>Moe Sal Nay – Nothing Poem

>

လမ်းပေါ်က ဘာမှမဟုတ်တဲ့ ကဗျာ
မိုးစဲနေ
မတ် ၅၊ ၂၀၁၀

လက်ဖြောင့်သေနတ်သမားရဲ့
ကြယ်တွေကို ချိန်တွယ်ပစ်ခတ်မှုတိုင်းကို
(ရူးရူးမိုက်မိုက်ဗျာ)
အဲ့ဒီတုန်းက
တေလေလူငယ်လေး တယောက်က
လှောင်ပြောင် ရယ်မောခဲ့တာပါ။
ဘာမှမဟုတ်ပါဘူး။

ခင်ဗျားပြောတဲ့
လူကြီးလူကောင်းတွေက
ညစာကို တခမ်းတနားစားတယ်
ယဉ်ယဉ်ကျေးကျေး စကားဆိုတယ်
ကျောသပ်ပြီး ပြုံးတတ်တယ်
အကျိုးအမြတ်တခုတွက်
အရာရာ လုပ်ရဲတယ်
မေ့လွယ်ပျောက်လွယ် ရှိတယ်
ကျောကသားနဲ့ ရင်ကသား ခွဲချစ်တတ်တယ်။

ကျနော်က
အနှစ်သုံးဆယ်လောက်က
ဘ၀မှာ မဆိုဖြစ်လိုက်တဲ့
ခေတ်ဟောင်းသီချင်းတပုဒ်ကို
အခု ပြန်ဆိုချင်တယ်
“ကြိုက်တာရမယ် သူ့တန်ရာတန်ကြေး
ဘရာသာရေ … ဇေပါတယ် ငွေသာအရင် မစပါ” *
ဒါဏ်ရာအနာတရပေါ်တိုင်း မဆိုဖြစ်ခဲ့ပါဘူး။

ခင်ဗျားကိုလား
ခင်ဗျားကို ဘာမှပြန်ပြောစရာလဲ မရှိပါဘူး
ခင်ဗျားလဲ ခင်ဗျားတောနဲ့ ခင်ဗျားရာသီ
ကျနော်လဲ ကျနော့်တလင်းနဲ့ ကျနော်ကွင်းနဲ့
ကျနော်မြက်ခင်းနဲ့
ထိုးခန်းကြိတ်ခန်းတွေပါတဲ့ရုပ်ရှင် ကျနော်လဲ မကြိုက်ပါဘူး
ခင်ဗျားကြိုက်တဲ့ ရာသီစာအပြုံးလှလှတွေလဲ မပြုံးတတ်ပါဘူး
ဒါနဲ့များ …
တနွေစာ အလွမ်းတွေ ခူးလာခဲ့သေးတယ် ခင်ဗျားပြောသေးတယ်။

ကဲ..
သွေးရိုးသားရိုးပဲ
ကျနော်တို့ ဝေးကြရအောင်။

ခင်ဗျားကို ကျနော်ပြောသားပဲ
အဲ့ဒီတုန်းက
တေလေလူငယ်လေးတယောက် ရယ်မောခဲ့တာပါ
ဘာမှ မဟုတ်ပါဘူးလို့။

* ဆရာစိုင်းခမ်းလိတ် ပလက်ဖေါင်းမင်းသား မှ စာသား