>MoeMaKa and its Friends pay respect to Mar Mar Aye as senior Burmese artist

>

မိုးမခမီဒီယာနှင့် မိတ်ဆွေများ၏ သက်ကြီးစာပေပညာရှင် ဒေါ်မာမာအေးကို ဖို့ဝိန်းတွင် ဂါရ၀ပြု
မိုးမခအထောက်တော်၊ ဖို့ဝိန်း
မတ် ၆၊ ၂၀၁၀
အမေရိကန်နိုင်ငံ အင်ဒီယာနာပြည်နယ် ဖော့ဝိန်းမြို့မှာ မိုးမခမီဒီယာရဲ့ သက်ကြီး ဂီတအနုပညာရှင်၊ အနုပညာသုတေသီ၊ စာပေပညာရှင် ဒေါ်မာမာအေးကို ဂါရဝပြုတဲ့ပွဲမှာ မတ်လ ၆ ရက်၊ နေ့လည် ၂ နာရီအချိန်က ဒေါ်မာမာအေးရဲ့နေအိမ်မှာ ကျင်းပခဲ့ပြီး ညနေ၄နာရီအချိန်ခန့်မှာ အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါတယ်။

 ဂါရဝပြုပွဲအခမ်းအနားကို မြို့ခံ မိတ်ဆွေတွေအပါအဝင် စာပေချစ်သူ စုစုပေါင်း ၂၅ ယောက်ခန့်က စုဝေးဂါရဝပြုခဲ့ကြပါတယ်။ ပထမဦးဆုံးအနေဖြင့် စာပေချစ်သူတွေက ဒေါ်မာမာအေးကိုကန်တော့ကြပါတယ်။ အဲဒီနောက်မှာ စာရေးဆရာမဒေါ်ညိုယဉ်က ဒေါ်မာမာအေးအတွက် ဂုဏ်ပြုစကားပြောကြားခဲ့ပါတယ်။ အလားတူပဲ စာရေးဆရာဦးကျော်လင်းနိုင်၊ ဂီတပညာရှင်ဦးမြစိန်နဲ့ ပန်းချီယမဓောအောင်စိန်တို့ကလည်း ဒေါ်မာမာအေးအတွက် ဂုဏ်ပြုစကားတွေကို အသီးသီးပြောကြားခဲ့ကြပါတယ်။
ဒီနောက်မှာတော့ မိုးမခမီဒီယာရဲ့ ချက်လက်မှတ် ဒေါ်လာ ၅၅၀ကို စာရေးဆရာကျော်လင်းနိုင်မှ မိုးမခရဲ့ကိုယ်စား ဒေါ်မာမာအေးထံသို့ လွှဲအပ်ဂါရဝပြုပေးခဲ့ပြီး၊ ဓာတ်ပုံဆရာခင်မောင်လေးက မိုးမခအမှတ်တရဂုဏ်ပြု ဓာတ်ပုံပန်းကန်ပြားကို လွှဲအပ်ဂါရဝပြုခဲ့ပါတယ်။
အဲဒီနောက်မှာတော့ ဒေါ်မာမာအေးမှ ဂီတအနုပညာစာပေနဲ့ပတ်သက်တဲ့ အမှတ်တရ စကား ပြောကြားပေးခဲ့ပါတယ်။ နောက်ဆုံးအနေနဲ့ ကဗျာဆရာအောင်ဝေးမှ မိုးမခကိုယ်စား ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး အခမ်းအနားကို အကျွေးအမွေးဖြင့် အောင်မြင်စွာရုပ်သိမ်းလိုက်ပါတယ်။
အကျွေးအမွေးများကို မေတ္တာဖြင့် စီစဉ်ပေးကြတဲ့သူများဖြစ်တဲ့ ခေါက်ဆွဲကျော်အလှူရှင် – ကိုရာဇာ၊ ဒေါ်မြင့်မြင့်ဦး၊ ကော်ပြန့်လိပ်နဲ့ ဆမူဆာအလှူရှင် – မနှင်းမွန်နဲ့ သမီးတို့ မိသားစု၊ လဘက်ရည်အလှူရှင် ကိုအာယုတို့အားလုံးကို ကျေးဇူးတင် ၀မ်းမြောက်ပါကြောင်း။
၂၀၁၀ ခုနှစ် နှစ်ဆန်းမှာ ပြည်ပရောက် သက်ကြီးစာပေပညာရှင်များအဖြစ် မိုးမခမီဒီယာနှင့် မိတ်ဆွေများက အမှတ်တရဂါရ၀ပြုခဲ့ကြရာမှာ – နဗားဒါး – လာ့စ်ဗေးဂတ်စ်မှာ ဆရာမောင်သာရ၊ မေရီလင်းမှာ ဆရာဦးဝင်းဖေ၊ နယူးယောက်မှာ ဆရာမောင်စွမ်းရည်နဲ့ အင်ဒီယာနာ ဖို့ဝိန်းမှာ ဒေါ်မာမာအေးတို့ကို အသီးသီး ဂါရ၀ပြု ကန်တော့နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
(ဓာတ်ပုံ – ခင်မောင်လေး)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts