>Bloombox – next invention – from oxygen to electricity

>

ဘလွန်းဘောက်စ် – တီထွင်မှုအသစ် – အောက်စီဂျင်မှ လျှပ်စစ်ထုတ်မည်
မိုးမခအထောက်တော် ၀၀၃
ဖေဖော်ဝါရီ ၂၄၊ ၂၀၁၀
ယမန်နေ့က စီဘီအက်စ် မိနစ် ၆၀ သတင်းရုပ်သံက အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယား၊ ဆီလီကွန်တောင်ကြား (ဆန်ဟိုဇေးအရပ်) ဘလွန်းနည်းပညာကုမ္ပဏီက သေတ္တာပုံးထဲကလျှပ်စစ်ဓာတ် ထုတ်နိုင်ပြီဟု ထုတ်ဖော်လိုက်သည်။
ဘလွန်းဘောက်စ် (BloomBox) အမည်နှင့် လျှပ်စစ်ထုတ်ပေးသည့်သေတ္တာပုံးအတွင်းမှာ သတ္တုပြားများကို ဘက္ထရီဆဲလ်ပြားများသဖွယ် စီထားပြီး စွမ်းအင်အဖြစ် တဖက်က သဘာဝဓာတ်ငွေ့ (သို့မဟုတ်) လောင်စာငွေ့၊ တဖက်က အောက်စီဂျင်ကို ထည့်သွင်းပေးခြင်း ဖြစ်သည်။ ထို ဓာတုဗေဒ ဓာတ်ပြုမှုက အိမ်သုံး၊ ရုံးသုံး၊ လုပ်ငန်းသုံးနိုင်သည့် လျှပ်စစ်စွမ်းအင်ကို ထုတ်ပေးနိုင်သည်ကို တွေ့ရသည်။
ထိုနည်းပညာကို တီထွင်သူမှာ နာဆာ (အမေရိကန်အစိုးရ၏ အာကာသသုတေသနဌာန) က ဒုံးပျံသိပ္ပံပညာရှင်၊ အိန္ဒိယလူမျိုး အင်ဂျင်နီယာ K.R. Sridhar  ဆရီဒါ ဖြစ်သည်။ ၎င်းကို ကျေထောက်နောက်ခံပေးသူမှာ စွန့်ဦးတီထွင်မှုများကို ရင်းနှီးမြှပ်နှံသူ လုပ်ငန်းရှင်၊ အရင်းရှင်ကြီးအဖြစ် အမည်ကျော်ကြားသူ John Doerr  ဂျွန် ဒိုးအာရ် ဖြစ်သည်။ ၎င်းသည် နောင်တွင် ထင်ရှားလာမည့် အမေဇုံ၊ နက်စကိတ် နှင့် ဂူးဂဲ နည်းပညာလုပ်ငန်းများကို ငွေကြေးမြုပ်နှံခဲ့သူ ဖြစ်သည်။ ၂၀၀၁ တွင် ဆရီဒါနှင့် တွေ့ဆုံပြီး အောင်မြင်ရန် မသေချာသည့် စွန့်ဦးတီထွင်မှုကို ဒေါ်လာ သန်း ရာနှင့်ချီပြီး မြှပ်နှံရန် ဂျွန်က သဘောတူညီခဲ့သည်ဟု ဆိုသည်။
ယခုအချိန်တွင် စွမ်းအင်နည်းပညာ အရေးပါလာချိန်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းသော စွမ်းအင်ထုတ်လုပ်မှုတို့ ရှေ့တန်းရောက်လာချိန်တွင် အဆိုပါ ဘလွန်းဘောက်စ် ဆိုသည့် လျှပ်စစ်ထုတ်လုပ်သည့် သေတ္တာမှာ အားလုံး၏ အာရုံကို ဖမ်းစားလိုက်သကဲ့သို့ ဖြစ်နေသည်။ ယခင်က ထိုပညာရှင် ဆရီဒါက နာဆာအတွက် အင်္ဂါဂြိုဟ်တွင် လူနေထိုင်နိုင်ရန် အောက်စီဂျင်ထုတ်ပေးမည့် ကိရိယာကို တီထွင်ပေးမည်ဟု ဆိုခဲ့ဘူးသော်လည်း အစိုးရက အင်္ဂါဂြိုဟ်စီမံကိန်းကို ရပ်ဆိုင်းခဲ့သဖြင့် အောက်စီဂျင်ကိရိယာကို မထုတ်လုပ်နိုင်ခဲ့ဟု သိရသည်။
ယခုအချိန်တွင် စီးပွားရေးလုပ်ငန်းများတွင် တင်ဆင်ရန် အနည်းဆုံးစွမ်းအင်ထုတ် ဘလွန်းဘောက်စ်သေတ္တာတလုံးမှာ ဒေါ်လာ ၇ သိန်းမှ ၈ သိန်း ရှိသော်လည်း နောင်တွင် မိသားစုတစုစာ နေအိမ်တခုအတွက် ဒေါ်လာ ၃ ထောင်နှင့် ထုတ်လုပ်နိုင်မည်ဟု မျှော်လင့်သည်ဟု ဆိုသည်။ ယခုလောလောဆယ်တွင် ဂူးဂဲ၊ အီးဘေး၊ ဝေါလ်မတ်တ် နှင့် ဖက်ဒ်အိတ်စ် လုပ်ငန်းများ၏ အစိတ်အပိုင်းတချို့တွင် တပ်ဆင်သုံးစွဲလျက်ရှိပြီး မီတာဘိုး လစဉ်ဒေါ်လာ သိန်းချီပြီး သက်သာသည်ဟု ဆိုသည်။ နေရောင်ခြည်ကိုလည်း စွမ်းအင်လက်ခံအဖြစ် သုံးနိုင်သည်ဟု ဆိုသည်။
ကမ္ဘာပေါ်တွင် လျှပ်စစ်မီးမရှိသူ လူဦးရေ ၁ ဘီလျံကျော်အတွက် ထိုဘလွန်းဘောက်စ်မှာ လွန်စွာသော အရေးပါမှုတခု ဖြစ်လာနိုင်ပြီး၊ တည်ဆောက်ရန်၊ လည်ပတ်ရန် အလွန်သက်သာသည့် စာရိတ်ဖြစ်သည်ဟု အချို့က ခန့်မှန်းသည်။ အချို့ နည်းပညာကျွမ်းကျင်သူများကမူ ထိုတီထွင်မှုကို အကောင်းမြင်ရန် အချိန်စောသေးသည်ဟု သုံးသပ်ကြသည်။ ဒီနေရာမှာ ကြည့်နိုင်သည် – http://www.cbsnews.com/stories/2010/02/18/60minutes/main6221135.shtml?tag=contentMain;contentBody

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts