ်။  ဒီလိုအခြေအနေတွေဖြစ်လာရင် ဒီမိုကရေစီ လိုလားတဲ့ ဗမာပြည်သူပြည်သားများက ဘာလုပ်ကြမလဲ။  ကိုယ်နီးစပ်ရာအစုအဖွဲ့များနဲ့ အရေးတကြီး တိုင်ပင်ဆွေး နွေးကြဖို့ လိုနေပါပြီ။ 
      ကိုယ့်အချင်းချင်းကြား အမြင်ခြင်းဖလှယ် တိုင်ပင်ဆွေးနွေးပြီး ဆရာဦးဝင်းတင် ပြောသလို “မကြောက်တရား လက်နက်၊ သွေးစည်းညီညွတ်ရေးလက်နက်၊ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ရည်မှန်းပန်းတိုင် တခုတည်း ချမှတ် ရှေးရှု ရင်ဆိုင် ချီတက်ရေး လက်နက်” ဆိုတဲ့ လက်နက်သုံးရပ်ကို ကိုင်ဆွဲပြီး ဘယ်သူအလံလှဲလှဲ ကိုယ်မလှဲဘဲ စုပေါင်းတိုက်ပွဲဝင်သွားကြဖို့ အရေးကြီးပါတယ်။ 
အဖွဲ့ချုပ်ရဲ့ ဒီမိုကရေစီစံနှုန်းများက ပြည်သူ့ဆန္ဒနဲ့ အမှန်တကယ် ကိုက်ညီခြင်းရှိမရှိ ဆိုတာကတော့ မဝေးတော့တဲ့ ကာလမှာ အထင်အရှား မြင်ကြရတော့မှာပါ။    ။